Paranoid disorder or Delusional disorder


အယူစွဲလွန်ရောဂါ (သို့) ယုံမှားလွန်ရောဂါ 

လူတစ်ယောက်ကို ထိန်းကြောင်းနေတာဘာလဲဆိုတဲ့ မေးခွန်းကို သိပ္ပံနည်းကျဖြေရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ကြီးလို့ဆိုလို့ရပါတယ်။ တစ်ဖက်က ယုတ္တိကျကျပြန်တွေးမယ်ဆိုရင်တော့ လူကို ထိန်းချုပ်နေတာ "စိတ်" လို့ ဆိုလို့ရပြန်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ အများကြီးကို သက်ဆိုင်နေတာ အားလုံးလည်းသိပြီးသားပါ။ ပြောချင်တာကတော့ စိတ်ဟာ လူကိုထိန်းချုပ်နေတယ်ဆိုတာပါပဲ။ အဲ့တာကြောင့်မလို့ အရေးကြီးတဲ့ စိတ်နဲ့ ပတ်သက်လို့ ဖြစ်တတ်တဲ့ စိတ်ရောဂါတွေထဲက တစ်ခုအကြောင်းကို ပြောပြသွားချင်ပါတယ်။ အဲ့တာကတော့ ယုံမှားလွန်ရောဂါ (Delusional Disorder) ဆိုတာပါ။

ပထမဦးဆုံး ယုံမှားလွန်ရောဂါကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ တစ်ခုခုကို အလွန်အမင်းယုံကြည်တာလို့‌ ပြောလို့ရပါတယ်။ အချက်အလက်ကျကျနဲ့ ဘယ်လိုပဲ ရှင်းပြရှင်းပြ .. တကယ်မရှိနေတာ၊ တကယ်မဟုတ်နေတာကို အမှန်လို့ပဲထင်နေတာ.. တစ်ဖက်သတ်ဆန်ဆန်ပြီး သူထင်တာ အမှန်လို့ ဖင်ပိတ်လက်ခံတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ တကယ်တည်ရှိမနေတာကို အလွန်အမင်းယုံကြည်နေတယ်၊ သူ့စိတ်ထဲက ထင်တာတွေဟာ အမှန်တကယ်ဖြစ်နေပါတယ်၊ ငါက ရှေ့ဖြစ်ဟောနိုင်တယ်၊ အနာဂတ်ကို ကြိုသိတယ် စသဖြင့် အခြေအနေအများစုကို ဆိုလိုချင်ပါတယ်။ ပြောရရင်တော့ မြန်မာနိုင်ငံသား သန်းခြောက်ဆယ်မှာ သုံးပုံတစ်ပုံလောက် ဖြစ်နေတာဖြစ်ပြီး ယဉ်ယဉ်လေးနဲ့မပြင်းထန်တဲ့ စိတ်ရောဂါအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ယုံမှားလွန် ရောဂါကိုအခြေခံပြီး အယူအစွဲအမှားတွေ၊ ယုံကြည်မှုအမှားတွေ အများဆုံးဖြစ်တဲ့ အခြေအနေ (၅) ခုရှိပါတယ်။ အဲ့တာတွေကတော့ - 

1. Erotomanic 

ဒါလေးကတော့ ယုံမှားလွန်ရောဂါထဲက အခြေအနေတစ်ခုဖြစ်ပြီး crush က ကိုယ့်ကိုပြန်ချစ်ပြီး မေတ္တာမျှနေပါတယ်လို့ ယုံကြည်နေတဲ့ စိတ်အခြေအနေတစ်ခုပါ။ ဒီအခြေအနေကို ခံစားရတဲ့သူအနေနဲ့ သူ့ကိုယ်သူဘယ်လိုထင်မလဲဆိုရင် ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက် ဒါမှမဟုတ် ကိုယ်အရမ်းသဘောကျမိနေတဲ့ နာမည်ကြီး မင်းသားမင်းသမီးစသဖြင့် သူတို့က ကိုယ့်ကိုအရမ်းချစ်နေပါတယ်။ ကိုယ်နဲ့ချစ်သူဖြစ်နေပါတယ်။ သူတို့ဆီက အချစ်ခံနေရတယ်လို့ ထင်ယောင်ထင်မှားယုံကြည်နေတာမျိုးဖြစ်ပါတယ်။ 

