ဘာသာရေးနှင့် သိပ္ပံ (အခြေခံမှုအပေါ် လေ့လာသုံးသပ်ခြင်း)


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုး ဝတ်ပြုကြတဲ့အခါ အများဆုံး ရွတ်ဆိုလေ့ရှိတဲ့ စကားလုံးက ''ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ'' ဆိုတာပဲ။

ဒီစကားက ''ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓဟောကြားသော ဓမ္မတရားနဲ့ ဗုဒ္ဓ၏ သားတော် ရဟန်းသံဃာတော်များကို ယုံကြည်သက်ဝင် ကိုးကွယ်ပါ၏။'' လို့ အဓိပ္ပာယ်ရတယ်။

ဒါဟာ ဘာသာတရားရဲ့အခြေခံကို ဖော်ပြတာပဲ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ကြီးမြတ်မှု၊ ဗုဒ္ဓတရားတော်တွေရဲ့ မှန်ကန်မှု၊ ဗုဒ္ဓသားတော်တွေရဲ့ သီလစင်ကြယ်မှုတို့ကို ယုံကြည်ကြတယ်။ ဒီယုံကြည်မှုကြောင့်ပဲ ဗုဒ္ဓရဲ့ ကြီးမြတ်ခြင်းလက္ခဏာတွေအပေါ်မှာ ချီးမွမ်းဂုဏ်ပြုကြတယ်။ ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပူဇော်ခြင်းဟာ ကြီးစွာသောကုသိုလ်ရတယ်လို့ သူတို့ ယုံကြည်ကြတယ်။ နောက်ပြီး ဥပုသ်နေ့‌တွေမှာ သီလဆောက်တည်ကြတယ်။ သီလဆောက်တည်ခြင်းဟာ နိဗ္ဗာန်အတွက်အထောက်အပံ့လို့ သူတို့ ယုံကြည်ကြတယ်။

အဲဒီလိုပဲ ဗုဒ္ဓရဲ့ သားတော်တွေဖြစ်တဲ့ သံဃာတော်တွေအပေါ်မှာလဲ ဆွမ်း၊ ကွမ်း စတာတွေကို ဆက်ကပ်လှူဒါန်းကြတယ်။ သီလရှိသူအပေါ် ဆည်းကပ်ခြင်းဟာ မှန်သော အကျင့်ဖြစ်တယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေဟာ လမ်းမှန်ကို ရောက်အာင် လမ်းပြပေးနိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။

သေဆုံးခါနီး လူသားတစ်ယောက်ကို သံဃာတော်တွေပင့်ပြီး သရဏဂုံသုံးပါး ဆောက်တည်ခိုင်းတယ်ဆိုတာလဲ ဒီယုံကြည်မှုကြောင့်ပဲ။ ‌ဗုဒ္ဓတရားတော်တွေအပေါ် သက်ဝင်ယုံကြည်မှုဟာ လမ်းမှန်ကို ရောက်စေတယ်။ လမ်းမှန်ကို ရောက်စေတဲ့အတွက် အပါယ်ငရဲကို မလားနိုင်တော့ဘူးလို့ ယုံကြည်ကြတယ်လေ။

ဗုဒ္ဓဘာသာဝင်တွေအပါအဝင် ကမ္ဘာပေါ်က ဘာသာဝင်အားလုံးဟာ ဒီလိုယုံကြည်မှုအပေါ်မှာ ဘယ်တော့မှ မေးခွန်းထုတ်လေ့မရှိဘူး။ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ ဇာတ်စနစ်ဟာ လောကရဲ့အခြေခံအမှန်တရားတွေထဲက တစ်ခုလို့ သူတို့ ခံယူကြတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ ဖန်ဆင်းရှင် အဖဘုရားသခင်ရဲ့ တည်ရှိမှုအပေါ် ဘယ်တော့မှ သံသယမဝင်ကြဘူး။ အစ္စလာမ်ဘာသာဝင်တွေဟာ အလ္လာဟ်ရဲ့ ကြီးမြတ်မှုအပေါ် အမြဲတမ်းယုံကြည်ကြတယ်။ အဲ့လိုပဲ ဗုဒ္ဓဘာသာဝင်တွေဟာ သစ္စာလေးပါးရဲ့ မှန်ကန်ခြင်းကို (အမြဲတမ်း) ယုံကြည်ကြတယ်။

