"အမေရိကန်တွေ ဘာလို့ တိုကျိုမြို့ကို နျူးကလီးယားဗုံး မကြဲခဲ့တာလဲ။"



ဩဂုတ်လ ၆ ရက်၊ ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားဆိုတဲ့ မြို့လေးမှာ မြို့နေပြည်သူတွေက ပုံမှန်အတိုင်း သူတို့ရဲ့ နေ့ရက်လေးကို စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အလုပ်သွားဖို့ ရထားစောင့်တဲ့သူက စောင့်၊ ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးက ပြင်၊ အိမ်မှုကိစ္စတွေ လုပ်နေသူက လုပ်နဲ့ သာမန်နေ့လေးတစ်နေ့ကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖြတ်သန်းနေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ အမည်မသိအရာတစ်ခု ပြုတ်ကျလာတာနဲ့အတူ တစ်မြို့လုံးကို မီးတောက်ထုကြီး ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပဲ ကမ္ဘာကြီးဟာ မှောင်မိုက်သွားပါတော့တယ်။


ဒါဟာ စစ်ပွဲအတွင်းမှာ ပထမဦးဆုံးအကြိမ်နဲ့ အလွန့်အလွန်ကို ကြောက်ဖို့ကောင်းတဲ့ ဗုံးအမျိုးအစားဖြစ်တဲ့ နျူကလီးယားဗုံးကို အသုံးပြုခဲ့တာပါ။ ဟီရိုရှီးမားမြို့နေ ပြည်သူတွေကတော့ ဒီဗုံးရဲ့ ပထမဆုံးသားကောင်တွေဆိုလဲ မမှားပါဘူး။ ဒီဗုံးကို အမေရိကန်တွေက Manhattan ပရောဂျက်အတွင်း စမ်းသပ်တီထွင်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လက်နက်အဖြစ် အသုံးပြုခဲ့တာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဟီရိုရှိးမားမြို့ကို Little Boy အမည်ရှိ Uranium လောင်စာသုံးနျူးကလီးယားဗုံးနဲ့ နာကာဆာကီကို Fat man အမည်ရှိ plutonium လောင်စာသုံး နျူကလီးယားဗုံး ကြဲချပြီးချိန်မှာတော့ ဂျပန်တွေ လက်နက်ချကာ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတော့တယ်။


ဒါဆို ဒီနေရာမှာ မေးစရာတစ်ခု ရှိလာပါတယ်။ ဂျပန်နိုင်ငံမှာ မြို့နဲ့ မြို့ပြတွေ အများကြီး ရှိတဲ့အထဲကမှ ဘာလို့ ဟီရိုရှီးမားနဲ့ နာကာဆာကီကိုမှ နျူးကလီးယားဗုံးကြဲခဲ့တာလဲ။ တခြားမြို့တွေက ဘောင်မ၀င်လို့လား၊ ဒါမှမဟုတ် ကြဲချခဲ့တဲ့မြို့က သူတွေကို ကြည့်မရလို့လား။ ကျွန်တော်တို့ကို ဒီအချိန်မှာ နိုင်ငံတစ်နိုင်ငံရဲ့ မြို့တစ်မြို့ကို ဗုံးကြဲဖို့ ရွေးချယ်ခိုင်းတယ်ဆိုပါစို့။ ဒါဆိုရင် အဲ့နိုင်ငံရဲ့ မြို့တော်ကို အရင်ကြဲဖို့ ပြေးမြင်ကြမှာပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုကရော ဘာလို့ နျူကလီးယားဗုံး ကြဲမခံခဲ့ရတာလဲ။ ဒါတွေကို အဖြေရှာဖို့ နျူကလီးယားဗုံးကြဲဖို့ ရွေးချယ်စဉ်ကအချိန်တွေကို ကျွန်တော်နဲ့အတူ ခရီးသွားလိုက်ရအောင်။


