ဂိမ်းကစားတာဟာ Career တစ်ခုအနေနဲ့ သတ်မှတ်နိုင်လား? (အယ်ဒီတာ့အာဘော်)


ဂိမ်းဆော့တာကို Career တစ်ခုအနေနဲ့ သတ်မှတ်လို့ရလားဆိုရင်တော့ ဖြစ်နိုင်ချေအရမ်းနည်းလို့ နိုးပါလို့သာဖြေချင်တယ်။

တကယ်တမ်း‌တွေးကြည့်ရင် ဂိမ်းဆော့တာက ကောင်းပါတယ်။ အထူးသဖြင့် အဖွဲ့နဲ့ ယှဉ်ပြိုင်ကစားရတဲ့ဂိမ်း‌တွေဟာ Teamwork ကို ပိုပြီး အားကောင်းစေနိုင်တယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်က အနိုင်ရဖို့ မလုံလောက်တဲ့အတွက် အဖွဲ့လိုက်လုပ်ဆောင်မှု၊ အဖွဲ့ဝင်တွေကြား သတင်းအချက်အလက်မျှဝေမှုကို တိုးတက်စေနိုင်တယ်။ ဂိမ်းထဲမှာ အတွဲညီတဲ့ကစားဖော်က အပြင်လောကမှာလည်း ကိုယ်နဲ့အတွဲညီနိုင်သေးတယ်။

နောက်ပြီး ဗျူဟာတွေကို အတိုင်းအတာတစ်ခုအထိ အသုံးချရတဲ့ဂိမ်းတွေ (ဥပမာ-ဒိုတာ) လိုဂိမ်းတွေက ရှုထောင့်စုံ စဉ်းစားတွေးခေါ်မှုကို တိုးတက်စေတယ်။ အသစ်ထွက်လာတဲ့ Patch တွေအပေါ်မှာ ဘယ်လိုကစားကွက်ကိုဖော်ရမလဲ၊ Draft Game မှာ ပြိုင်ဘက်ကို ဘယ်လိုအနိုင်ယူရမလဲ၊ အချိန်နဲ့ အလိုက်ရှိရမဲ့ Hero Development တွေအတွက် ဘယ်လို Farming လုပ်ရမလဲ.. စသည်ဖြင့် ရှုထောင့်စုံ အမြင်စုံကနေ တွက်ချက်ကစား ရတာကြောင့် Analysis လုပ်တတ်လာမယ်။

အကောင်းဆုံးအချက်ကတော့ ဝင်ငွေတစ်ခု ဖော်ဆောင်လို့ရတာပဲ။ ထိုက်သင့်တဲ့ ကျွမ်းကျင်မှုတစ်ခု၊ လူထုကို ဆွဲဆောင်နိုင်တဲ့အရည်အချင်း၊ ဆန်းသစ်တီထွင်မှု ဒါတွေရှိမယ်ဆိုရင် ဂိမ်းဆော့တာကနေ ဝင်ငွေအများကြီးရနိုင်တယ်။ ဒိုတာဂန္တဝင် ဒန်နီးလ် အစ်ရှုတင် (Player Name - '' Dendi '' of Dota2) ဟာ ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကနေ ဒေါ်လာ ၈ သိန်းကျော် ဝင်ငွေရခဲ့တယ်။ ဒါက ပြိုင်ပွဲဆုကြေးသက်သက်ပဲဖြစ်ပြီး ကစားသမားရဲ့လစာ၊ စပွန်ဆာဝင်ငွေ၊ ရုပ်သံလွှင့်ကြေး၊ သရုပ်ပြပွဲတွေအတွက် ဆုကြေး စတာတွေမပါဝင်သေးဘူး။ နောက်ပြီး သူ့ရဲ့ကစားသမားဘဝက ဂိမ်းဈေးကွက် အရမ်းမကြီးသေးတဲ့အချိန် ၂၀၁၀လလောက်ကနေ စခဲ့တာဖြစ်ပြီး အခုလို ဂိမ်းဈေးကွက်အားကောင်းတဲ့အချိန်မှာ ဘယ်လောက်အထိဝင်ငွေရှိမလဲဆိုတာ ခန့်မှန်းဖို့ခက်တယ်။ ဒီနိုင်ငံမှာလဲ အရှေ့တောင်အာရှ ဂိမ်းဈေးကွက်ကို မှီခိုပြီး လူထုကျော်ကြားမှု၊ ဝင်ငွေ စတာတွေမှာ အမြတ်ထွက်ခဲ့တဲ့လူငယ်တွေ အများကြီးရှိတယ်။ ပရိုဂိမ်မာမဖြစ်နိုင်ဘူးဆိုရင်လည်း Streamingလောကမှာ နေရာတစ်ခုယူထားနိုင်ရင် ထိုက်သင့်သလောက် ဝင်ငွေရနိုင်သေးတယ်။ ဒီအကြောင်းကတော့ ကိုယ်နဲ့အရမ်းမရင်းနှီးလို့ အတိအကျမပြောနိုင်ဘူးပေါ့။