ဒါနဲ့ ပတ်သက်ပြီး မြင်သာတဲ့ ဥပမာတစ်ခုကို ကျွန်တော်တင်ပြပါ့မယ်။ ကျွန်တော်ဆရာအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ ကျောင်းသားတစ်ယောက်က စာမေးပွဲမှာ ရလဒ်ကောင်းရအောင် ဆုတောင်းပေးဖို့ ကျွန်တော့်ကို တောင်းဆိုတယ်။ ကျွန်တော်လဲ ဘာသာတရားအပေါ် သက်ဝင်ယုံကြည်မှုမရှိပေမဲ့ အဲ့ဒီကျောင်းသား စာမေးပွဲကိုစိတ်ချလက်ချဖြေနိုင်အောင် ဆုတောင်းပေးမယ်လို့ ပြန်ပြောလိုက်တယ်။ အဲ့ဒီစာမေးပွဲဖြေတဲ့နေ့က ကျွန်တော်မေ့ပြီး ဆုမတောင်းမိခဲ့ဘူး။ အဲ့ဒီကျောင်းသား စာမေးပွဲဖြေပြီးလို့ ပြန်လာတဲ့အခါ အဆင်ပြေခဲ့လားလို့ ကျွန်တော်မေးကြည့်ခဲ့တယ်။ ''ဆရာ ဆုမတောင်းလိုက်ဘူးမလား။ ကျွန်တော်သိပ်မဖြေနိုင်ခဲ့ဘူး။'' လို့ ညှိုးငယ်တဲ့ ပုံစံနဲ့ သူက ပြန်မေးခွန်းထုတ်တယ်။

ကျွန်တော်လဲ ''ငါ ဆုတောင်းပေးလိုက်ပါတယ်။ မင်းဘာသာ စာမေးပွဲမှာ နည်းနည်းခြေချော်လက်ချော် ဖြစ်သွားတာ ဖြစ်မှာပါ။'' လို့ မုသားနဲ့ ပြန်ချေပလိုက်တယ်။ သူ့ပြန်ဖြေလိုက်တဲ့ စကားကတော့ ''ဟုတ်လား။ ဒါဆို ဆရာဆုတောင်းတာ နည်းနည်းလိုသွားတယ်ထင်တယ်။ ကျွန်တော်နည်းနည်းပဲ ဖြေနိုင်ခဲ့တာ။ နောက်ဆိုရင် များများဆုတောင်းပေးနော်။'' တဲ့။

ဝန်ခံရရင် သူ့ဆီက ဒီစကားကို ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ တကယ်ဆုတောင်းခြင်း၊ မဆုတောင်းခြင်းအပေါ်မှာ ကျွန်တော်နဲ့ သူနဲ့ ငြင်းခုန်ရလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ အဲ့ဒီအစား ဘုရားသခင်ရဲ့ တည်ရှိမှုအပေါ် အကြွင်းမဲ့ယုံကြည်တဲ့ သူ့ရဲ့ စကားသာ ကြားလိုက်ရတယ်။ အဖေတစ်ယောက်က သားသမီးရဲ့ ပူဆာတောင့်တမှုကို ဘယ်တော့မှ မျက်ကွယ်မပြုသလိုမျိုး ဘုရားသခင်ကလဲ ကျွန်တော့်ရဲ့ ဆုတောင်းကို အရေးတယူပြုခဲ့လိမ့်မယ်။ အဲ့ဒီအရေးတယူပြုမှုဟာ အနည်းအများသာ ကွာဟခဲ့လိမ့်မယ်လို့ သူက ယုံကြည်ခဲ့တယ်။ ကျွန်တော့်ဘက်က တကယ်ဆုတောင်းခဲ့နေနေ၊ မဆုတောင်းခဲ့နေနေပေါ့။ (ဒီလိုယုံကြည်မှုအပေါ် လေးစားမှု‌ပေးတဲ့အနေနဲ့ နောက်နေ့တွေမှာတော့ ကျွန်တော်မပျက်မကွက် ဆုတောင်းပါတယ်။)

