သမိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ခြင်းနှင့် သတိပြုဖွယ်


ကျွန်‌တော်တို့ လူအများစုဟာ သမိုင်းကို တိကျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အတိတ်အကြောင်း အချက်အလက်စုစည်းမှု၊ အစုအဝေးတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။ တကယ်တော့ သမိုင်းဆိုတာ ပဟေဠိတစ်ခု ဖြေရှင်းနေသလို ရှာဖွေတွေ့ရှိလာတဲ့ သဲလွန်စအသစ်၊ အချက်အလက်အသစ်တွေကို ဖြည်းဖြည်းချင်း ပေါင်းစုပုံဖော်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အသစ်အသစ်သော သက်သေအချက်အလက်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေ ထွက်ပေါ်လာတဲ့အခါ ရှုမြင်လက်ခံပုံနဲ့ အတွေးအခေါ် အယူအဆအသစ်တွေက မူလရှိပြီးသား၊ လက်ခံယုံကြည်ခဲ့ပြီးသား အတွေးအခေါ်အယူအဆတွေ နေရာမှာ ပြောင်းလဲအစားထိုးလာကြပါတယ်။ ဥပမာအားဖြင့် Rosetta Stone တွေ့ရှိမှုဟာ အီဂျစ်အရုပ်စာအကြောင်း သိရှိနားလည်စေခဲ့ရုံသာမကဘဲနဲ့ ရှေးဟောင်းအီဂျစ်အကြောင်းကိုလဲ ပိုမိုနက်ရှိုင်းစွာ သိရှိစေခဲ့ပါတယ်။

ဒီဆောင်းပါးမှာ အတိတ်အကြောင်း ပြန်လည်ဆင်ခြင်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့ တစ်ခါတစ်ရံမှာ တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ်အယူအဆတွေ ဖြစ်စေနိုင်တဲ့ သမိုင်းပြန်လည်ပြင်ဆင်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။


သမိုင်းပြန်လည်ပြင်ဆင်ခြင်းဆိုတာကတော့ သမိုင်းပညာရှင်တွေဟာ အဖြစ်အပျက် အကြောင်းအရာတစ်ခုကို လက်လှမ်းမီရရှိထားတဲ့ အချက်အလက်တွေအရ သူတို့ရဲ့ အတွေးအမြင်၊ ရှုထောင့်တွေအဖြစ် ပြောင်းလဲလိုက်တဲ့ လုပ်ငန်းစဥ်တစ်ခု ဖြစ်ပါတယ်။ တစ်နည်းဆိုရရင်  သမိုင်းပညာရှင်တွေရဲ့ ခေတ်အခြေအနေအမျိုးမျိုးမှာ သမိုင်းဆိုင်ရာ အချက်အလက်အထောက်အထားတွေအပေါ် ရှုမြင်ပုံ ဖြစ်ပါတယ်။


အတိတ်အကြောင်း ကျွန်ုပ်တို့ ရှာဖွေသိရှိထားမှုဟာ အတိုင်းအတာတစ်ခုထိပဲ ရှိတာဖြစ်ပြီး သမိုင်းပြုစုရေးသားခြင်းဟာ သမိုင်းပညာရှင်‌တွေ (သို့) သမိုင်းပြုစုခွင့်ရှိသူ‌တွေရဲ့ အတွေးအခေါ် ခံယူချက် ပယောဂတွေနဲ့ မကင်းနိုင်ပါဘူး။ ဒီအတွက်ကြောင့်ပဲ သက်သေအချက်အလက်အသစ်တစ်ခု တွေ့ရှိတိုင်း သမိုင်းကို ပြန်လည်ပြင်ဆင်ဖို့ လိုတာဖြစ်ပါတယ်။


သမိုင်းကို ပြန်လည်ပြင်ဆင်ခြင်းအားဖြင့် ဖြစ်ရပ်တစ်ခု အကြောင်းအရာတစ်ရပ်အပေါ် မတူကွဲပြားတဲ့ ရှုထောင့်‌တွေကနေ စဉ်းစားတွေးခေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး စဉ်းစားတွေးခေါ်ခြင်းအားဖြင့် အတိတ်က အကြောင်းအရာ အဖြစ်အပျက်တွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ပျက်ခဲ့တယ်ဆိုတာတွေနဲ့ ပက်သတ်ပြီး ပိုမိုထင်ရှား ပြတ်သားစွာ နားလည်သိရှိနိုင်မှာဖြစ်ပြီး အနာဂတ်မှာ တူညီတဲ့ အမှားမျိုးမဖြစ်အောင်လဲ သင်ခန်းစာယူ ရှောင်ကြဉ် နိုင်ပါတယ်။


