မားစ်ဂြိုလ်ပေါ်မှာ လူသားတွေနေထိုင်ဖို့ လက်ရှိအချိန်မှာဖြစ်နိုင်ပြီလား။ ?




မားစ်ဂြိုဟ်ဟာ ကမ္ဘာထက်အများကြီးသေးငယ်ပါတယ်။ဒါကြောင့်လည်း ဂြိုဟ်အူတိုင် (ဝတ်ဆံ) ရဲ့ အေးခဲနှုန်းက သိသိသာသာ မြန်ဆန်နေရတာပါ။ ကမ္ဘာရဲ့အူတိုင်ကတော့ အခုထိလှုပ်ရှားမှုရှိနေပြီး အပြင်အူတိုင်အလွှာက သံရည်ပူ​တွေ အထက်အောက်ရွေ့လျားလို့ အားကောင်း သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်နေတာပါ။ အဲ့ဒီသံလိုက်စက်ကွင်းကြောင့်ပဲ နေဆီကလာတဲ့ ဆိုလာဝင်း (Solar Wind) ခေါ် စွမ်းအင်မြင့် အမှုန်တွေကို ကမ္ဘာဆီမရောက်အောင် တားဆီးပေးတာပေါ့။ (ဝင်ရိုးစွန်းတွေက ဥတ္တရအလင်းတန်းတွေဟာ ဒီလိုမျိုး သံလိုက်စက်ကွင်း အကျိုးသက်ရောက်မှုကြောင့် ဖြစ်နေတာ) မားစ်ဂြိုဟ်အူတိုင် ဝတ်ဆံအေးခဲလာတဲ့အခါ အတွင်းပိုင်းဘူမိ လှုပ်ရှားမှုမရှိတဲ့အတွက် သံလိုက်စက်ကွင်းပျောက်ဆုံးသွားတယ်။ဒါကြောင့်လေထုဟာ ဆိုလာဝင်းဒဏ်ကို သိသိသာသာခံစားလာရပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၀၀ လောက်မှာ လေထုစတင်ပါးလွှာ စုတ်ပြဲလာတယ်။ လေထုဖိအားက လေဟာနယ်နီးပါးလောက် ကျလာပြီး သမုဒ္ဒရာတွေအရည်ပျော်ကာ ဂြိုလ်သေတစ်ခု စတင်ဖြစ်ပေါ်လာတယ်။ မားစ်အနေနဲ့ အခုလိုဖြစ်သွားတာ အံ့ဩစရာကောင်းသလို ကမ္ဘာလိုမျိုး သက်ရှိတွေအတွက်နေပျော်မဲ့ ရပ်ဝန်းတစ်ခု အရင်တုန်းကပိုင်ဆိုင်ခဲ့တယ်ဆိုတာ အထောက်အထားတွေလည်းရှိနေခဲ့ပါတယ်။

အဲ့တော့ မားစ်ကို အရင်လိုအခြေအနေမျိုး ပြန်ဖြစ်အောင်လုပ်နိုင်မဲ့နည်းလမ်းများရှိလား?

ထူးခြားစွာပဲ လူသားတွေဟာ ဂြိုဟ်တွေရဲ့ အပူချိန် မြင့်မားအောင် လုပ်ဆောင်ရာမှာ အတွေ့အကြုံကောင်းတွေ ရှိနေပြီးသားဖြစ်နေတယ်၊ လွန်ခဲ့တဲ့ ရာစုနှစ် ၂ခု အတွင်းမှာ ကျွန်တော်တို့ဟာ ကာဘွန်အခြေပြု ဓါတ်ငွေ့တွေကို လေထုထဲထုတ်လွှတ်ခဲ့ကြပြီး ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို နဂိုထက်သိသိသာသာ မြင့်လာစေခဲ့တယ် အထူးသဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အများစုထုတ်လွှတ်ခဲ့ကြတယ်။ဒီဓါတ်ငွေ့ဟာ နေရောင်အများစုကို စုပ်ယူထားပြီး ပြန်မထွက်အောင်လုပ်တဲ့ ဖန်လုံအိမ်အာနိသင်ကို ဖန်တီးလိုက်တယ် ဒါဟာကမ္ဘာပူနွေးစေတဲ့ အဓိကလက်သည်ပေါ့ အဲ့လိုမျိုးပူနွေးလာတဲ့ ကမ္ဘာ့အပူချိန်က သမုဒ္ဒရာတွေရဲ့ ရေငွေ့ပြန်နှုန်းကို သိသိသာသာတိုးလာစေတယ်။ အထူးသဖြင့် မုန်တိုင်းဖြစ်ပေါ်တဲ့ အရေအတွက်က တစ်နှစ်စီကို သိသိသာသာ များလာတာပေါ့။