ဘာသာတရားဟာ ယုံကြည်မှုအပေါ် အခြေခံရတဲ့အတွက် ယုံကြည်မှုဆိုတဲ့ အရာမရှိတော့ရင် ဘာဖြစ်သွားမလဲ။ အကယ်၍ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓတရားတော်တွေအပေါ် သက်ဝင်ယုံကြည်မှုမရှိတော့ဘူးဆိုရင် ပုဂံက စေတီပုထိုးတွေဟာ သာမန်လည်ပတ်စရာနေရာတစ်ခု ဒါမှမဟုတ် ရှေးဟောင်းပြတိုက်တစ်ခုသာ ဖြစ်လာလိမ့်မယ်။ အဲ့ဒီလိုပဲ သာသနာ့ဝန်ထမ်းတွေဟာလဲ သာမန်အလှူခံပုဂ္ဂိုလ် (သူဖုန်းစား) ဖြစ်သွားလိမ့်မယ်။ (ဗုဒ္ဓဘာသာ အားနည်းတဲ့ တောင်တန်းဒေသတွေမှာ ဆွမ်းခံကြွတဲ့အခါ သူဖုန်းစားတစ်ယောက်လို ဆက်ဆံတာ ခံရလေ့ရှိတယ်လို့ သာသနာပြုရဟန်းတော်တချို့က ခရီးသွားဆောင်းပါးတွေမှာ ရေးသားဖော်ပြဖူးကြတယ်။)

ခရစ်ယာန်ဘာသာဝင်တွေသာ ဘုရားသခင်အပေါ် ယုံကြည်မှုမရှိတော့ရင် သမ္မာကျမ်းစာအုပ်ဟာ စိတ်ဝင်စားစရာ ဒဿနိကဗေဒကျမ်းတစ်ခု ဖြစ်သွားလိမ့်မယ်။ အစ္စလာမ်ဘာသာဝင်‌တွေသာ အလ္လာရှင်မြတ်အပေါ်  ယုံကြည်မှုမရှိတော့ရင် မက္ကာမြို့ဟာ လည်ပတ်သူ ခရီးသွားလျော့ကျသွားလိမ့်မယ်။

တခြားတစ်ဖက်မှာတော့ သိပ္ပံပညာဟာ မသိခြင်းနဲ့ ဝန်ခံခြင်းအပေါ်မှာ အခြေခံရတယ်။ မသိမှုကို ဝန်ခံရင်း မသိမှုကို လက်ခံလိုက်ရင်းနဲ့ သိပ္ပံပညာဟာ တိုးတက်လာရတယ်။ ဒီနေရာမှာ မသိခြင်းနဲ့ ဝန်ခံခြင်းဟာ ဆက်စပ်နေတယ်။ မသိတဲ့ လူတိုင်းဟာ မသိဘူး ဝန်ခံကြမယ်လို့ စာဖတ်သူအနေနဲ့ ထင်နိုင်တယ်။ တကယ်မသိဘဲနဲ့ သိတယ်လို့ လိမ်ညာတဲ့လူ ဒါမှမဟုတ် သိတယ်လို့ (ရိုးရိုးသားသား) မှားယွင်းထင်မြင်ယူဆတဲ့ လူတွေကို မြင်မိရင် မသိခြင်းနဲ့ ဝန်ခံခြင်းဟာ ဆက်စပ်မနေဘူးဆိုတာ နားလည်သွားပါလိမ့်မယ်။ မသိခြင်းအပေါ် ‌ဝန်ခံလိုက်ခြင်းဟာ သိလိုစိတ်ပြင်းပြမှုကို အားပေးသလို ဖြစ်သွားပြီး စမ်းသပ်မှုတွေ၊ လေ့လာမှုတွေ ဆက်လက်ဖြစ်ပေါ်သွားစေတယ်။ ဒီလိုနည်းနဲ့ပဲ သိပ္ပံပညာက ရပ်တည်နေတယ်။

