ကွမ်တမ်ရူပဗေဒဆိုတာ ဘာလဲ။ (ကွမ်တမ်ရူပဗေဒသို့ ချဉ်းကပ်ခြင်း အပိုင်း - ၁)



ကျွန်တော်တို့အားလုံးနီးပါး ကွမ်တမ်ရူပဗေဒ .. ကွမ်တမ် .. ကွမ်တမ်ကမ္ဘာ စတာတွေကို သေချာပေါက် ကြားဖူးကြပါလိမ့်မယ်။ ဒီစကားလုံးက ဟော်လီးဝုဒ် ဒါရိုက်တာတွေရဲ့ အကြိုက်ပါ။ သူတို့ရိုက်သမျှ Sci-fi ရုပ်ရှင်တွေ၊ Superhero ရုပ်ရှင်တွေမှာ ဒီ ကွမ်တမ်အယူအဆတွေကို ထည့်ရိုက်တတ်ကြပါတယ်၊ သေချာရှင်းပြနိုင်တာမျိုး မရှိတဲ့ ဖြစ်ရပ်အခြေအနေတစ်ခုကိုလဲ ကွမ်တမ်လို့ နာမည်ပေးတတ်ကြရိုးရှိပါတယ်။ ကွမ်တမ်ဆိုတဲ့ စကားလုံး တွင်တွင်သုံးရရင်ကို အဆင်ပြေနေကြပုံပါပဲ။ နောက် အပြိုင်စကြာဝဠာတွေ၊ အချိန်ခရီးသွားတာတွေလိုမျိုး အယူအဆတွေကလဲ အလားတူ ကပ်လျက် လိုက်ပါလာတတ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ မြန်မာလူငယ်တွေကြား အဲ့ဒီဝေါဟာရတွေက တနေ့ထက်တနေ့ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတယ်လို့ ဆိုနိုင်ပါတယ်။ 


စိတ်မကောင်းစရာတစ်ခုကတော့ သူတို့ ဆွေးနွေးနေကြတဲ့ အချိန်ခရီးသွားခြင်းက အိုင်းစတိုင်းရဲ့ ရလေတီဗတီဟုတ်မနေဘဲ လေဆိပ်မှာ ပေါ်လာတဲ့ အနာဂတ်က လာသူဆိုတာမျိုးတွေ ဖြစ်နေတာ၊ သူတို့ပြောနေကြတဲ့ အပြိုင်စကြာဝဠာဇာစ်မြစ်က ရှရိုးဒင်းဂါးရဲ့ ကြောင်စမ်းသပ်ချက် အခြေခံတဲ့ Superposition အကြောင်း မဟုတ်နေဘဲ ဘာမြူဒါတြိဂံဖြစ်နေတာပါ။ အချိန်တွေ ကြာမြင့်လာတော့ တကယ့်အစစ်အမှန် အယူအဆတွေကို ထဲထဲဝင်ဝင်လေ့လာလိုက်စားသူက နည်းလာတာလဲ ဝမ်းနည်းစရာပါပဲ။ 


ဒီနေ့တော့ ကွမ်တမ်ရူပဗေဒအကြောင်းကို တစ်ချက် ဆွေးနွေးကြည့်ကြပါမယ်။ ခေါင်းစဉ်အတိုင်း ကွမ်တမ်ရူပဗေဒကို ချဉ်းကပ်ကြည့်ကြပါမယ်။ အခြေခံဆန်တဲ့ဘက်ကနေ အပေါ်ယံ ချဉ်းကပ်ကြည့်ကြမှာပါ။ လူအများ ဖတ်ရ နားလည်လွယ်အောင်တော့ ဒီပညာရပ်ဆိုင်ရာ သဘောတရားနက်နက်နဲနဲတွေကို နားလည်လွယ်အောင် ရေးသားဖော်ပြပေးပါ့မယ်။ ရေးထားတာရှည်လို့ အပိုင်းသုံးပိုင်း ခွဲပြီး တင်ပေးပါ့မယ်။