၁၉၄၅၊ ဇူလိုင်လ ၁၆ ရက်နေ့၊ အမေရိကန်တွေ Manhattan ပရောဂျက်ကနေ စမ်းသပ်တီထွင်ထားတဲ့ ကမ္ဘာပထမဆုံး နျူကလီးယားဗုံး Gadget ကို နယူးမက္ကစီကိုရဲ့ သဲကန္တာရထဲမှာ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ပေါက်ကွဲမှုက သိပ္ပံပညာရှင်တွေ ခန့်မှန်းထားတာထက် ပိုပြင်းထန်ပါတယ်။ ဒီလိုဖျက်ဆီးမှုအားကောင်းတဲ့ ဗုံးကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်တွေအဖို့ ဒီဗုံးကိုအသုံးချဖို့ရာ ခေါင်းစားရပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ လုပ်သား၊ လုပ်အားပေါင်းများစွာ ပေးဆပ်ထားရတဲ့အတွက် အသုံးပြုရာမှာ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။


တစ်ဖက်မှာလဲ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်ဖြစ်ပြီး ဥရောပဒေသမှာ ဂျာမန်တွေ လက်နက်ချခဲ့ပေမဲ့ ပစိဖိတ်ဒေသမှာတော့ အမေရိကန်တွေဟာ ဂျပန်နဲ့ စစ်ဖြစ်နေဆဲပါ။ ဂျပန်တွေဟာ အလွန်ခေါင်းမာသူတွေဖြစ်ပြီး စစ်ပွဲအတွင်းမှာ ဂျပန်စစ်သားတစ်ဦးတစ်ယောက်ကမှ အရှုံးပေးလိုစိတ်မရှိဘဲ သူတို့ရဲ့ နောက်ဆုံးအချိန်အထိ တိုက်ခိုက်သွားတာချည်းပါပဲ။ ဒါကြောင့် အမေရိကန် သမ္မတ Harry S.Trueman အဖို့ ဂျပန်တွေကို တိုက်ဖို့က အတော်ခေါင်းစားရတဲ့ ကိစ္စပါ။ ဥရောပမှာ မဟာမိတ်တွေအောင်ပွဲရပြီးနောက်မှာ အမေရိကန်ဟာလဲ ပစိဖိတ်မှာ ဂျပန်တွေကို အပြီးသတ်တိုက်ရဖို့ဖြစ်လာပါတော့တယ်။ ဂျပန်တွေကို တိုက်ဖို့နဲ့ သူတို့လက်နက်ချ အရှုံးပေးစေဖို့ အမေရိကန် သမ္မတ ထရူးမန်းနဲ့ အမေရိကန်တွေမှာ ရွေးချယ်စရာ ၄ ခုရှိပါတယ်။


၁။ သမရိုးကျ လေယာဉ်နဲ့ ဗုံးကြဲမလား။

၂။ ဂျပန်ပြည်မကြီးထဲကို ၀င်ရောက်ကျူးကျော်မလား။

၃။ ဂျပန်နိုင်ငံရဲ့ လူမနေတဲ့ ကျွန်းတစ်ခုအပေါ် နျူကလီးယားဗုံး ဖောက်ခွဲပြမလား။

၄။ ဂျပန်နိုင်ငံက မြို့တစ်မြို့အပေါ် နျူးကလီးယားဗုံးကြဲချမလား ဆိုပြီးပါ။


ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း သမ္မတ Harry S. Trueman ဟာ ရွေးချယ်မှုတွေထဲက နံပါတ် ၄ ကို ရွေးချယ်ခဲ့ပါတယ်။ ဒါဆို တခြားရွေးချယ်စရာတွေကို ဘာလို့မရွေးတာလဲ။