ဒီနေရာမှာ ကျွန်တော့်ရဲ့ ပုဂ္ဂလအမြင် (Objective) တစ်ခုကို တင်ပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ စကြဝဠာရဲ့ အလုပ်လုပ်ပုံသဘောတရားတွေ၊ ကွမ်တမ်တွေ၊ နှိုင်းရသီအိုရီတွေ၊ လျှပ်စစ်သံလိုက်အသိပညာတွေကို လုံးဝနားမလည်သေးပါဘူး။ အဲ့လို လုံးဝနားမလည်သေးဘူးလို့လဲ ကိုယ့်ကိုယ်ကိုယ် အမြဲဝန်ခံမိတယ်။ ဒီလိုမသိခြင်းဟာ ကျွန်တော့်ရဲ့ သိလိုစိတ်ကို ဆွပေးသလိုဖြစ်ပြီး သိပ္ပံပညာအပေါ် ဆက်လက်လေ့လာစေတယ်။ မသိခြင်းမေးခွန်းတွေကို အဖြေရှာစေပါတယ်။ အကယ်၍ လောကရဲ့အလုပ်လုပ်ပုံတွေကို သိနေပြီးသားဖြစ်မယ် ဒါမှမဟုတ် သိနေပြီးသားလို့ ထင်မြင်ယူဆမယ်ဆိုရင် ဆက်လက်လေ့လာဖို့ဆိုတာ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။

ဒီလိုပုံစံတူဖြစ်ရပ်ကို ကျောင်းသား၊ ကျောင်းသူတွေမှာလဲ ကျွန်တော်မြင်တွေ့ရတယ်။ သင်ခန်းစာတစ်ပုဒ်ကို တကယ်နားလည်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ ကျောင်းသားတွေဟာ အဲ့ဒီသင်ခန်းစာကို ဆက်လက်လေ့လာလိုစိတ် နည်းပါးသွားလေ့ရှိတယ်။ ဒီလိုကျောင်းသားတွေထဲမှာ အသေအချာနားလည်သူရော၊ မှားယွင်းယုံကြည်သူရော ပါဝင်ပြီး သူတို့အနေနဲ့ ဆက်လက်လေ့လာဖို့ ပျင်းရိသွားတာ တွေ့ရတယ်။ တကယ်နားမလည်သေးဘူးလို့ ခံယူတဲ့ ကျောင်းသားတချို့တလေ‌ကတော့ သင်ခန်းစာရဲ့ အနှစ်သာရ၊ သဘောတရားကို ဆက်လက်ရှာဖွေလေ့လာကြတယ်။ ဒါက ပုဂ္ဂလအမြင်ဆန်လွန်းတယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုအထိ မှန်ကန်မယ်လို့တော့ ကျွန်တော်ယူဆပါတယ်။

သိပ္ပံပညာဟာ လောကကြီးအပေါ် မသိနားမလည်ခြင်း၊ ဒီလိုမသိနားမလည်ခြင်းကို အမှန်တကယ်ဝန်ခံခြင်းနဲ့ ရပ်တည် လည်ပတ်နေတယ်။ ရူပဗေဒပညာရှင်တွေဟာ ဟစ်ဂ်ဘိုဆွန်အမှုန်ကို ရှာဖွေတွေ့ရှိခဲ့ပြီးပြီ။ ဒါပေမဲ့ ကွမ်တမ်လောကမှာ ဒြပ်ဆွဲငင်မှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားမလည်သေးဘူး။ ဒီလိုနားမလည်မှုကို ဝန်ခံရင်းနဲ့ပဲ အရာရာတိုင်းရဲ့သီအိုရီ (TOE - Theory of everything) ကို ရှာဖွေနေကြတယ်။

