ပုရွက်ဆိတ်တွေက ရာသီဥတုကို အတိအကျ မခန့်မှန်းနိုင်ပါဘူး




ပုရွက်ဆိတ်တွေက ရာသီဥတုအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ကျွန်တော်တို့နိုင်ငံမှာ အင်မတန်ရေပန်းစားပါတယ်။ ပုရွက်ဆိတ်တွေက မိုးရွာတာ၊ မုန်တိုင်းတိုက်တာလိုမျိုး ရာသီဥတုအပြောင်းအလဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ပြီး အသိုက်အမြှုံပြောင်းရွေ့တာမျိုး၊ ဘေးလွတ်ရာပိုင်းကို ရွေ့ပြောင်းကြတာမျိုး စတဲ့ အပြုအမူတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ သက်သေပြချက်တွေ၊ လေ့လာမှုတွေနဲ့ သုတေသနတွေ ရှိရဲ့လားဆိုတာက မေးခွန်းထုတ်ချင်စရာပါ။ ဒီတစ်ခေါက် အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ နောက်ကွယ်က အမှန်တရားကို ကျွန်တော်တို့ အတူတူ ချဉ်းကပ်ကြည့်ကြရအောင်ပါ။ 

ပုရွက်ဆိတ်တွေက ရှုပ်ထွေးတဲ့ ကွန်ယက်ဖွဲ့စည်းပုံတွေ၊ ထူးခြားတဲ့ နေထိုင်မှု သဘာဝတွေနဲ့ ရှင်သန်ကျက်စားကြတဲ့ သက်ရှိတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေက ရာသီဥတုအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းသိရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကတော့ သိပ္ပံနည်းကျ သက်သေပြချက်မျိုး မရှိနေပါဘူး။ 

ယူဆချက်တော်တော်များများမှာ ပုရွက်ဆိတ်တွေက ရာသီဥတုအပြောင်းအလဲနဲ့ပတ်သက်လို့ ကြိုတင်တုံ့ပြန်တဲ့ အပြုအမူတွေရှိကြတယ်လို့ ဆိုပါတယ်။ သူတို့တွေက ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ၊ မိုးတွေ၊ မုန်တိုင်းတွေနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားခါနီးတိုင်း ပိုမိုတက်ကြွလာကြပြီးတော့ ဖြစ်လာမယ့်အရာအတွက် ကြိုတင်ပြင်ဆင်တတ်ကြတယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအပြုအမူတွေက ရာသီဥတုအပြောင်းအလဲကို ခန့်မှန်းနိုင်လို့ထက် တခြားအချက်တွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ 

ပုရွက်ဆိတ်တွေက ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပေမယ့် အဲ့ဒီအဆိုပြုချက်ကို ထောက်ခံဖို့အတွက် သိပ္ပံနည်းကျ သုတေသနတွေ လုံလုံလောက်လောက်မရှိသေးပါဘူး။ လေ့လာမှုတော်တော်များများက ပုရွက်ဆိတ်တွေရဲ့ အပြုအမူတွေနဲ့ ရာသီဥတုအပေါ်လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝတွေအပေါ်မှာပဲ ရှိနေပြီးတော့ ပုရွက်ဆိတ်တွေနဲ့ ရာသီဥတုကိုခန့်မှန်းနိုင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့တော့ တိကျတဲ့ လေ့လာမှုမျိုး၊ သုတေသနမျိုး မရှိနေပါဘူး။ 

