သဘာဝတရားကြီးက အင်မတန်ကို လှပပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အလှဆင်ပေးနေတဲ့ တိမ်စိုင်တွေ၊ မိုးတွေ၊ သက်တံ့တွေ၊ သစ်ပင်တွေနဲ့ ဆီးနှင်းတွေရဲ့ ဖြစ်တည်မှုတွေဟာ ဆန်းကြယ်သလို စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။ ဆောင်းရာသီမှာ တွေ့ရတတ်တဲ့ ဆီးနှင်းဆိုတာ ဆောင်းရာသီကို အလှဆင်ပေးနေတဲ့ အရာတစ်ခုပါပဲ။
ဆီးနှင်းဆိုတာ အငွေ့ပျံခြင်းဖြစ်စဥ် (Evaporation) မပါဘဲ မဖြစ်ပေါ်နိုင်ပါဘူး။ အငွေ့ပျံခြင်းဖြစ်စဥ်ဆိုတာ အပူ (Heat) နဲ့ ဖိအား (Pressure) ကြောင့် အရည်အခြေအနေ (Liquid State) ကနေ အငွေ့အခြေအနေ (Gaseous State) သို့ ပြောင်းလဲသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ သမုဒ္ဒရာနဲ့ ရေကန်တွေထဲမှာရှိတဲ့ ရေတွေဟာ နေကလာတဲ့ အပူစွမ်းအင်ကြောင့် အရည်ကနေ ရေငွေ့အဖြစ် ပြောင်းလဲသွားပြီးတော့ လေထုအထက်ကို မြင့်တက်လာကြပါတယ်။ အဲ့ဒီ မြင့်တက်လာတဲ့ ရေငွေ့တွေဟာ အပူချိန်နိမ့်တဲ့ တိမ်စိုင်တွေကို ထိတွေ့မိတဲ့အခါမှာ ငွေ့ရည်ဖွဲ့တာကို စတင်ပါတော့တယ်။ ငွေ့ရည်ဖွဲ့ခြင်း (Condensation) ဆိုတာ အငွေ့အခြေအနေမှ အရည်အခြေအနေသို့ ကူးပြောင်းသွားတာကို ဆိုလိုတာပါ။
ရေငွေ့တွေဟာ အငွေ့ကနေ ရေသီးရေပေါက်လေးတွေအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီရေသီးရေပေါက်လေး အသေးလေးတွေဟာ တိမ်ထုထဲမှာ စုပြုံပြီးတော့ နေရာယူလာကြပါတယ်။ နောက်တစ်ဆင့်အတွက် အလှည့်ကျသူကတော့ တိမ်ရဲ့ အပူချိန်ပါပဲ။ တိမ်ရဲ့အပူချိန်ဟာ သုညဒီဂရီဆဲစီးယပ်စ် (0°C) ထက် မြင့်မယ်ဆိုရင်တော့ မိုးရွာသွန်းမှုတွေ စတင်မှာပဲ ဖြစ်ပါတယ်။ တိမ်ရဲ့ အပူချိန်ဟာ ရေခဲမှတ် (Freezing Point) အောက်ကို ရောက်နေမှပဲ ရေသီးရေပေါက်လေးတွေကို ရေခဲအဖြစ် ပုံဖော်နိုင်မှာ ဖြစ်တယ်။ အပူချိန်ဟာ သုညဒီဂရီဆဲစီးယပ်စ်အောက် ရောက်သွားတဲ့အခါ ရေသီးရေပေါက်လေးတွေရဲ့ ဘေးအနားဝန်းကျင်မှာ ရေပုံဆောင်ခဲ (ice crystal) တွေ စတင်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ဆီးနှင်းဖြစ်ပေါ်လာမှုမှာ တိမ်စိုင်ရဲ့ အပူချိန်ဟာ အရေးပါပါတယ်။ ဒါပေမဲ့ ဒီအဆင့်အထိဟာ ရေသီးရေပေါက်လေးတွေကနေ ရေခဲအဖြစ်သို့ ပြောင်းလဲရုံပဲ ရှိပါသေးတယ်။ ဆက်ပြီးတော့ နှင်းပုံဆောင်ခဲလေးတွေကို သဘာဝတရားကြီးက ပုံဖော်ပုံကလည်း လှပလွန်းပါတယ်။