နံပါတ် ၁။ လေယာဉ်နဲ့ သမရိုးကျ ဗုံးကြဲတိုက်ခိုက်ခြင်း။


အမေရိကန်တွေဟာ ၁၉၄၂ ကတည်းက ဂျပန်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ၁၉၄၄ နှစ်လယ်ပိုင်းလောက်မှာ အမေရိကန်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂျပန်စစ်သားနဲ့ အရပ်သား ၃၃၃၀၀၀ ခန့် သေဆုံးပြီး ၄၇၀၀၀၀ ခန့် ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နယူးယော့ခ်တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်အရ "Operation Meeting House" လို့ ခေါ်တဲ့ တိုကျိုမြို့ကို ဗုံးကြဲစစ်ဆင်ရေးမှာ တစ်ရက်အတွင်း လူပေါင်း ၁သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ဒါဟာ ဟီရိုရှီးမားကို ‌ဗုံးကြဲစဉ်က အသေပျောက်နှုန်းထက် ပိုမြင့်တာပါ။ ဒါပေမဲ့ ဂျပန်တွေဟာ လုံး၀လက်နက်ချ အရှုံးမပေးခဲ့ပါဘူး။ ဒီလို သမရိုးကျလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာက ထိခိုက်ဆုံးရှုံးမှုများစေပေမဲ့ ဂျပန်တွေ လက်နက်ချဖို့အထိတော့ အလုပ်မဖြစ်တာ တွေ့ရပါတယ်။


နံပါတ် ၂။ ဂျပန်ပြည်မကြီးထဲ ကျူးကျော်၀င်ရောက်တိုက်ခိုက်ခြင်း။


အမေရိကန်တွေ နျူးကလီးယားဗုံး စမ်းသပ်မအောင်မြင်ခင်က ဂျပန်ပြည်တွင်းကို မလွဲဧကန်၀င်ရောက်တိုက်ခိုက်ရမယ်လို့ တွက်ချက်ထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်တွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ဟာ အလွန်ပြင်းထန်ကြတာပါ။ အမေရိကန်တွေ ဂျပန်နဲ့ စစ်တိုက်တိုင်း စစ်မြေပြင်ပေါ်က ဂျပန်စစ်သားတစ်ယောက်စီတိုင်းက သူတို့ရဲ့ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲ၀င်လေ့ရှိပါတယ်။လုံး၀ ရန်သူလက်ထဲမှာ အဖမ်းမခံ၊ အရှုံးမပေးပါဘူး။ အကယ်၍ အမေရိကန်တွေ ဂျပန်ပြည်ထဲကို ၀င်တိုက်မယ်ဆိုရင်လဲ ဂျပန်ဘက်က အရပ်သား၊ အမျိုးသမီးနဲ့ ကလေးပါမကျန် သူ့အမိမြေကို သေသည်တိုင် ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် စစ်တပ်နဲ့တင်မဟုတ် ပြည်သူနဲ့ပါ တိုက်ရမဲ့ အခြေအနေပါ။ ဒီတော့ စစ်ရင်ဆိုင်ရတိုင်းမှာ ဂျပန်ရော၊ အမေရိကန်ရော နှစ်ဖက်စလုံး အသေအပျောက်နှုန်းမြင့်ပြီးပဲ အဆုံးသတ်လေ့ရှိပါတယ်။


ဥပမာ ၁၉၄၅၊ ဖေဖဝါရီလ ၁၉ ရက်မှာ တိုက်ခဲ့တဲ့ lwo Jima တိုက်ပွဲနဲ့ မတ်လ ၂၆ ရက်နေ့မှာ တိုက်တဲ့ အိုခီနာဝါတိုက်ပွဲတွေကို ကြည့်ကြပါစို့။ lwo Jima တိုက်ပွဲမှာ အမေရိကန်စစ်သား ၆၂၀၀ ခန့် သေဆုံးခဲ့ပြီး အိုခီနာဝါတိုက်ပွဲမှာ အမေရိကန်စစ်သားနဲ့ သင်္ဘောသားပေါင်း ၃၀၀၀ ခန့် အသတ်ခံရတာကိုကြည့်မယ်ဆိုရင် ဂျပန်ရဲ့ ကျွန်းငယ်လေးကို တိုက်ဖို့မလွယ်တာ တွေ့ရပါလိမ့်မယ်။