2. Grandiose

ဒီအခြေအနေကတော့ တော်တော်လေးအတွေ့များတဲ့အခြေအနေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စွမ်းအားတွေရှိနေတာ၊ ရှေ့ဖြစ်မှာတွေ အနာဂတ်ကိုကြိုသိနေတာ ၊ သူတို့ကို သမိုင်းပေးတာဝန်တစ်ခုရှိလို့ ‌လူ‌တွေကိုကယ်တင်ပေးဖို့ လူဖြစ်လာတာစသဖြင့် သာမန်လူတွေမှာ မရှိတဲ့ စွမ်းရည်ထူးတွေရှိနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး ယုံကြည်နေကြတာပါ။ သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ဘာသာရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့အပိုင်းကဏ္ဍတွေနဲ့ လူမှုရေးပိုင်းတွေမှာ ဒီအခြေအနေကို အများဆုံးတွေ့ရတတ်ပါတယ်။ 

3. Persecutory

ကိုယ့်ကို ကိုယ့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တစ်တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ အန္တရယ်ပေးနိုင်တယ်လို့ ထင်နေတာမျိုးဖြစ်ပါတယ်။ ဒီအခြေအနေဖြစ်နေတဲ့သူက ကိုယ့်ရဲ့ အရင်းနှီးဆုံးလူတွေ‌က ကိုယ့်ကို လုပ်ကြံချင်နေတာလို့ ထင်တာမျိုးတွေ၊ အကွက်ကျကျစီစဉ်ပြီး ဒုက္ခပေးမယ်လို့ တစ်ဖက်သတ်ကြီးအတွေးလွန်နေတတ်တာဖြစ်ပါတယ်။ တော်တော်ဆိုးတဲ့အခြေအနေတစ်ခုဖြစ်ပြီး  သံသယစိတ်ကနေ တစ်ဆင့် လူတွေကို အန္တရာယ်ဖြစ်စေတဲ့အထိ ပြင်းထန်လာနိုင်ပါတယ်။ 

4. Jealous 

အခုပြောမယ့် ယုံမှားလွန်အခြေအနေကတော့ မိန်းကလေးတွေမှာပဲ အဓိကအဖြစ်များတယ်လို့ ဆိုလို့ရပါတယ်။ သဝန်တိုလွန်းပြီး ကိုယ့်ရဲ့ချစ်သူ၊ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ဖောက်ပြန်နေတယ်လို့ ထင်နေတဲ့ရောဂါတစ်မျိုးပါ။ တကယ်လည်း ဟုတ်နေတာမဟုတ်မှန်း သက်သေတွေ စုံနေအောင်ရထားပေမဲ့လည်း မယုံနိုင်ဘဲ သံသယတွေအပြည့်နဲ့ အမြဲစစ်ဆေးမေးမြန်းပြီး မသင်္ကာနေတတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးတွေက လက်တွဲဖော်တွေကြားထဲမှာ ကွဲကြကွာကြနဲ့ နောက်ဆုံး ရန်ပွဲတွေတောင်ချကြတဲ့အထိပါပဲ။ ဘယ်လိုပဲ တစ်ဖက်က သက်သေပြနေပါစေ၊ ရိုးသားနေပါစေ အလွန်အကျွံကြီး အထင်လွဲမှားတာမျိုးကို ဆိုလိုပါတယ်။ 

5. Somatic

နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်‌သေမယ်လို့ ထင်နေကြတဲ့သူတွေပါ။ သူတို့မှာ ရောဂါဆန်းတွေရှိနေပြီး သေလောက်အောင်ပြင်းထန်တဲ့‌ရောဂါတစ်ခုခုဖြစ်နေပြီ၊ မကြာခင်သေရတော့မယ်လို့ ယုံမှားလွန်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့သူတွေက အကြောက်လွန်တာထက် ကိုယ့်မှာဖြစ်နေပြီလို့ကို ထင်တတ်တာမလို့ ဘာရောဂါမှ မည်မည်ရရ မရှိဘဲ ဆေးရုံဆေးခန်းတွေရောက်ကြတယ်။ နောက်ဆုံး သေရင်တောင်ရောဂါကြောင့်မဟုတ်ဘဲနဲ့ စိတ်ကျပြီး ‌သေတာများကြပါတယ်။