အာရုံကြောသိပ္ပံမှာဆိုရင် ကျွန်တော်တို့ဟာ စိတ်ခံစားမှုတွေကို လွှမ်းမိုးတဲ့ ဦးနှောက်တွင်း ဓာတုပစ္စည်းတွေအကြောင်းကို တွေ့ရှိခဲ့ပြီးပြီ။ အာရုံခံစားမှုတွေ၊ အတွေးတွေဟာ နျူရွန်တွေကြားက လျှပ်စစ်အချက်ပြတွေကြောင့် ဖြစ်တယ်ဆိုတာလဲ နားလည်ခဲ့ပြီးပြီ။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေဟာ သိစိတ်ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ မေးခွန်းကို မဖြေနိုင်သေးဘူး။ ပိုဆိုးတာက သိစိတ်ဆိုတာ ဘာကြီးလဲဆိုတဲ့ အရိုးရှင်းဆုံးမေးခွန်းကိုတောင် အဖြေမသိသေးဘူး။ ဒီလိုမသိမှုကို ဝန်ခံရင်းနဲ့ သိစိတ်ရဲ့ပဟေဠိကို ကြိုးစားရှာဖွေနေကြ၊ သုတေသနပြုနေကြတယ်။

စကြဝဠာဗေဒမှာဆိုရင် ပညာရှင်တွေဟာ စကြဝဠာအစောပိုင်းကာလ စက္ကန့်ပိုင်းအထိ နားလည်နေပြီ။ ဒါပေမဲ့ မဟာပေါက်ကွဲမှု ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြသေးဘူး။ ဒီလို မဖြေနိုင်တာကို ဝန်ခံရင်းနဲ့ပဲ ပိုကောင်းတဲ့ သီအိုရီတွေကို ရှာဖွေလေ့လာနေကြတယ်။

တကယ်တော့ မသိခြင်းနဲ့ လူသားဟာ အတူယှဉ်တွဲလေ့ရှိတာမို့ မထူးဆန်းပါဘူး။ ဒါပေမဲ့ မသိခြင်းကိုဝန်ခံမှုကတော့ သိပ္ပံပညာအပေါ်  ကြီးမားတဲ့ တိုးတက်မှုဖြစ်ပေါ်စေတယ်လို့ ကျွန်တော်ယူဆတယ်။

အဆုံးသတ်ရရင်တော့ ဘာသာရေးဟာ ယုံကြည်မှုကို အခြေခံတယ်။ ဘာသာတရားရဲ့ အယူအဆတွေဟာ တကယ်တရားလား၊ တကယ်မှန်ကန်လား၊ တကယ်ပဲ လမ်းမှန်ကို ပြသနိုင်လား စတဲ့ မေးခွန်းတွေကို မေးစရာမလိုအပ်ဘူး။ ဘာသာဝင်တွေအတွက် ဘာသာရေးအပေါ် ယုံကြည်နေဖို့သာလိုအပ်တယ်။ သိပ္ပံပညာကတော့ မသိခြင်းကို ဝန်ခံရမယ်။ အဲ့လိုဝန်ခံပြီး မေးခွန်းထုတ် ကျိုးကြောင်းသင့် တွေးခေါ်၊ လေ့လာ၊ အဖြေရှာ ဆန်းစစ်ရတယ်။ သိပ္ပံပညာကို လက်ခံသူတွေအနေနဲ့ ကိုယ့်ရဲ့မသိမှုကို ဝန်ခံဖို့သာ လိုအပ်ပါတယ်။

Written by - Julian Htet Aung
Edited by - Ingyin Khin
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Editorial #Science #Religious #Article #Science_&_Religous_Analysis 

Post a Comment

Previous Post Next Post

Contact Form