နံပါတ် ၃။ လူမနေတဲ့ ကျွန်းပေါ်ကို နျူကလီးယားဖောက်ခွဲပြခြင်း။


ဂျပန်ကို လက်နက်ချစေဖို့အတွက် နျူကလီးယားလက်နက်ကို ဖောက်ခွဲပြပြီး ခြိမ်းခြောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာလဲ ပြဿနာတွေ ရှိပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူ့ကို မြင်စေချင်တာလဲ၊ ပေါက်ကွဲမှုကို မြင်ပြီးရင်ရော လက်နက်ချဖို့ ဘယ်လောက်ကြာမှာလဲ။ ပိုဆိုးတာက အဲ့အချိန်တုန်းက of Trinity စမ်းသပ်ရေးဆိုက်တ်မှာ နျူကလီးယားဗုံးတစ်လုံးဟာ အောင်အောင်မြင်မြင် ပေါက်ကွဲထားဖူးတာကြောင့် လေယာဉ်နဲ့ ပစ်ချရင် ဗုံးပေါက်ကွဲပါ့မလား မသေချာပါဘူး။ ဗုံးတော်တော်များများက ထုတ်လုပ်ဆဲဖြစ်ပြီး လက်ရှိမှာ ဗုံးနှစ်လုံး (နောက်ပိုင်းမှာ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ကြဲချဖို့ဗုံး) သာ ရှိပါသေးတယ်။ နောက်ထပ် စိုးရိန်စရာတစ်ခုကလဲ ဂျပန်တွေ ဒီပေါက်ကွဲမှုကို မြင်ပြီးပေမဲ့ လက်နက်မချဘဲ စစ်ပွဲအတွက် အင်အားနှစ်ဆ တင်လာနိုင်ပါတယ်။ လေယာဉ်ပစ်လက်နက်နဲ့ ဗန်ကာတွေ တည်ဆောက်လာတာမျိုးပါ။ ဒါကြောင့် နံပါတ် ၃ ကိုလဲ မရွေးချယ်ခဲ့ပါဘူး။


နံပါတ် ၄။ ဂျပန်နိုင်ငံရဲ့ မြို့တစ်မြို့ကို နျူးကလီးယားဗုံးကြဲချခြင်း။


ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း သမ္မတ Harry S Trueman က နံပါတ် ၄ ကို ရွေးချယ်ခဲ့ပါတယ်။ ထပ်ပြီး နျူကလီးယားစွမ်းအင်နဲ့ လက်နက်သုံးစွဲရာမှာ အကြံပေးဖို့ရာ ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပါသေးတယ်။ Manhattan ပရောဂျက်မှာလဲ ပါဝင်ခဲ့သူတော်တော်များများ ရှိခဲ့ပါတယ်။ ဒီဗုံးကြဲချမဲ့ အဓိကရည်ရွယ်ချက်ကတော့ နျူကလီးယားဗုံးရဲ့ ဖျက်ဆီးနိုင်စွမ်းအားကို ပြသချင်လို့ပါ။ ဒါကြောင့် ဗုံးကြဲဖို့ ရွေးရာမှာလဲ အထူးသတိထားရပါတယ်။ အစပိုင်းမှာတော့ တိုကျိုဟာ မြို့တော်ဖြစ်တဲ့အတွက် ပစ်မှတ်ဖြစ်နိုင်ပေမဲ့ တခြားသတ်မှတ်ချက်တွေလဲ လိုအပ်ပါသေးတယ်။