အခုလို ကမ္ဘာပေါ်မှာတောင် အလုပ်ဖြစ်ရင် မားစ်ဂြိုဟ်မှာလည်း အလုပ်ဖြစ်နိုင်ပါတယ်။ မားစ်မှာ ထူထပ်သိပ်သည်းတဲ့ လေထုမရှိဘူး၊ ဒါပေမဲ့ ရေအမြောက်အများနဲ့ အေးခဲကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ဝင်ရိုးစွန်းတွေမှာတည်ရှိနေပြီး တစ်ခြားရင်းမြစ်တွေကတော့ မြေအောက်ကျောက်လွှာတွေမှာ တည်ရှိတယ်၊ တကယ်လို့သာ ကျွန်တော်တို့အနေနဲ့ ဝင်ရိုးစွန်းရေခဲပြင်တွေကို အရည်ပျော်အောင်လုပ်နိုင်ခဲ့ရင် မားစ်ကိုလုံလောက်အောင် အပူထိန်းသိမ်းပေးပြီး ဖန်လုံအိမ်အာနိသင်ဖန်တီးတဲ့ ကာဘွန်အခြေပြုဓါတ်ငွေ့တွေ များစွာထွက်ပေါ်လာနိုင်တယ်၊ ကျွန်တော်တို့လုပ်ဖို့က အဲ့လိုအရည်ပျော်ဖို့ပဲဖြစ်ပြီး ဒါကိုမှရာစုနှစ်နည်းနည်း စောင့်လိုက်တာနဲ့ လူသားတွေနေထိုင်ဖို့ အဆင်ပြေလောက်မဲ့နေရာတစ်ခုဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ရိုးရှင်းလွန်းတဲ့ ဒီအယူအဆက အလုပ်ဖြစ်နိုင်ချေနည်းပြီး စိန်ခေါ်မှုများစွာကြုံတွေ့ရမှာပါ။

ပထမဆုံးပြဿနာကတော့ ရေခဲတွေကို အရည်ပျော်အောင်လုပ်မဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုပဲ.. ဝင်ရိုးစွန်းတွေမှာ ဖုန်မှုန့်တွေဖြန်းပြီး နေရောင်ခြည်ဆုံးရှုံးမှု တစ်နည်း ရေခဲပြင်တွေရဲ့အလင်းပြန်အားကို လျော့ချမဲ့အစီအစဉ်ကနေ စွမ်းအင်မြင့်အလင်းတန်းတွေ ဝင်ရိုးစွန်းအပေါ်သက်ရောက်မှုရှိစေဖို့ ဧရာမမှန်ချပ်တွေ တည်ဆောက်ဖို့အထိ နည်းလမ်းတွေအများကြီး အဆိုပြုကြပါတယ်။ ဒါပေမယ့်နည်းလမ်းတိုင်းဟာ အာကာသထဲမှာ စွမ်းဆောင်နိုင်ဖို့ နည်းပညာရှေ့ရောက်လွန်းအားကြီးပြီး စိန်ခေါ်မှု ကြီးကြီးမားမားရှိနေတာပဲ။ ဥပမာအားဖြင့် ဝင်ရိုးစွန်းတွေမှာ ဧရာမမှန်ချပ်တွေတည်ဆောက်ရင် အလူမီနီယမ်သတ္ထုစုစုပေါင်း တန်ချိိန် ၂ သိန်းလောက် လိုအပ်ပါတယ်။

