အက်တမ်တို့၏သမိုင်း



တစ်စုံတစ်ယောက်က matter တွေကို atom တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောလာရင် ဒီအတိုင်းပြီးစလွယ် လက်ခံလိုက်ကြမှာလား။ ဒါမှမဟုတ် ဆက်လက်ရှာဖွေဦးမှာလား။ 

သိပ္ပံနယ်ပယ်မှာ Atom နဲ့ ပတ်သက်ပြီး အဆိုပြုခဲ့တာတွေ၊ အတွေးအခေါ်တွေနဲ့ အယူအဆတွေဟာ သိပ္ပံပညာရှင်တွေအတွက် စိန်ခေါ်မှုတွေဖြစ်ခဲ့ပါတယ်။ ဘယ်လိုစိန်ခေါ်မှုမျိုးတွေက သမိုင်းမှာ ဖြစ်ခဲ့တာလဲ။ Atom ဆိုတဲ့ ဝေါဟာရလေးတစ်ခုကို ဖြေရှင်းချက်ပေးနိုင်ဖို့အတွက် ပညာရှင်တွေ ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ကြသလဲ။ 

သိပ္ပံပညာရှင်တွေဟာ ဒီမမြင်ရတဲ့၊ သေးငယ်လွန်းလှတဲ့ atom ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။ ဘာလို့ အရာ၀တ္ထုတွေကို atom တွေနဲ့ ဖွဲ့စည်းထားတယ်လို့ တစ်ထစ်ချပြောနိုင်ရတာလဲ ဆိုတာလေးတွေကို လေ့လာဆွေးနွေးကြရအောင်။

ဆိုတော့ ရှေးဂရိခေတ်ကို ပြန်သွားပါမယ်။ ၄၆၀ ဘီစီ (BC) ကနေ ၃၇၀ ဘီစီ အကြားမှာ ပေါ်ထွန်းခဲ့တဲ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး Democritus ဆီကိုပေါ့။ 

Democritus, the Philosopher 

Matter တစ်ခု၊ ဥပမာ - ပန်းသီးတစ်လုံးကို ထက်၀က်ခြမ်းမယ်။ ဒီထက်၀က်တစ်ခြမ်း ပန်းသီးကိုမှ နောက်ထပ် အပိုင်းစိတ်လေးတွေဖြစ်အောင် ထပ်ပြီး စိတ်ဖြတ်မယ်။ ဆက်ပြီး ဖြတ်လေလေ၊ ပန်းသီးစိတ်လေးတွေဟာလဲ သေးသထက်သေးလာမှာ ဖြစ်တယ်။ နောက်ဆုံးမှာတော့ ထပ်ပြီးခွဲစိတ်လို့မရတော့တဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်။ ဒါကို ကြည့်ပြီးတော့ ပညာရှင်ကြီး Democritus ဟာ အရာ၀တ္ထုတွေကို ထပ်မံခွဲစိတ်လို့မရတဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုခဲ့ပါတယ်။ သူက ဒီလိုအမှုန်တွေကို Atomos လို့ ခေါ်ဆိုခဲ့ပါတယ်။ Atomos ဆိုတာ Uncuttable - ထပ်မံခွဲစိတ်၍မရသောလို့ အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်မူပြုရင်တော့ Atom ပေါ့။ 

အတွေးအခေါ်ပညာရှင်ကြီး Democritus ရဲ့ Atomic Philosophy ကတော့ 
- atom တွေဟာ ထပ်မံခွဲစိတ်လို့ မရတော့တဲ့ အသေးငယ်ဆုံးသော အမှုန်တွေဖြစ်တယ်။
- atom တွေအားလုံးဟာ မာကျောတဲ့ အမှုန်တွေဖြစ်တယ်။
- atom တစ်ခုမှာ ဗလာနယ်ရှိနေပါတယ်။
- atom တွေကို ဖျက်ဆီးလို့မရဘူး။
- atom တွေဟာ အမြဲရွေ့လျားနေကြပြီး ဒြပ်၀တ္ထု ဖြစ်လာဖို့အတွက်ကို တစ်ခုနဲ့တစ်ခု ပေါင်းစည်းကြရပါတယ်။