နျူကလီးယားဗုံးကြဲမဲ့ မြို့ကို ဘယ်လိုရွေးချယ်ခဲ့လဲ။


မူလရည်ရွယ်ချက်ဖြစ်တဲ့ နျူကလီးယားပေါက်ကွဲမှုကို ဂျပန်တွေ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ကြဲမဲ့မြို့ကို ဂရုတစိုက်ရွေးချယ်ရပါတယ်။ ကော်မတီ၀င်တွေဟာ ၁၉၄၅၊ ဧပြီလ (ဂျာမနီ လက်နက်မချခင် တစ်ပတ်အလို) မှာ မြို့ရွေးချယ်ဖို့ သတ်မှတ်ချက်တချို့ သတ်မှတ်ခဲ့ပါတယ်။ နျူကလီးယားဗုံးကြဲချမဲ့မြို့ဟာ "မြို့ပြဖြစ်ရမယ်၊ အချင်း ၃မိုင်ထက်မကျဉ်းရဘူး၊ တိုကျိုနဲ့ နာကာဆာကီကြားက စစ်နည်းဗျူဟာကျတဲ့ မြို့ဖြစ်ရမှာဖြစ်ပြီး စစ်တပ်စက်ရုံနဲ့ စစ်စခန်းတွေ ရှိရပါမယ်၊ အဓိကက ဗုံးရဲ့ ပေါက်ကွဲအားကို သိသာစေဖို့ ဗုံးလုံး၀မကြဲဖူး (သို့) အနည်းငယ်သာ ကြဲဖူးတဲ့ မြိုဖြစ်ရမယ်။" ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ပစ်မှတ်ဖြစ်နိုင်တဲ့ မြို့ ၁၇ မြို့ ထွက်လာခဲ့ပါတယ်။ အဲ့ဒါတွေကတော့ Tokyo Bay, Kawasaki, Yokohama, Nagoya, Osaka, Kobe, Kyoto, Hiroshima, Kure, Yamata, Kokura, Shimosenka, Yamaguchi, Kumamoto, Fukuoka, Nagasaki, and Sasebo တို့ပဲ ဖြစ်ပါတယ်။


မေလကို ရောက်တဲ့ အခါမှာတော့ ပစ်မှတ်ရွေးချယ်ရေးကော်မတီက မြို့ငါးခုကို စာရင်းပြုစုခဲ့ပါတယ်။ သူတို့ကတော့ Kyoto, Hiroshima, Kokura, Yokohama နဲ့ Niigata တို့ပါ။ မြို့တော် တိုကျိုမြို့တော့ မပါ၀င်ပါဘူး။ ဒီအကြောင်းကို နောက်မှာ ဆက်ဘက်ဖော်ပြပေးပါမယ်။ Kyoto (ကျိုတို) နဲ့ Hiroshima (ဟီရိုရှီးမား) ကို မျက်စိကျခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဗုံးတစ်ခါမှ မကြဲဖူးသေးလို့ပါ။ ကော်မတီက လူတွေဟာ ဟီရိုရှီးမားကို ပထမဆုံးပစ်မှတ်အနေနဲ့ ထောက်ခံကြပါတယ်။ အဲ့ဒီမှာ စစ်တပ်ရဲ့ စက်ရုံတွေရှိတာရယ်၊ မြို့ကို ပတ်ထားတဲ့ တောင်တန်းတွေကြောင့် ပေါက်ကွဲမှုကို ပိုသိသာစေတာကြောင့်ပါ။ Kyoto ကတော့ နောက်ပိုင်းမှာ စစ်တပ်စက်ရုံတွေ မရှိတာရယ်၊ Henery Stimson ရဲ့ပြောဆိုမှုကြောင့်စာရင်းထဲကပယ်ခံခဲ့ရပါတယ်။ အဲ့အချိန်မှ နာကာဆာကီကိုအစားသွင်းခဲ့ပါတယ်။ အကြောင်းအရင်းကတော့ သင်္ဘောဆိပ်ကမ်းအကြီးကြီးရှိကာ ကုန်သွယ်ရေးအချက်အချာကျတဲ့ မြို့ဖြစ်ပြီး စစ်တပ်လက်နက်စက်ရုံတွေဖြစ်တဲ့ Mitsubishi steel and Arms

works နဲ့ Mitsubishi-Urakami torpedo works (တော်ပီဒိုထုတ်လုပ်ရေး) ရှိတာကြောင့်ပါ။


နောက်ဆုံးပစ်မှတ်တွေကိုတော့ ဗိုလ်ချုပ် Groves က သမ္မတ ထရူးမန်းကို တင်ပြပြီး Stimson နဲ့ Gen တို့က အတည်ပြုပေးခဲ့ပါတယ်။