―――――――


ကျွန်တော်တို့ နေ့စဉ် တွေ့ကြုံဖြတ်သန်းနေတဲ့ ကမ္ဘာကြီးက အင်မတန်ရိုးရှင်းပြီး ယုတ္တိကျပါတယ်။ ကားတစ်စီးဟာ ရပ်နေတာနဲ့ သွားနေတာ၊ စာအုပ်တစ်အုပ်ဟာ ပိတ်ထားတာနဲ့ ဖွင့်ထားတာ၊ ကြောင်တစ်ကောင်က သေနေတာနဲ့ ရှင်နေတာ .. စတဲ့ အခြေအနေတွေထဲမှာ တစ်ခု မဟုတ် တစ်ခုထဲ တည်ရှိနေရပါတယ်။ ကားတစ်စီးက ရပ်လဲ မနေ၊ သွားလဲမနေဘဲ ကြားထဲက အခြေအနေမှာတည်ရှိနေတာ၊ ကြောင်တစ်ကောင်က သေလဲ မသေ၊ ရှင်လဲမရှင်၊ မသေမရှင်နဲ့ ကြားအခြေအနေမှာ တည်ရှိနေတာ၊ အခြေအနေနှစ်ရပ်လုံး ဖြစ်နေတယ်ဆိုတာ မရှိပါဘူး။


ဒါပေမဲ့ အဲ့ဒီစကားက ကျွန်တော်တို့ရဲ့ ကမ္ဘာလောကကြီး .. ဖွဲ့စည်းတည်ရှိနေမှုရဲ့ အသေးတကာ့ အသေးဆုံးဆိုတဲ့ နယ်ပယ်မှာ အကျုံးမဝင်ပါဘူး။ အသေးတကာ့အသေးငယ်ဆုံး quantity တွေမှာတော့ ပါတစ်ကယ်တွေက အခြေအနေတစ်ခုတည်းမှာပဲ သတ်မှတ်တည်ရှိနေမှာ မဟုတ်ဘဲ အခြေအနေအများကြီးမှာ တည်ရှိနေနိုင်ပါတယ်။ အဲ့ဒီတည်ရှိမှုကလဲ တပြိုင်နက်တည်း ဖြစ်နေမဲ့ သဘောပေါ့။ ရှရိုးဒင်းဂါးရှင်းပြခဲ့သလို .. ဒီအသေးတကာ့အသေးဆုံး လောကက ကြောင်က သေတဲ့ အခြေအနေနဲ့ ရှင်တဲ့ အခြေအနေ နှစ်ရပ်စလုံးမှာ တစ်ပြိုင်နက်တည်း တည်ရှိနေနိုင်တယ်၊ ကျွန်တော်တို့ ကြုံတွေ့ခံစားရတဲ့ လောကက ကြောင်လို သေတာနဲ့ ရှင်တာ နှစ်ခုထဲက တစ်ခုပဲ တည်ရှိနေနိုင်တာမျိုး မဟုတ်ဘဲ အခြေအနေနှစ်ရပ်စလုံးမှာ တပြိုင်တည်း တည်ရှိနေနိုင်မှာမျိုး ဖြစ်ပါလိမ့်မယ်။


 ကြားရတာ ခပ်ကြောင်ကြောင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က အဲ့ဒီလို ဒြပ်တွေကို ဖွဲ့စည်းထားတဲ့ အသေးတကာ့အသေးငယ်ဆုံး ပါတစ်ကယ်တွေ တည်ရှိနေရာနဲ့ သူတို့ရဲ့ လောကကို ကွမ်တမ်ကမ္ဘာ (Quantum World) လို့ခေါ်ပြီး ကွမ်တမ်ရူပဗေဒ (Quantum Physics) နဲ့ သတ်မှတ်ထားတဲ့ တည်ရှိမှုတစ်ခုဖြစ်ပါတယ်။