ဒီလို ကောင်းကျိုးတွေရှိပေမဲ့ လူအများစုအတွက် ဂိမ်းဆော့တာက တော်သင့်ရုံပဲ ကောင်းတယ်။ စွဲလမ်းမှုဖြစ်စေတဲ့အထိ ဆော့ကစားရင် ကိုယ့်ရဲ့ Social Environment တွေ ကျဉ်းမြောင်းလာမယ်၊ ဒါကြောင့် လူမှုဆက်ဆံရေးမှာ အားနည်းလာမယ်၊ အရွယ်အလိုက်ရှိသင့်တဲ့ ဘဝအတွေ့အကြုံတွေကလည်း ရှိသင့်သလောက်ရှိမှာမဟုတ်တော့ဘူး၊  ပိုက်ဆံကုန်.. အချိန်ကုန်တယ်၊ အဆိုးဆုံးက ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့အတွက် ကျန်းမာရေးထိခိုက်တာပဲ။

ဂိမ်းစွဲနေတဲ့ လူတစ်ယောက်ကို အပြင်မှာခင်ဗျားတို့ မြင်ဖူးရင် အတော်ကိုစိတ်ပျက်စရာလို့ ထင်ကြလိမ့်မယ်။ ဂိမ်းကလွဲပြီး ဘာမှမသိတဲ့ အဲ့လိုလူဟာ ပေါင်းသင်းဆက်ဆံဖို့ အတော်ကိုပျင်းစရာကောင်းနေမှာ (ရည်းစားနဲ့ဒိတ်တာတောင် ဂိမ်းအကြောင်းချည်းထိုင်ပြောနေရင်တော့ လမ်းခွဲလိုက်တာ ပိုကောင်းပါတယ်)။ နောက်ပြီး သူ့ရဲ့အပေါင်းအသင်းအများစုကလည်း ဂိမ်းသမားချည်းဖြစ်တာကြောင့် သူ့ရဲ့လူမှုအသိုက်အဝန်းက အတော်ကိုကျဉ်းမြောင်းနေတယ်။ (စကားမစပ် ဆီးဂိမ်း Esport Tournament- Dota 2 တစ်ခုမှာ ဝင်ပြိုင်တဲ့ မြန်မာကစားသမားတစ်ယောက်ရဲ့ အင်တာဗျူးမှာ ''ကျွန်တော့်ကိုယ်ကျွန်တော် ဂိမ်းဆော့ဖို့အတွက် သက်သက်မွေးဖွားလာတယ်လို့တောင် ခံစားမိတယ် '' ဆိုပြီး ဖတ်ဖူးတယ်၊ စိတ်မကောင်းစရာပါပဲ)။

ကိုယ့်ရဲ့ ငယ်ရွယ်မှုတွေကို ဂိမ်းထဲမှာ နစ်မြုပ်ထားရတာမို့ အရွယ်အလိုက်ရှိသင့်တဲ့ စကေးတွေ ရှိမှာမဟုတ်ဘူး။ အချိန်ပြည့် ဂိမ်းဆော့နေတဲ့အတွက် လေ့လာမှုတွေ သင်ယူမှုတွေ သိပ်မရှိဘူး။ ဂိမ်းပဲဆော့တတ်ပြီး တစ်ခြားပညာတွေ မတတ်ထားတဲ့အခါ လက်တွေ့လောကထဲမှာ ရှင်သန်ဖို့ အတော့်ကို ခဲယဉ်းတယ်။ ပိုက်ဆံကုန်အချိန်ကုန်တာတော့ တော်တော်များများသိပြီးသားမို့ အကျယ်မချဲ့တော့ဘူး။