ဘာလို့ တိုကျိုက နျူကလီးယားဗုံး မကြဲခံခဲ့ရတာလဲ။


ပထမဆုံးအချက်ကတော့ တိုကျိုမှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ အစိုးရ ထိပ်ပိုင်းက အရေးပါသူတွေ ရှိလို့ပါ။ အကယ်၍ ဗုံးကြဲချလိုက်လို့ ခေါင်းဆောင်တွေ ထိခိုက်သွားရင် အရှုံးပေးလက်နက်ချဖို့ ကြန့်ကြာသွားနိုင်ပါတယ်။ အမေရိကန်တွေက အကြာကြီး မစောင့်နိုင်ပါဘူး။ တိုကျိုကို ဗုံးမကြဲရတဲ့ အဓိက အကျဆုံးအချက်ကတော့ တိုကျိုဟာ လေကြောင်းက ဗုံးဒဏ်ကြောင့် အတော်အတန်ပျက်စီးနေပြီပဲ ဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့ညက ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်တဲ့ "Operation Meeting House" ဟာ တိုကျိုကို ရစရာမရှိအောင် ဖျက်ဆီးခဲ့ပါတယ်။ 339 B-29 ဗုံးကြဲလေယာဉ်တွေဟာ မတ်လ ၉ ရက်နေ့ညမှာ Mariana ကျွန်းကနေ တိုကျိုကို မီးလောင်တိုက် လာသွင်းခဲ့တာဖြစ်ပြီး စုစုပေါင်း 40 စတုန်းရန်းကီလိုမီတာခန့် လေးရက်ဆက် မီးလောင်ခဲ့ပါတယ်။နူးယော့ခ်တိုင်းမဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ လူပေါင်း ၁ သိန်းခန့် တစ်ရက်ထဲမှာ သေခဲ့ရပြီး ၁ သန်းခန့် အိမ်ခြေရာမဲ့ဘ၀ ရောက်ခဲ့ရပါတယ်။ ဒါဟာလဲ တိုကျိုကို နျူးကလီးယားရဲ့ သားကောင်မဖြစ်စေတဲ့ အဓိကအချက်ဆိုရင် မမှားပါဘူး။


အကျဉ်းချုပ်အနေနဲ့ ပြောရရင် ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ဖို့အတွက် အမေရိကန်ဟာ အလွန့်အလွန် ဖျက်ဆီးမှုအားကောင်းတဲ့ နျူကလီးယားဗုံးကို သုံးခဲ့တာ ကျွန်တော်တို့ သိပြီးပါပြီ။ ဒီလိုအဖျက်အားများတဲ့ ဗုံးဟာ ဆိုးကျိုးနဲ့ ပြုလုပ်ရာမှာ ကုန်ကျစရိတ် များတာကြောင့် အသုံးပြုတဲ့နေရာမှာလဲ သတိနဲ့ ဂရုတစိုက်သုံးရပါတယ်။ ဒါကြောင့်ပဲ အမေရိကန်တွေဟာ ကြဲချမဲ့ မြို့ကို ရွေးချယ်ရာမှာ သတ်မှတ်ချက်တွေ ထားရှိပြီး သေသေချာချာရွေးချယ်ခဲ့ပါတယ်။ ပစ်မှတ်အဖြစ် ဟီရိုရှီးမားနဲ့ နာကာဆာကီကို ရွေးချယ်ခဲ့ပြီး ၁၉၄၅ ခုနှစ်ရဲ့ ဩဂုတ်လ ၆ ရက်နဲ့ ၉ ရက်အသီးသီးတို့မှာ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုကတော့ " Operation Meeting House" ကြောင့် အတော်အတန်ပျက်စီးနေပြီမို့ နျူကလီးယားဗုံးကြဲခြင်းမခံခဲ့ရပါဘူး။ ဒါကြောင့် အမေရိကန်တွေ တိုကျိုကို ဘာလို့ နျူကလီးယားဗုံးမကြဲခဲ့လဲဆိုရင် ကြဲစရာမရှိတော့လို့ ဖြစ်ပါတယ်။


Written by - Khant Nyar Thar

Edited by - Aww Myat Khin Khin

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿


#Fact_Hub #Article #History #World_War #Tokyo

Post a Comment

Previous Post Next Post

Contact Form