―――――――


ကွမ်တမ်ရူပဗေဒဆိုတာ ဘာလဲ။ 


ကွမ်တမ် (Quantum) ဆိုတာက လက်တင်ဘာသာစကားပါ။ အဓိပ္ပါယ်ကတော့ ဘယ်လောက်လဲ --> (How much ..) ဆိုတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာတော့ ကွမ်တမ်ဆိုတာ ဒြပ်တွေရဲ့ အသေးငယ်ဆုံး တည်ရှိမှုအကြောင်း ပြောကြတာပါ။ ကျွန်တော်တို့အပါအဝင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တစ်ဆုံး ကမ္ဘာလောကကြီးကို ဒြပ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အခု ကျွန်တော့်ရှေ့ ရေတစ်ခွက်ရှိပါတယ်။ ရေကို H2O လို့ခေါ်တဲ့ မော်လီကျူး (အက်တမ်အစု) နဲ့ ဖွဲ့စည်းထားတာပါ။ H က ဟိုက်ဒြိုဂျင်ကို ရည်ညွှန်းပါတယ်။ ဟိုက်ဒြိုဂျင် ဒြပ်စင်အက်တမ်ကို ထပ်ခွဲကြည့်ရင် အလယ်မှာ ဗဟိုဝတ်ဆံ နျူးကလီးယပ်စ်နဲ့ ပတ်လည်မှာ အီလက်ထရွန်ရှိပါတယ်။ နျူကလီးယပ်စ်ကို ထပ်ခွဲကြည့်တော့ ပရိုတွန်နဲ့ နျူထရွန် ထွက်လာပါတယ်။ ဟော .. ဒီ ပရိုတွန်/နျူထရွန်ကို ထပ်ခွဲရင်တော့ ကွာ့ခ် (quark) တွေ ထွက်လာမှာပေါ့။ ဒါတွေကို အခြေခံအမှုန် (Elementary Particle) အဖြစ် သိကြတယ်၊ ဘယ်လိုဒြပ်ဖြစ်ဖြစ် ဒီလို အသေးတကာ့အသေးဆုံးအဆင့်အထိ စကေးချဲ့ပြီး ခွဲထုတ်လေ့လာလို့ ရလာတဲ့ ပါတစ်ကယ်တွေ၊ အစအနတွေကို ကျွန်တော်တို့က ကွမ်တာ (အနည်း)၊ ကွမ်တမ် (အများ) လို့ခေါ်ကြတယ်။


အဲ့တော့ နောက်တစ်ခါကျ ကိုယ်က စကားဝိုင်းတစ်ခုထဲ ရောက်သွားပြီး ဆွေးနွေးနေကြတဲ့ ခေါင်းစဉ်က ကွမ်တမ်ဘက် လှည့်သွားရင် ကွမ်တမ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အဲ့လို့ ရိုးရိုးလေး ဖြေလိုက်လို့ ရပါတယ်။ ဒါဆို ကွမ်တမ်ရူပဗေဒဆိုတာတော့ အက်တမ်ထဲက အီလက်ထရွန်၊ နျူကလီးယပ်စ်ထဲက ပရိုတွန်၊ ပရိုတွန်ထဲပါတဲ့ ကွာ့ခ်၊ ကျွန်တော်တို့ နေ့စဉ်မြင်နေရတဲ့ အလင်းရောင်စဉ်လှိုင်းတွေကို သယ်ဆောင်လာပေးတဲ့ ဖိုတွန် .. နမူနာအားဖြင့် ဒီလိုမျိုး .. လောကကြီးရဲ့ ဒြပ်တွေ၊ စွမ်းအင်တွေကို အခြေခံအဆန်ဆုံးတည်ဆောက်ပုံတွေအထိ လေ့လာတာ ဖြစ်တာပေါ့။ ဒီလိုဖတ်လိုက်ရတော့ ကွမ်တမ်ဆိုတာ ရုပ်ရှင်တွေထဲကလောက် မရှုပ်ပါဘူးလို့ ထင်ကောင်းထင်ရနိုင်ပါတယ်။ သဘောတရားပိုင်းကတော့ ဒီလောက် ရိုးရှင်းပါတယ်။ (အက်တမ်တွေအကြောင်း သီးသန့်ဆောင်းပါး ဒီက ဖတ်ပါ။) အပိုင်း-၂ ကို မနက်ဖြန်ည ခြောက်နာရီမှာ ဆက်တင်ပေးပါ့မယ်။


Written by - Zwe Thukha Min

Edited by - Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿


#Fact_Hub #Approaching_Quantum_Physics #Part_1 #Theoretical_Physics #Quantum #Introduction #Science #Article 

Zwe Thukha Min

Hello! My name is Zwe Thukha, and I am a science enthusiast driven by a deep passion for knowledge and community empowerment. Alongside my fellow teenagers, I co-founded an organization dedicated to fact-checking and delivering safe, reliable information to our community. Our mission is to empower individuals with the power of knowledge, ensuring they have access to accurate insights that enable informed decision-making. Through this initiative, we strive to foster critical thinking, promote intellectual curiosity, and create a positive impact on the world around us. Together, we are on a journey to make a difference and contribute to a more informed and enlightened society.

Post a Comment

Previous Post Next Post

Contact Form