ငလျင် ဘာကြောင့်လှုပ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရှိကြပါတယ်။ တချို့က ဘာမှမဖြစ်နိုင်ပေမဲ့ တချို့ကတော့ အိုးအိမ်ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ တချို့က ခန့်မှန်းလို့ရနိုင်သလို တချို့ကလဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ခန့်မှန်းဖို့ခက်ပြီး အိုးအိမ်ပျက်စီးမှုတွေထိ ဖြစ်စေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာမှ ကြောက်ဖို့အကောင်းဆုံးကတော့ ငလျင်ပါ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲ ငလျင်တွေလှုပ်လေ့ရှိပြီး နောက်ဆုံးအနေနဲ့ လှုပ်ခဲ့တာကတော့ ပြီးခဲ့တဲ့နေ့ တုန်းက ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ပမာဏ ၄.၈ ရှိတဲ့ငလျင်ပါ။
ဒီတော့ ငလျင်တွေ ဘာကြောင့်လှုပ်သလဲ။ ဒီမေးခွန်းဟာ လူ့သမိုင်းတစ်လျှောက် အမေးအများဆုံး မေးခွန်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာသာရေးစာပေတွေထဲမှာတော့ ငလျင်ဟာ ကမ္ဘာကို ထမ်းထားတဲ့ ဘီလူးကြီးရဲ့ ထမ်းထားတဲ့ ပခုံးတစ်ဖက်ကနေ တစ်ဖက်ပြောင်းလိုက်လို့ဆိုပြီး အဆိုရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့က အချက်လက်မှန် ပြန့်ပွားစေရေး ဆောင်ရွက်တာနဲ့အညီ ငလျင်တွေကို သိပ္ပံနည်းကျ၊ ယုတ္တိကျကျ ဆန်းစစ်သွားပါမယ်။
ကမ္ဘာကို အဓိက အလွှာကြီးသုံးလွှာပိုင်းခြားနိုင်ပါတယ်။ အတွင်းဘက်အကျဆုံးအလွှာကတော့ အူတိုင်ကြီးဖြစ်ပြီး အများစုကတော့ အိုင်းရွန်းနဲ့ နီကယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒုတိယအလွှာကတော့ ကျောက်ရည်ပူအလွှာပဲ ဖြစ်ပါတယ်။ ဒီကျောက်ရည်ပူတွေရဲ့ အပေါ်မှာတော့ ကျောက်လွှာကြီးတွေက မျောပါနေကြပါတယ်။ မျောနေတဲ့ကျောက်လွှာကြီးတွေကိုတော့ Tectonic Plate တွေလို့ ခေါ်ပါတယ်။ ဒီ Tectonic Plate တွေဟာ အမြဲတစေရွေ့လျားနေပြီး တစ်ခါတစ်ရံမှာ တစ်ခုနဲ့ တစ်ခု တိုက်မိလေ့ရှိပါတယ်။ ဒီလိုတိုက်မိတဲ့အခါမှာ Shock wave တွေ ထွက်လာလေ့ရှိပါတယ်။ Shock wave ဆိုတာကို ထပ်ရှင်းရရင် အစိုင်အခဲနှစ်ခုတိုက်မိတဲ့အခါ တိုက်မိမှုအကျိုးဆက်အဖြစ် မတိုက်မိခင်က အရွေ့စွမ်းအင်ကို လှိုင်းသဘောအဖြစ် စွန့်ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပညာရှင်တွေကတော့ Tectonic Plate တွေ တိုက်မိမှုကနေ ထွက်လာတဲ့ Shock Wave တွေကို Seismic Wave တွေရယ်လို့ ခေါ်ကြပါတယ်။
Seismic Wave တွေဟာ တစ်ခါတစ်ရံမှာ ကမ္ဘ့ာမျက်နှာပြင်ထိရောက်ရှိလာနိုင်ပြီး မြေမျက်နှာပြင်ကို တုန်ခါမှုတွေကိုလဲ ဖြစ်စေပါတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ စက္ကူစထဲမှာ သဲမှုန်လေးတွေထည့်ထားပြီး အောက်ကနေ စကားပြောလိုက်တာနဲ့ တူပါတယ်။ စကားပြောရာကနေ ထွက်လာတဲ့အသံလှိုင်းတွေဟာ စက္ကူစကို ရောက်ရှိတဲ့အခါမှာစက္ကူစက တုန်ခါသွားပြီး အပေါ်က သဲတွေကို လှုပ်ခတ်စေပါတယ်။ ငလျင်ကလဲ ဒီသဘောနဲ့ ဆင်တူပါတယ်။ မတူတာကတော့ ငလျင်လှုပ်ရင် လူသားတွေဟာ စက္ကူစပေါ်က သဲမှုန်တွေလို လှုပ်ရုံလှုပ်မှာမဟုတ်ဘဲ လုံးဝပျက်စီးသွားတော့မှာပါ။