ပြောင်းလဲဖို့ရှိတဲ့ ရာသီဥတုအခြေအနေနဲ့ ပတ်သက်လို့ ပုရွက်ဆိတ်တွေ ခန့်မှန်းနိုင်တာ ရှိမရှိကို သိပ္ပံပညာရှင်တွေအနေနဲ့ သုတေသနစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီ့လေ့လာမှုတွေထဲမှာ ပုရွက်ဆိတ်တွေရဲ့ အပြုအမူကို စောင့်ကြည့်လေ့လာပြီးတော့ မိုးလေဝသဆိုင်ရာ အချက်အလက်တွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ ပါဝင်ပါတယ်။ ရလဒ်တွေအရ ပုရွက်ဆိတ်တွေက ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တာမျိုးထက် ရုတ်တရက်ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေတွေကို အလျင်အမြန်တုံ့ပြန်တာမျိုးက ပိုများတာကို တွေ့ရပါတယ်။

အကယ်၍သာ ပုရွက်ဆိတ်တွေက ရာသီဥတုကို ခန့်မှန်းနိုင်တာမျိုးရှိမယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ သူတို့အပြုအမူတွေ အကုန်လုံးက နေရာဒေသမရွေး မျိုးစိတ်မရွေး တသတ်မှတ်တည်း ဖြစ်နေရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ သံတွဲက ပုရွက်ဆိတ်နဲ့ စစ်တွေက ပုရွက်ဆိတ်အုံ နှစ်အုံလုံးက လာမယ့်သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက် ကုန်းမြင့်ပိုင်းကို အသိုက်ရွေ့ပြောင်းတာမျိုးကို အကုန်လုံး လုပ်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တူညီတဲ့ ရာသီဥတုနဲ့ အရပ်ဒေသမှာတောင် ပုရွက်ဆိတ်တွေရဲ့ အပြုအမူတွေက ရာသီဥတု ခန့်မှန်းတာနဲ့ ပတ်သက်လို့ တစ်သတ်မှတ်တည်းရှိမနေဘူးလို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ 

ပုရွက်ဆိတ်တွေရဲ့ အပြုအမူက မျိုးစိတ်၊ ဂေဟဗေဒဆိုင်ရာ အချက်အလက်တွေနဲ့ ကျင်လည်ကျက်စားတဲ့ ပတ်ဝန်းကျင်အပေါ် အများကြီး မူတည်ပါတယ်။ ဥပမာအနေနဲ့ မိုးနည်းတဲ့ဒေသမှာရှိတဲ့ ပုရွက်ဆိတ်တွေက စိုစွတ်တဲ့ဒေသမှာရှိတဲ့ ပုရွက်ဆိတ်တွေနဲ့ နှိုင်းယှဉ်ရင် ကွဲပြားတဲ့အမူအကျင့်တွေ ရှိနေမှာသေချာပါတယ်။ ဒါပေမဲ့ အဆိုပြုချက်အရ မတူညီတဲ့ နှစ်နေရာစလုံးက ပုရွက်ဆိတ်တွေက တူညီတဲ့ အပြုအမူတစ်ခုတည်းနဲ့ ‌ယေဘုယျအနေနဲ့ ရာသီဥတုကို ခန့်မှန်းနိုင်ကြတယ်လို့ တော်တော်များများက လက်ခံထားကြပါတယ်။ ဒီမစီလျော်တဲ့ သတ်မှတ်ချက်မျိုးက ပုရွက်ဆိတ်တွေအနေနဲ့ ရာသီဥတုကို တိတိကျကျခန့်မှန်းနိုင်တယ်ဆိုတဲ့ အယူအဆကို အားနည်းစေပါတယ်။ 

ပုရွက်ဆိတ်တွေက ရာသီဥတုကို အတိအကျခန့်မှန်းနိုင်တာမျိုး မရှိဘူးလို့ သတ်မှတ်နိုင်ပေမယ့် သူတို့အနေနဲ့ အကြမ်းဖျင်းအနေနဲ့ အာရုံခံနိုင်တာမျိုးတော့ ရှိပါတယ်။ ပုရွက်ဆိတ်တွေရဲ့ ဦးမင်က မိုးရွာခါနီးမှာ ပြောင်းလဲဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်က လေထုဖိအား၊ စိုဆိုင်းဆနဲ့ အပူချိန် စတာတွေအပေါ် မူတည်ပြီး မိုးကိုခန့်မှန်းနိုင်တာမျိုး ရှိပါတယ်။