နောက်တစ်နည်းက နျူကလီးယားဗုံးတွေကို မားစ်ဂြိုဟ်ဝင်ရိုးစွန်း ပေါ်တွေကို ကြဲချတဲ့နည်းလမ်းပဲ။ ဒီနည်းကိုတော့ နာမည်ကျော် အီလွန်မက်စ်ကအဆိုပြုထားတာ.. သူက ဝင်းရိုးစွန်းရဲ့အပေါ် အာကာသဟင်းလင်းပြင်ထဲမှာ ဖောက်ခွဲတဲ့အတွက် ဓါတ်ရောင်ခြည်သင့်မှု ပြဿနာမရှိဘူးလို့ဆိုတယ်။ ဒါ့အပြင် ဝင်ရိုးစွန်းက ကာဘွန်ရင်းမြစ်တွေ ထွက်ပေါ်လာတဲ့အတွက် လေထုကို ဖန်လုံအိမ်အာနိသင် ဖန်တီးပေးနိုင်တယ်လို့ ယူဆတာပေါ့။ တွက်ချက်မှုတွေအရ ဝင်ရိုးစွန်းက ရေခဲတွေ အကုန်အရည်ပျော်ရင် မားစ်ပေါ်မှာ မီတာဆယ်ဂဏန်းလောက်နက်တဲ့ သမုဒ္ဒရာတွေဖြစ်ပေါ်လာနိုင်တယ် ဒါပေမဲ့ ဒီနည်းက တရားဝင်ရဲ့လားဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲပါ။

နောက်ပြီးတော့ မားစ်မှာ လုံလောက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏရှိသလားဆိုတာကလည်း ပြဿနာတစ်ခုပါ။ ပုံမှန်အားဖြင့်မားစ်ရဲ့ လေထုဖိအားက ကမ္ဘာရဲ့ ၀.၆ ရာခိုင်နှုန်းပဲရှိတယ်။ ဒါကနာဆာရဲ့ ၂၀၀၈ ဖိုးနစ်ဂြိုဟ်ဆင်းယာဥ် ရဲ့ အချက်အလက်အရပေါ့။ တကယ်လို့ ဝင်ရိုးစွန်းတွေက ကာဘွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးတွေအားလုံးကို အရည်ပျော်အောင်လုပ်ပြီး လေထုထဲထည့်နိုင်ခဲ့ရင်တောင် လေထုဖိအားကကမ္ဘာရဲ့ ၁.၂ ရာခိုင်နှုန်းလောက်ပဲ ရှိအုံးမှာပါ။ဒီပမာဏက အရမ်းနည်းလွန်းပြီး အသက်ရှင်နေထိုင်ဖို့အတွက် အဆင်မပြေသေးဘူး။

ကမ္ဘာလိုမျိုး လေထုဖိအားတစ်ခု ဖန်တီးဖို့အတွက် လုံလောက်တဲ့ ကာဘွန်အရင်းအမြစ်က မားစ်ပေါ်မှာ ရှိနေပြီးသား.. ဒါပေမယ့် အဲ့ဒီရင်းမြစ်တွေအများစုက ဂြိုလ်ရဲ့အပေါ်ယံအလွှာနက်ရှိုင်းတဲ့ အပိုင်းမှာတည်ရှိပြီး ထုတ်ယူဖို့က အကုန်အကျများသလို နည်းပညာအရလည်း စိန်ခေါ်မှုကြီးလွန်းတယ်။