ဒါပေမဲ့ အဲတုန်းက လူအများဟာ Democritus ရဲ့ atomic philosophy နဲ့ ပတ်သက်ပြီးတော့ လက်ခံခြင်းမရှိကြပါဘူး။ ဒီအဆိုဟာ လူအများလက်ခံလာနိုင်အောင် လက်တွေ့သက်သေပြနိုင်ခြင်းမရှိခဲ့တာကြောင့် သာမန်အယူအဆတစ်ရပ်အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

John Dalton ရဲ့ Atomic Theory

၁၈၀၃ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး ဓာတုဗေဒပညာရှင် John Dalton ဟာ Democritus ရဲ့ theory ကို အခြေပြုပြီးတော့ လိုက်လျောညီထွေမှုရှိတဲ့ Atomic Theory ကို အဆိုပြုခဲ့ပြန်ပါတယ်။

John Dalton ရဲ့ Atomic Theory က
- Matter တွေအားလုံးကို Atom လို့ခေါ်တဲ့ အလွန်သေးငယ်လှတဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်။ 
- Element တစ်ခုမှာ ပါ၀င်တဲ့ atom တွေဟာ mass နဲ့ property တွေ တူညီကြတယ်။ 
- Compound (ဒြပ်ပေါင်း) ဆိုတာ မတူညီတဲ့ atom အမျိုးအစား နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး ပေါင်းစည်းဖွဲ့စည်းထားတဲ့ အရာဖြစ်တယ်။ 
- Chemical Reaction ဆိုတာ atom တွေက အစီအစဥ်တကျပြန်လည်ပေါင်းစည်းတဲ့ဖြစ်စဥ် ဖြစ်တယ်။

J.J Thomson's Model

၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ်ရူပဗေဒပညာရှင် Sir Joseph John Thomson ဟာ electron ကို ရှာတွေ့ခဲ့ပါတယ်။ J.J. Thomson က electron ဟာ atom ထဲမှာ ပါ၀င်နေပြီး negative charge ရှိတဲ့ subatomic particle တစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူဟာ electron ကို တွေ့ရှိခဲ့တာကြောင့် Noble ဆု ချီးမြင့်ခံခဲ့ရပြီး electron ဟာလဲ ပထမဆုံးတွေ့ရှိခံရတဲ့ subatomic particle တစ်ခုဖြစ်ခဲ့ပါတယ်။ 
J.J. Thomson ရဲ့ atom model ကတော့ atom ဆိုတာ positive charge ရှိတဲ့ ထုစက်၀န်းလုံးတစ်ခုဖြစ်ပြီး သူ့ထဲမှာ electron တွေ မြုပ်နေပါတယ်တဲ့။ 

 Rutherford's Model 

နယူးဇီလန်လူမျိုး ရူပဗေဒပညာရှင် Ernest Rutherford ဟာ atom ရဲ့ တည်ရှိမှုပုံစံကို ထပ်မံအဆိုပြုခဲ့ပါတယ်။ Rutherford's Model ကတော့ atom တစ်လုံးမှာ positive charge တွေဟာ အလယ်မှာ စုနေပြီး negative charge တွေကတော့ ဘေးမှာ ပြန့်ကျဲနေတယ် ဆိုတာပါပဲ။ Rutherford က atom ရဲ့ အလယ်မှာ စုနေတဲ့ positive charge အစုအဝေးလေးကို "Nucleus" လို့ အမည်ပေးခဲ့ပါတယ်။ Ernest Rutherford ဟာ nucleus ကို စတင်တွေ့ရှိခဲ့သူလို့ ပြောရင်လဲ မမှားပါဘူး။ 