ဒါပေမဲ့ တစ်ခါတစ်ရံမှာဆိုရင် သမိုင်းပြုစုနိုင်တဲ့ အခွင့်အာဏာရှိသူတွေဟာ သူတို့ ယူဆလက်ခံထားခဲ့တဲ့ အခြေအနေအကြောင်းအရာတွေနဲ့ ကိုက်ညီအောင် (သို့) သူတို့ ဖြစ်စေချင်တဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ချန်လှပ်ထားချင်တာတွေကို ချန်လှပ်ထားခဲ့ပြီး ဖန်တီးလုပ်ယူကြတာတွေလဲ ရှိတတ်ပါတယ်။ ဂျော်ချ်အော်ဝဲလ် ရဲ့ အပြောင်မြောက်ဆုံး လက်ရာ တစ်ခုဖြစ်တဲ့ 1984 မှာ ဆိုဗီယက်ယူနီယံခေါင်းဆောင် စတာလင်က အာဏာမရှိ မထင်ရှားတော့တဲ့ နိုင်ငံရေး ခေါင်းဆောင်နာမည်တွေကို ပြဌာန်းစာအုပ်ကနေ ဖယ်ရှားစေခဲ့တဲ့အတွက် စတာလင်ကို သမိုင်းပြန်လည်ပြင်ဆင်သူအဖြစ် ညွှန်းဆိုခဲ့ကြောင်း သာဓကယူ သိရှိနိုင်ပါတယ်။ ဒီလိုသမိုင်းကို ပြန်လည်တည်းဖြတ်ခွင့်ရှိသူတွေ အကျိုးအမြတ်တစ်ခုတည်းအတွက် တည်းဖြတ်ပြင်ဆင်တာတွေကြောင့် တကယ့်ဖြစ်ရပ်အမှန်တွေကို မေ့လျော့တာတွေ ဖြစ်စေပြီး ကန့်သတ်ခွင့်ပြုထားတဲ့ ဘောင်အတွင်းကနေပဲ သိရှိခွင့်ရနေရတာပါ။ (စနစ်ဟောင်း ၈ တန်း သမိုင်း ဖတ်စာအုပ် စာမျက်နှာ ၃၃ မှာပါတဲ့ " ပြည်ထောင်စု မြန်မာနိုင်ငံ၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ  တာ၀န်ယူစောင့်ရှောက်လိုက်ရသည်" ဆိုတဲ့ စာမျိုးပေါ့။)

 

သမိုင်းဟာ ကျွန်တော်တို့ ပိုမိုလေ့လာရှာဖွေတာနဲ့အမျှ အစဥ်ပြောင်းလဲနေတဲ့ သက်ရှိပုံပြင်တစ်လိုပါပဲ။ သမိုင်းပြန်လည်ပြင်ဆင်ခြင်းကို နားလည်ခြင်းအားဖြင့် အခွင့်အာဏာရှိသူတွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကျွန်တော်တို့တွေရဲ့ အတိတ်အပေါ် နားလည်သိရှိမှုတွေကို ခြယ်လှယ်ချုပ်ကိုင်နိုင်စွမ်းရှိတာကို သဘောပေါက်နိုင်ပါတယ်။ အခြားတစ်ဖက်မှာလဲ သမိုင်းပြန်လည်ပြင်ဆင်ခြင်းဟယ အတိတ်သမိုင်းအပေါ်  ပိုမိုကောင်းမွန်တဲ့ ရှုမြင်ပုံတွေနဲ့ ချဥ်းကပ်နိုင်စေတဲ့ ကိရိယာတစ်ခုဆိုလဲ မမှားပါဘူး။ ဒါကြောင့် အသွားနှစ်ဖက်ရှ်ိတဲ့ ဓားနဲ့တူတဲ့ ပြင်ဆင်တည်းဖြတ်ပြီးသား သမိုင်းတွေကို သတိပြုကိုင်တွယ် အသုံးချဖို့ အရေးကြီးပါတယ်။


အကျဥ်းချုပ်ဆိုရမယ်ဆိုရင်တော့ သမိုင်းပြန်လည်ပြင်ဆင်ခြင်းရဲ့ အရေးပါမှုနဲ့ အခွင့်အာဏာရှိသူတွေရဲ့ အကျိုးအမြတ်အတွက် လိုသလို ပြင်ဆင်အသုံးချနိုင်မှု သဘောသဘာ၀ကို သိရှိခြင်းအားဖြင့် အတိတ်သမိုင်းကြောင်းအပေါ်မှာ ပိုမိုမှန်ကန်တဲ့ နားလည်ချဥ်းကပ်မှု ပြုလုပ်လာနိုင်ပြီး‌‌တော့ တူညီတဲ့ အမှားတွေ ပြုလုပ်ခြင်းမှလဲ သင်ခန်းစာယူ ရှောင်ရှားနိုင်လာကြမှာ ဖြစ်ပါတယ်။


References - Can History Be Changed By People? | scienceabc. com


Written by - Shin Mon Thant 

Edited by - Nyan Win Htet 

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿


#Fact_Hub #History #Article #Can_History_Be_Changed By_People

Post a Comment

Previous Post Next Post

Contact Form