ဖန်လုံအိမ်အခြေပြု ဓါတ်ငွေ့တွေထုတ်ဖို့အတွက် တစ်ခြားအဆိုပြုချက်တွေ ရှိသေးတယ်.. ရေခဲသေတ္တာတွေမှာသုံးတဲ့ အအေးခံကလိုရို ဖလူရိုကာဘွန်ဓါတ်ငွေ့ တွေကို မားစ်ပေါ်မှာထုတ်လုပ်နိုင်လောက်တယ်။ ဒီဓါတ်ငွေ့တွေရဲ့သက်ရောက်အားက CO2 လိုပဲ သိသာပါတယ်။ ကမ္ဘာမှာတော့ အိုဇုန်းလွှာကိုဖျက်စီးပြီး လေထုအောက်ပိုင်းအလွှာကို ပူနွေးစေပါတယ် နောက်တစ်နည်းက အမိုးနီးယားကြွယ်ဝတဲ့ ဥက္ကာခဲတွေကို ဂြိုဟ်မျက်နှာပြင်ပေါ် ပြုတ်ကျဝင်ဆောင့်စေတဲ့ နည်းလမ်းပဲ အမိုးနီးယားက ဖန်လုံအိမ်ဓါတ်ငွေ့တစ်ခုဖြစ်သလို နောက်ပိုင်းကျတဖြည်းဖြည်းနဲ့ အန္တရာယ်မရှိတဲ့ နိုက်ထရိုဂျင်အဖြစ်ပြိုကွဲသွားလိမ့်မယ်။ အဲ့ဒီနိုက်ထရိုဂျင်က ကမ္ဘာပေါ်မှာလိုမျိုး မားစ်လေထုအတွက် အဓိက လေထုဖိအားရင်းမြစ် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီနည်းကလည်း လက်တွေ့မဆန်တဲ့နည်းလမ်းဖြစ်သလို အောင်မြင်ဖို့အတွက် ဥက္ကာခဲထောင်ချီလိုအပ်လိမ့်မယ်။

အပေါ်ကလိုမျိုး နည်းပညာတွေအကုန်လုံး ကျော်လွှားနိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ အဓိက အတားအဆီးတစ်ခု ရှိနေသေးတယ်။ အားကောင်းသံလိုက်စက်ကွင်းတစ်ခုပဲ။ မားစ်ဂြိုဟ်ကို ဆိုလာဝင်းတွေကနေ မကာကွယ်နိုင်ရင် လေထုထဲကသွားမှာပါ၊ ဆန်းသစ်တဲ့စိတ်ကူးတစ်ခုက ဧရာမလျှပ်စစ်သံလိုက်ကြီးတစ်ခုကို ဂြိုဟ်အနီးအနား အာကာသ ဟင်းလင်းပြင်ထဲထားပြီး ဆိုလာဝင်းဒဏ်ကကာကွယ်မယ်ဆိုတာပဲ ကျွန်တော်တို့အနေနဲ့ လျှပ်ကူးလွန် ပစ္စည်းတစ်ခု (Superconductor) ကို မားစ်ကို ရစ်ပတ်တည်ဆောက်ပြီး လူလုပ် သံလိုက်စက်ကွင်းတစ်ခု ဖန်တီးနိုင်ပါတယ်။ ဒါမှမဟုတ် ဂြိုဟ်ရဲ့အူတိုင်ကို ပြန်ရှင်သန်အောင် လုပ်ပြီး သံလိုက်စက်ကွင်းတစ်ခုဖန်တီးနိုင်ပါသေးတယ်။

အဆုံးသတ်အနေနဲ့ မားစ်ကို ပုံစံပြောင်း (Terraforming) ဖို့ ဆိုတာ လက်ရှိနည်းပညာတွေနဲ့ လုံးဝမဖြစ်နိုင်သေးပါဘူး ဒါပေမယ့် ကြယ်တာရာတွေဆီခရီးနှင်ပြီး တစ်ခြား နေအဖွဲ့အစည်းတွေကို နယ်ချဲ့ဖို့ထက် ကမ္ဘာအနီးနားက မားစ်ဂြိုဟ်ကို ကိုလိုနီပြုတာက ပိုလက်တွေ့ဆန်တဲ့အယူအဆဖြစ်သလို ရာစုနှစ်အနည်းငယ်လောက် အတွင်းဖြစ်လာနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ မားစ်ဂ်ြိုဟ်ပေါ်မှာ လူသားတွေနေထိုင်နိုင်ဖို့က အနာဂတ်သိပ္ပံနှင့်နည်းပညာပိုင်းအတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။

Source - Space.com

Image from - Posters.cz


ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိဖြစ်တည်မှုကိုရှာဖွေခြင်း အပိုင်း (၁)

ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိဖြစ်တည်မှုကိုရှာဖွေခြင်း အပိုင်း (၂)


Written By - Julian Htet Aung

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟮-𝟮𝟯 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form