ငလျင်တွေ ခန့်မှန်းဖို့ကတော့ လက်ရှိမှာ နည်းပညာမရှိသေးပါဘူး။ ဇလဗေဒပညာရှင်တွေကတော့ ငလျင်လှိုင်း (Seismic Wave) အာရုံခံစက်တွေကို မြေအောက်အနက်တွေမှာ မြှုပ်ထားလေ့ရှိပြီး ရှေ့ပြေးငလျင်လှိုင်းသေးတွေကို အာရုံခံလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းက နောက်လာမဲ့ ငလျင်ကြီးတွေကို မလှုပ်ခင် မိနစ်ပိုင်းအလိုမှာ သိရှိနိုင်ပါတယ်။
ငလျင်ဆိုတာ ခန့်မှန်းမရတဲ့ အန္တရာယ်မို့ လှုပ်နေစဉ်အတွင်း ပြုမူသင့်တာတွေကို သိထားရင် ပိုကောင်းပါတယ်။ အကယ်၍ ကိုယ်က ငလျင်လှုပ်နေစဉ်အတွင်း လမ်းလျှောက်နေတာမျိုးဆို ချက်ချင်းရပ်နေသင့်ပါတယ်။ မဟုတ်ရင် ငလျင်အပြီးမှာ ရီဝေဝေဖြစ်ခြင်းလို ပြဿနာတွေရှိလာနိုင်ပါတယ်။ (စာရေးသူအတွေ့အကြုံ)။ ဒုတိယအချက်အနေနဲ့ကတော့ ကိုယ်က ပြိုကျနိုင်တဲ့ မျက်နှာကြက်တွေ၊ မခိုင်ခံ့တဲ့ စင်တွေ၊ ပြုတ်ကျနိုင်တဲ့ ဗီရိုတွေအနားရောက်နေရင် စားပွဲလို အပေါ်က ကျလာနိုင်တဲ့ အရာတွေကို ကာကွယ်ပေးနိုင်မဲ့ နေရာတွေအောက်ကို ဝင်ဝပ်သင့်ပါတယ်။ အထပ်မြင့်အဆောက်အအုံတွေပေါ်မှာ ရှိနေခဲ့ရင်လဲ ချက်ချင်းအပြင်ကို ရောက်ဖို့ ဆောင်ရွက်သင့်ပါတယ်။ အကယ်၍ ကိုယ်က ကွင်းပြင်ကျယ်တွေထဲ ရောက်နေရင်လဲ သစ်ပင်တွေနား မနေသင့်ပါဘူး။
ငလျင်အပြီး ပြန်လည်ထူထောင်စမှာ ငလျင်လှုပ်ထားတဲ့ နေရာတွေဟာ မြေပြိုမှုအလွယ်တကူဖြစ်နိုင်လို့ သေချာလေ့ကျင့်ထားမှုမရှိဘဲ လူမှုကူညီရေးအသင်းတွေနဲ့အတူ လိုက်သွားတာမျိုးမလုပ်သင့်ပါဘူး။ ငလျင်လှုပ်ခံရတဲ့ ဒေသတွေဟာ သွားလာရခက်ခဲသွားတတ်လို့ ကုန်စည်တွေ ပြတ်လပ်သွားလေ့ရှိပါတယ်။ ဒီလို ကုန်စည်ပြတ်လပ်မှုဟာ ဝယ်လိုအားတွေကို မြင့်တက်သွားစေတတ်လို့ ကုန်ဈေးနှုန်းမြင့်မားလာတတ်ပါတယ်။ ဒီလို ဖြစ်လာရင် အစားအစာမဝယ်နိုင်မှုတွေ ဖြစ်လာတတ်ပြီး အစားရေစာပြတ်လပ်သွားတတ်လို့ ငလျင်ဒေသက လူတွေကို ကူညီချင်ရင် ငလျင်လှုပ်ခံရတဲ့ဒေသတွေကို သွားရောက်မဲ့ လူမှုကူညီရေးအသင်းတွေနဲ့အတူ အစာခြောက်တွေ ထည့်လှူပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်မှာပါဗျာ။
မြန်မာနိုင်ငံသားအားလုံး သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။
Written by - Aung Bhone Myint Htoo
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Science #Article #General_science #Earthquake
Aung Bhone Myint Htoo:
References -
Google - Android Earthquake Alerts System
Wikipedia - Earthquake
https://en.m.wikipedia.org/wiki/Earthquake