တိမ်ထုအတွင်း ရေခဲပုံဆောင်ခဲတွေ စတင်ဖြစ်ပေါ်တဲ့အခါမှာ သူတို့ဟာ မိုက်ခရိုစကုပ် (microscope) နဲ့ ကြည့်မှပဲ မြင်နိုင်တဲ့ အရွယ်အစားအနေနဲ့ပဲ ရှိသေးတာပါ။ ဒါပေမဲ့ တိမ်ရဲ့ အပူချိန်အနိမ့် နဲ့ များပြားလှတဲ့ ရေသီးရေပေါက်လေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေပုံဆောင်အခဲလေးတွေဟာလဲ မီလီမီတာ (millimetre) အရွယ်လောက်ထိ ဆန့်ထွက်လာကြပါတယ်။ ဒီပုံဆောင်ခဲလေးတွေဟာ အပူချိန်အနိမ့်အမြင့်အပေါ် မူတည်ပြီးတော့ ပုံစံအမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ အပြားလိုက်၊ အပ်ချောင်းသဏ္ဍာန်၊ အခေါင်းပေါက်၊ ကြယ်၊ အပွင့်သဏ္ဍာန်အစရှိသဖြင့် ဖြစ်ပါတယ်။
တိမ်ထုအတွင်းထဲမှာ ရေပုံဆောင်ခဲတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်လာတဲ့အလျောက် အလေးချိန်လဲ ပို ပိုပြီးတော့ များလာပါတယ်။ အလေးချိန်များလာတဲ့အခါမှာ သူတို့ဟာ မြေကြီးပေါ်ကို ရေခဲအသေးအပါးလေးတွေအဖြစ် မိုးရွာသလို ရွာကျလာပါတော့တယ်။ ရွာကျလာတဲ့အခါ မြေကြီးပေါ်ကို မရောက်ခင် ခရီးလမ်းတစ်လျှောက်မှာ အပူချိန်အပေါ် မူတည်ပြီးတော့ ပုံသဏ္ဍာန်အမျိုးမျိုးကို ပြောင်းလဲကြပါသေးတယ်။ (အဲ့ဒီ ပုံဆောင်ခဲတွေဟာ ဘယ်လိုပုံစံကို ပြောင်းလဲကြသလဲဆိုတာကို သိချင်ရင်တော့ လေဖိအားတိုင်းကိရိယာ (Barometer) နဲ့ အပူချိန်တိုင်းကိရိယာ (Thermometer) ကို အသုံးပြုပြီးတော့ တိုင်းတာခြင်းဖြင့် သိနိုင်ပါတယ်။) ကောင်းကင်ပေါ်မှ ကျလာတဲ့ ရေခဲလေးတွေဟာ မတူညီတဲ့ လေထုနယ်ပယ်တွေကို ဖြတ်သန်းလာကြရပါတယ်။ အဲ့ဒီအခါမှာ လေထုအတွင်း အပူချိန်နိမ့်ခြင်းကြောင့် သူတို့ဟာ တစ်ခုနဲ့ တစ်ခု ပူးကပ်သွားပြီးတော့ ပုံဆောင်ခဲအကြီးတွေ ဖြစ်ပေါ်လာပါတယ်။
ဒီအရာတွေကပဲ ဆောင်းရာသီကို လှပစေပါတယ်။ အဲ့ဒီ ပုံဆောင်ခဲအကြီးတွေကို နှင်းပုံဆောင်ခဲလို့ သိကြပြီးတော့ "Snowflake" လို့ အမည်တပ်ကာ လှလှပပ ခေါ်ဆိုကြပါတယ်။
Written by - Aye Chan Oo
Edited by - Nectar
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Chemistry #Article #Snowflake #Winter