မိနစ်သုံးဆယ်ကြာတဲ့ ရေဝက်ဝံ (Tardigrade) တွေရဲ့ ရှားပါး Threesome လိင်ဆက်ဆံမှုအား သိပ္ပံပညာရှင်တစ်ဦးမှ ဗီဒီယိုဖြင့် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့


 

မိနစ်သုံးဆယ်ကြာတဲ့ ရေဝက်ဝံ (Tardigrade) တွေရဲ့ ရှားပါး Threesome လိင်ဆက်ဆံမှုကို သိပ္ပံပညာရှင်တစ်ဦးကနေပြီး ဗီဒီယိုအနေနဲ့ မှတ်တမ်းတင်ရိုက်ကူးထားနိုင်ခဲ့တယ်လို့ Science Alert မဂ္ဂဇင်းက ဆိုပါတယ်။ တာဒီဂရိတ်ခေါ် ရေဝက်ဝံတွေဟာ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အသက်ရှင်နိုင်စွမ်းအမြင့်ဆုံးနဲ့ အသက်အပြင်းဆုံး အဏုဇီဝသက်ရှိတွေဖြစ်ကြပါတယ်။ အဲ့ဒီရေနေကျောရိုးမဲ့ သတ္တဝါလေးတွေက ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်တွေ၊ ဖိအားများတဲ့ ပင်လယ်အနက်ပိုင်းဒေသတွေ အပြင် အာကာသလေဟာနယ်ထဲမှာပါ အသက်ရှင်နေထိုင်နိုင်လို့ အသက်အပြင်းဆုံး သက်ရှိအဖြစ် သတ်မှတ်ကြတာဖြစ်ပါတယ်။ 

The Hidden Beauty of the Microscopic World စာအုပ်ပိုင်ရှင်နဲ့ Journey to the Microcosmos YouTube channel ရဲ့ ပဲ့ကိုင်ရှင် Jame Weiss ရဲ့ အစောပိုင်းကာလက သုတေသနတွေ့ရှိချက်တွေအရ တာဒီဂရိတ်တွေရဲ့ လိင်ဆက်ဆံမှုဟာ ကြမ်းတမ်းပြီးအရိုင်းဆန်ပါတယ်လို့ ဆိုပါတယ်။ Weiss ဟာ ရေကန်တွေ၊ မြစ်တွေ ချောင်းတွေနဲ့ ပင်လယ်တွေမှာ နေထိုင်ကျက်စားတဲ့ ရေနေအဏုဇီဝသက်ရှိတွေကို လေ့လာနေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ Weiss က တာဒီဂရိတ်တွေရဲ့ မိနစ်သုံးဆယ်ကြာမြင့်တဲ့ Threesome လိင်ဆက်ဆံမှုကို အဏုကြည့်ကိရိယာတွေကနေတဆင့် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး တာဒီဂရိတ်တွေရဲ့ အုပ်စုဖွဲ့လိင်ဆက်ဆံတာကို အစောဆုံးရိုက်ကူးနိုင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလည်းဖြစ်ပါတယ်။


တာဒီဂရိတ်တွေရဲ့ Threesome

ပညာရှင်တွေအနေနဲ့ တာဒီဂရိတ်တွေရဲ့ လိင်ဆက်ဆံတာ၊ မိတ်လိုက်တာနဲ့ မျိုးပွားတဲ့လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းလို့ ၂၀၁၆ ခုနှစ်တုန်းက သုတေသနစာတမ်းတစ်စောင်ထုတ်ဝေခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းကာလတွေမှာ တာဒီဂရိတ်တွေရဲ့ လိင်ဆက်ဆံတဲ့ သဘာဝနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကြီးကြီးမားမားမရှိခဲ့ဖူးပါဘူး။ “မကြာသေးခင်အချိန်အထိ တာဒီဂရိတ်‌တွေအပေါ် လေ့လာမှုတွေက ကျယ်ကျယ်ပြန့်ပြန်မရှိသေးပါဘူး။ အဲ့‌တာကြောင့် တာဒီဂရိတ်တွေနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေအကုန်လုံးက ပညာရှင်လူနည်းစုတွေဆီက‌နေပဲ ထပ်ကာတလဲလဲ ထွက်ပေါ်နေရတာပါ။” လို့ Weiss က ပြောပါတယ်။ “တာဒီဂရိတ်တွေနဲ့ ပတ်သက်လို့ စနစ်တကျနဲ့ ပညာရပ်ဆန်ဆန်လေ့လာတာမျိုးမရှိပေမယ့် ကျွန်တော့်အနေနဲ့ သူတို့ကို စိတ်ဝင်စားနေတာ အတော်ကြာပါပြီ။ ဒီအကောင်တွေနဲ့ပတ်သက်လို့ ထူးခြားတဲ့အပြုအမူတွေနဲ့ ဒေတာအချက်အလက်တော်တော်များများကို ကျနော်စုမိထားပါပြီ” လို့ Weiss က ထပ်ပြောပါတယ်။ တာဒီဂရိတ်တွေရဲ့ ထူးခြားတဲ့ အပြုအမူတွေထဲကမှ လောလော‌လတ်လတ်တွေ့ရှိထားတဲ့ တစ်ခုက သုံးပွင့်ဆိုင်လိင်ဆက်ဆံတာပါ။ 