လွန်ခဲ့တဲ့ ၃ နှစ် ၂၀၂၀ တုန်းက မန္တလေးသတင်းစာထဲမှာ သတင်းတစ်ပုဒ် မှတ်မှတ်ရရ ဖတ်ဖူးတယ်။ နာမည်ကျော် တရုတ်ဂိမ်မာတစ်ယောက်က ကျန်းမာရေးအခြေအနေကြောင့် ကစားသမားဘဝကို ရုတ်တရတ် ရပ်နားပစ်လိုက်ရတယ်ဆိုတာပေါ့။ ဖော်လိုဝါ ၅ သန်းကျော်ရှိတဲ့ League of Legendကစားသမား.. အဲ့ဒီလူငယ်က ဆီးချို၊ သွေးတိုးနဲ့ အမြင်အာရုံထိခိုက်မှုတွေကြောင့် အသက်၂၃ နှစ်နဲ့ ဂိမ်းဆော့တာကနေ အပြီးတိုင်အနားယူလိုက်ရတယ်။ ဒါက ဂိမ်းဟာ ကျန်းမာရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုကြီးကြောင်း ဖော်ပြနေတာ။ ကျွန်တော်တို့တောင် ဂိမ်းထဲဈာန်ဝင်သွားရင် အပေါ့အလေးသွားဖို့၊ အချိန်နဲ့အလိုက်အစာစားဖို့၊ မေ့လျော့တာမျိုး ဖြစ်တတ်တယ်။ အစာစားတယ်ဆိုရင်တောင် ခေါက်ဆွဲပြုတ်လို အသင့်စားအာဟာရတွေအပေါ် အများဆုံးမှီဝဲတာဖြစ်လို့ ကျန်းမာရေးထိခိုက်တယ်ဆိုတာ ခန့်မှန်းမိမှာပါ။

ဒါတွေက ဂိမ်းအလွန်အကျွံ‌ဆော့ခြင်းကနေပေးအပ်တဲ့ ဆုလာဘ်တွေပဲ။ ဂိမ်းကို‌တော်ရုံဆော့ရင် ဒီပြဿနာတွေမဖြစ်တတ်ပဲ စွဲလမ်းမှုရှိနေမှသာ ဖြစ်ပေါ်တာ။ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ ဂိမ်းဟာ Entertainment တစ်ခုဖြစ်လို့ Entertainment အဖြစ်သာ ဆော့ကစားစေချင်တယ်(ကိုယ်တိုင်လည်း စိတ်ပင်ပန်းမှု လျှော့ချဖို့အတွက်ပဲ ဆော့ကစားတာ)။ Professional Lifeအဖြစ် ဖြတ်သန်းဖို့ ရည်ရွယ်ထားတယ်ဆိုရင်လည်း ကိုယ့်မှာ အဲ့လိုဖြစ်နိုင်တဲ့ ပါရမီရှိနေလားဆိုတာ ဆန်းစစ်စေချင်တယ်။ အပေါ်ကပြောခဲ့တဲ့ ဒန်နီးလ်အစ်ရှုတင်လိုမျိုး ကမ္ဘာကျော်ဂိမ်မာ ဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်နေလို့ချည်း မရဘူး။ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုရယ်၊ ဂိမ်းနဲ့ကိုယ်နဲ့သဟဇာတဖြစ်မှု (ပါရမီ) ရယ်ရှိနေမှသာ ဖြစ်နိုင်မှာ။ တစ်ရက်ကို နာရီပေါင်းများစွာ ဆော့ကစားနေတာတောင် လက်ရည်တက်မလာတဲ့ ကစားသမားတွေမြင်ဖူးတယ်၊ ဂိမ်းပါရမီမရှိတဲ့ ဒီလိုလူတွေအနေနဲ့ ပရော်ဖက်ရှင်နယ်ဂိမ်မာတစ်ယောက်ဖြစ်ဖို့ လုံးဝလုံးဝစိတ်ကူးမယဉ်သင့်ဘူး။

ဒါတွေက ကိုယ်တိုင်ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရပြောတာပါပဲ၊ မှားရင်လည်းမှားမှာပေါ့။

မျှဝေခြင်းသာ။

(အယ်ဒီတာရဲ့ အာဘော်သီးသန့်ဖြစ်ပါတယ်၊ ပရိသတ်ကြီးအနေနဲ့လည်း မိမိထင်တဲ့အရာကို ဝင်ရောက်ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။)

Written by - Julian Htet Aung

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form