 Bohr's Model 

၁၉၁၃ ခုနှစ်မှာ ဒိန်းမတ်လူမျိုး ရူပဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Niels Bohr က atom ရဲ့ ပုံစံအသစ်ကို တင်ပြခဲ့ပါတယ်။ Bohr's Model ကတော့ atom တစ်လုံးမှာ ပါဝင်တဲ့ electron တွေဟာ nucleus ကို တ၀ဲလည်လည် လှည့်ပတ်နေမယ်။ Nucleus ထဲက positive charge ဆောင်တဲ့ proton ဟာ negative charge ရှိတဲ့ electron ကို Electric Force နဲ့ ဆွဲငင်ထားနိုင်တာကြောင့် electron ကို nucleus အနီးမှာ လှည့်ပတ်နေစေမယ်။ Electron တွေဟာ သူ့ပတ်လမ်းကြောင်းပေါ်မှာ လှည့်ပတ်နေနိုင်သလို တခြားပတ်လမ်းပေါ်ကိုလဲ ကူးပြောင်းနိုင်တယ်။ Nucleus ဟာ တည်ငြိမ်နေသရွေ့ atom တစ်ခုဟာ ရေဒီယိုသတ္တိကြွခြင်း (Radiation) မဖြစ်ပေါ်ပါဘူး။ဒါကြောင့် atom တစ်ခုရဲ့ စုစုပေါင်း energy ဟာ constant ဖြစ်ပါတယ်တဲ့။

Schrödinger's Model 

ဒီ Model ကိုတော့ "Electron Cloud Model" လို့လဲ ခေါ်ဆိုကြပါတယ် ။ Schrödinger Cat လို့ လူသိများကြတဲ့ Quantum စမ်းသပ်ချက်ကို ပြုလုပ်ခဲ့သူ သြစတြေးလျလူမျိုး နိုဘယ်ဆုရှင် Erwin Schrödinger က ၁၉၂၆ ခုနှစ်မှာ တင်ဆက်ပေးခဲ့တဲ့ Atom ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဒီ model မှာတော့ electron တွေဟာ nucleus အနီးနားမှာ သူတို့ရဲ့ ပတ်လမ်းလမ်းကြောင်းအတိုင်း လည်ပတ်နေတာမဟုတ်ဘဲ လှိုင်းပုံစံတစ်မျိုးအနေနဲ့ လည်ပတ်နေတယ်လို့ ဆိုခဲ့ပါတယ်။ အဲ့တညကို Cloud ပုံစံအတိုင်း လှည့်ပတ်နေတယ်လို့ ဆိုကြပါတယ်။ 

Atom အပေါ် အဆိုပြုချက်တွေ ထွက်ဆိုတာတွေဟာ Schrödinger မှာတင် ရပ်တန့်သွားခဲ့တာမဟုတ်ပါဘူး။ Ernest Rutherford ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ အင်္ဂလိပ်ရူပဗေဒပညာရှင် James Chadwick ဟာ ၁၉၃၂ ခုနစ်မှာ atomအတွင်း neutron တွေရဲ့ တည်ရှိမှုကို စတင်ရှာတွေ့ခဲ့ပြန်ပါတယ်။ 

ရူပဗေဒပညာရှင်တွေဟာ အဲ့တာတွေနဲ့တင် ရပ်တန့်ခြင်းမပြုဘဲ atom ကို quark လေးတွေအဖြစ်နဲ့ ထပ်မံခွဲစိတ်ပြီး နောက်ထပ် မသိခြင်းများစွာကိုလဲ ထပ်မံရှာဖွေနေကြလျက်ရှိနေပါတယ်။ ပညာရှင်တွေဟာ ရှာဖွေမှုတွေကို မရပ်တန့်သရွေ့ ရူပဗေဒပညာရပ်ကြီးဟာလဲ ရှာဖွေလေ၊ တွေ့ရှိလေဖြစ်နေဦးမှာ ဖြစ်ပါတယ်။ 

References - The History of the Atom – Theories and Models
- atomic model

Written by - Aye Chan Oo 
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Science #Article #General_science #Atom #Physics

Post a Comment

Previous Post Next Post

Contact Form