အကျဉ်းချုပ်အနေနဲ့ အခုချိန်ထိလေ့လာတွေ့ရှိထားတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေအပေါ်မူတည်ပြီး ပြောရမယ်ဆိုရင် ပုရွက်ဆိတ်တွေက ရာသီဥတုကို တိတိကျကျမခန့်မှန်းနိုင်ပါဘူး။ ပြောင်းလဲလာမယ့် ရာသီဥတုကို ပတ်ဝန်းကျင်အပေါ်လိုက်လို့ ပင်ကိုဗီဇအရ သိရှိနိုင်ပြီး သူတို့ရဲ့ အသက်ရှင်နိုင်စွမ်းအတွက် ကြိုတင်ပြင်ဆင်တာမျိုးက ပုရွက်ဆိတ်‌တွေရဲ့ ထူးခြားတဲ့အမူအကျင့်တွေထဲက တစ်ခုပါပဲ။ ရာသီဥတုမပြောင်းလဲခင်မှာ သူတို့ရဲ့ အပြုအမူတွေပြောင်းလဲတာက ကြိုတင်ခန့်မှန်းနိုင်လို့မဟုတ်ဘဲ ခုနကပြောခဲ့သလို ပတ်ဝန်းကျင်က လေထုရဲ့ ဖိအား၊ စိုထိုင်းဆနဲ့ အပူချိန်တွေကို အာရုံခံနိုင်လို့ပဲဖြစ်ပါတယ်။ 

ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်လာရင် လူကြိုက်များထင်ရှားတဲ့ ယုံတမ်းကောက်ချက်ချမှုတွေ၊ ရှေးရိုးစွဲယုံကြည်မှုတွေက နားလည်မှုအကြီးကြီးလွဲစေနိုင်တဲ့ အချက်အလက်မှားတွေ ဖြစ်နေနိုင်လို့ အခုလိုအဆိုပြုချက်တွေကို ဆန်းစစ်တဲ့အခါမှာ သိပ္ပံနည်းကျ သက်သေပြချက်တွေ‌၊ သုတေသနတွေနဲ့ အထောက်အထားတွေ အပေါ် အားကိုးဖို့အတွက် လိုအပ်ပါတယ်။ ပုရွက်ဆိတ်တွေက အင်မတန်ထူးခြားတဲ့ သဘာဝနဲ့ သက်ရှိတွေဆိုတာ မှန်ကန်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်တဲ့ အကြောင်းတွေကို လေ့လာတဲ့အခါမှာ သိပ္ပံနည်းကျသုတေသနပြုထားတဲ့ နယ်နိမိတ်ဘောင်အတွင်းကနေ ကျော်လွန်သွားတာမျိုးမလုပ်ဘဲ လေ့လာတွေ့ရှိထားတဲ့ဘောင်အတွင်းကနေပဲ သဘာဝမျိုးစိတ်တွေရဲ့ ထူးထူးခြားခြားအရည်အသွေးတွေကို တန်ဖိုးထားသင့်ပါတယ်။

ဒီဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ပံ့ပိုးကူညီပေးပြီး fact check လုပ်ပေးတဲ့ Native Species Conservation & Identification အဖွဲ့သားတွေကို Fact Hub ကနေပြီး ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အပင်နဲ့ သတ္တဝါတွေနဲ့ ပတ်သက်လို့ သိလိုတဲ့ အကြောင်းအရာအချက်အလက်တွေ မေးမြန်းနိုင်ဖို့နဲ့ မျိုးစိတ်အမျိုးအစားခွဲခြားနိုင်ဖို့အတွက် အောက်ပါလင့်ခ်ကနေတဆင့် NSCI Group ကို join ထားဖို့အတွက် အကြံပြုလိုပါတယ်။

https://www.facebook.com/groups/766618795179532/

Written by - Zwe Thukha Min

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form