ယခု‌ဖော်ပြခဲ့တဲ့ အခြေအနေငါးခုကတော့ ယုံမှားလွန်စိတ်ရောဂါရဲ့ အခွဲတွေပဲဖြစ်ပါတယ်။ အဲ့တာတွေ ဘယ်က ဘယ်လိုဖြစ်လာလဲဆိုတဲ့ အဓိက အကြောင်းအရင်းတွေထဲက တချို့လည်းရှိနေပါတယ်။ ငယ်စဉ်ကတည်းက ပညာရေးစနစ်၊ သိမှုအဆင့်အတန်းနိမ့်ပါးတဲ့ ပတ်ဝန်းကျင်မှာ အသိပညာအမှားတွေနဲ့ ကြီးပြင်းရတာမျိုးတို့၊ အမှားကြီးကို အမှန်ပါလို့ လုံးဝကို ထင်နေအောင် Brain Wash ခံထားရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ အထီးကျန်ဆန်တဲ့သူတွေ၊ အပယ်ခံတွေနဲ့ စိတ်ဒဏ်ရာရှိနေတဲ့သူတွေမှာပါ။ သူတို့အတွက် ဘယ်သူမှ မရှိနိုင်တော့ဘူးထင်တဲ့အချိန်မှာ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေပေါင်းစပ်ပြီး ကိုယ်က ထူးခြားတဲ့သူ၊ သာမန်နဲ့မတူဘူးဆိုပြီး လွဲမှားတဲ့ အတုအယောင် အခြေအနေတွေဆီ ရောက်သွားတတ်ပါတယ်။ ဖြစ်တတ်တဲ့အခြေအနေထဲမှာ ခဏခဏ သစ္စာဖောက်ခံရတဲ့သူတွေ မဟုတ်မမှန်စွပ်စွဲခံရတဲ့သူတွေမှာလည်း တွေ့ရပါတယ်။ ပြီးတော့ အခုပြောတဲ့အခြေအနေထဲမှာ သုံးခုလောက်က ဆယ်ကျော်သက်တွေမှာ အဖြစ်များတယ်လို့ပြောလို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထူးကဲပါတယ်ထင်တာမျိုး၊ ဟိုမင်းသား ဟိုမင်းသမီးနဲ့ ချစ်ကြိုက်နေတယ်ဆိုတာမျိုးတွေ တကယ်လည်းမဟုတ်ဘဲနဲ့ တန်းတန်းစွဲကြီးတွေဖြစ်နေတာမျိုးက စိတ်ရောဂါ အပျော့စားတစ်ခုစွဲကပ်နေတာလို့ မှတ်ယူနိုင်ပါတယ်။ 

ဒါတွေက ကုသလို့ ရလားလို့ မေးရင်တော့ အဖြေက နှစ်ခုရှိပါလိမ့်မယ်။ ရောဂါမရင့်ခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ကုထုံးဆရာဝန်တွေနဲ့ ဆွေးနွေးမိပြီး ဆင်ခြင်ရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ အဲ့တာမျိုးက လူတိုင်းနီးပါးမှာရှိတာဖြစ်ပြီး နုတာ၊ ရင့်တာပဲ ကွာပါတယ်။ အရမ်းကြီးပြင်းထန်လာရင် စိတ္တဇဆန်ဆန် Overthinking တွေနဲ့ မဖြစ်လာနိုင်‌တာတွေကို တွေးကြောက်တာ‌၊ လူတွေကို အန္တရာယ်ပေးနိုင်တာ၊ နောက်ဆုံး Sucide လုပ်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအတွက် ကိုယ်တိုင်ဆင်ခြင်ချင်ရင် တကယ်မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့လက်ခံပါ။ အခြေခံလိုအပ်ချက်ကတော့ အကျိုးသင့်အကြောင်းသင့်ကို တစ်ဖက်သတ်အမြင်နဲ့ ခေါင်းမာမနေဘဲ လက်ခံသင့်တာကိုလက်ခံဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ Delusional Disorder, Paranoid Disorder ကို ကောင်းကောင်းရင်ဆိုင်နိုင်ပါလိမ့်မယ်။ 

စိတ်က ဘယ်လောက်တောင် လူကိုသက်ရောက်မှုရှိလည်းဆိုရင် ကင်ဆာရောဂါဖြစ်နေတဲ့ သူတစ်ယောက်ကို အသက်ရှည်ရှည်နေနိုင်အောင် လုပ်ပေးနိုင်သလို လူကောင်းတစ်ယောက်ကိုလည်း တစ်ပတ်လောက်အတွင်း အသက်ကိုနုတ်ယူနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ရင်း သာယာပျော်ရွှင်တဲ့ဘဝတွေကိုရယူပိုင်ဆိုင်ပါလို့ တိုက်တွန်းရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ရပါတယ်။

Written by - Myo Myat Maung 

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿


စိတ်ပညာနဲ့ပတ်သက်တဲ့ တခြားပိုစ့်တွေကို ဖတ်ချင်ရင် 🔽

ဆိုရှယ်မီဒီယာသုံးတာက စိုးရိမ်လွန်စိတ်ရောဂါနဲ့ စိတ်ကျနှုန်း ဖြစ်ပွားမှု မြင့်တက်တာနဲ့ ဆက်စပ်လျက်ရှိ

စိုးရိမ်လွန်စိတ်ရောဂါ (Anxiety Disorder)

အိပ်မပျော်ခြင်း (Insomnia)

Attention အရမ်းလိုချင်တဲ့ ရောဂါ ဒါမှမဟုတ် ဘောင်ဝင်ချင်တဲ့ရောဂါ (Narcissistic Personal Disorder)

ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်မှု (Analytical Thinking)

Post a Comment

Previous Post Next Post

Contact Form