တစ်ရက်မှာ Weiss က တာဒီဂရိတ်တွေကို လေ့လာနေတဲ့ အချိန် အရွယ်အစားအနည်းငယ်သေးတဲ့ တာဒီဂရိတ်နှစ်ကောင်က တာဒီဂရိတ်အကြီးတစ်ကောင်ရဲ့ ဝမ်းဗိုက်အောက်ကို ရောက်နေတာပါ။ ဒီလိုဖြစ်စဉ်မျိုးက ပုံမှန်မဟုတ်ပါဘူး။ သာမန်အားဖြင့် တာဒီဂရိတ်တွေက သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအရာကိုမှ စိတ်ဝင်စားလေ့မရှိပါဘူး။  မိနစ်နှစ်ဆယ်အကြာမှာတော့ တာဒီဂရိတ်အငယ်နှစ်ကောင်က သူတို့ရဲ့ ပါးစပ်နဲ့ တာဒီဂရိတ်အကြီးကို ထိုးဆွပေးနေတဲ့ (တစ်နည်းအားဖြင့် စေ့ဆော်ပေးနေတဲ့ ; Blowjob နဲ့ ဆင်တူ) အပြုအမူမျိုးကို စတင်လုပ်ဆောင်လာပါတယ်။ Weiss က တာဒီဂရိတ်ကျွမ်းကျင်ပညာရှင်တစ်ယောက်မဟုတ်ပေမယ့် အဏုဇီဝသက်ရှိတွေနဲ့ ပက်သက်လို့ လုံလောက်တဲ့ လေ့လာမှုတွေရှိတာကြောင့် တာဒီဂရိတ်အကြီးကောင်ဟာ မျိုးမအောင်သေးတဲ့ မျိုးဥကို သယ်ဆောင်ထားတယ်ဆိုတာကို သူသတိထားမိခဲ့ပါတယ်။ သူပြောတာအရ တာဒီဂရိတ်အသေးနှစ်ကောင်ဟာ အထီးတွေဖြစ်ပြီးတော့ တာဒီဂရိတ်အမနဲ့ မျိုးပွားနိုင်ဖို့အတွက် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ 

ခဏကြာတော့ တာဒီဂရိတ်အမက အညစ်အကြေးစွန့်လိုက်တဲ့အခါ ကျန်တဲ့တာဒီဂရိတ်အထီးနှစ်ကောင်က အမကို ဝိုင်းပြီးတော့ ထိုးကြပါတယ်။ တစ်နည်းအားဖြင့် စတင်လိင်ဆက်ဆံကြပါတယ်။ Weiss ပြောပုံအရ အမရဲ့ အပြုအမူဟာ အထီးတွေကို ဆွဲဆောင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူပြောတာအရ တာဒီဂရိတ်ကျွမ်းကျင်ပညာရှင်တွေက တာဒီဂရိတ်တွေရဲ့ လိင်မှုသဘာဝနဲ့ စပ်လျဉ်းလို့ နက်နက်နဲနဲလေ့လာမှုတွေ မရှိသေးတာကြောင့် အမက အဲ့ဒီအညစ်အကြေးကို စွန့်ရတဲ့ အကြောင်းအရင်းကိုတော့ တပ်အပ်မသိနိုင်ဘူးလို့ ပြောပါတယ်။ ရေထဲမှာဆိုရင် အချင်းချင်း ဓာတုဗေဒအချက်ပြမှုတွေနဲ့ပဲ သက်ရှိတွေက မျိုးပွားမှုကို ချိတ်ဆက်လုပ်ဆောင်နိုင်မှာဖြစ်လို့ တာဒီဂရိတ်အထီးတွေအနေနဲ့ အမတွေကို ရှာဖွေနိုင်ဖို့အတွက် အချက်ပြတာတွေနောက်ကို လိုက်လေ့ရှိပါတယ်။

ဥပမာအနေနဲ့ ခရင်းကောင်တွေဆိုရင် သားဥပိုင်ဆိုင်ထားတဲ့ ခရင်းကောင်ဟာ သူ့ရဲ့ သားဥကြွေတဲ့အချိန်မှာ ဓာတုအနံ့တစ်ခုထုတ်လွှတ်ပြီး ကြေညာ အချက်ပြရှိပါတယ်။ အဲ့ဒီအချက်ပြမှုကို လက်ခံရရှိတဲ့ အနီးအနားက ခရင်းကောင်တွေအနေနဲ့ သားဥပိုင်ရှင်ဆီကို မျိုးပွားဖို့အတွက် ရောက်လာလေ့ရှိပါတယ်။ 


https://facthub-mm.org/2023/04/blog-post_22.html

အသေးစိတ်ကိုတော့ ဒီမှာဖတ်ပါ။


ခုနကဟာပြန်ဆက်ရမယ်ဆိုရင် Weiss ပြောတာအရ တာဒီဂရိတ်အမရဲ့ အညစ်အကြေးစွန့်တာကနေ ရေထဲပတ်ဝန်းကျင်ကို ဓာတုဗေဒအချက်ပြမှုတွေ ထုတ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။ မိနစ်သုံးဆယ်ကြာတဲ့အခါမှာ တာဒီဂရိတ်အထီးနှစ်ကောင်ထဲက တစ်ကောင်က အုပ်စုထဲကနေခွဲထွက်သွားပြီး ကျန်တဲ့နှစ်ကောင်ကနေပဲ လိင်ဆက်ဆံမှုကို ဆက်လက်ပြုလုပ်နေပါတယ်။

ကျန်တဲ့အထီးနဲ့အမက နောက်ထပ်တစ်နာရီကြာအောင် လုပ်ငန်းဆက်လုပ်နေကြပြီးတော့ အခြားတာဒီဂရိတ်စုံတွဲတွေနဲ့ အလားတူတဲ့ မိတ်လိုက်မှုသဘာဝအပြုအမူအတိုင်း လိင်ဆက်ဆံနေကြတာပါ။

 

တာဒီဂရိတ်တွေရဲ့ မျိုးပွားခြင်း

တာဒီဂရိတ်အမတွေက တာဒီဂရိတ်အထီးတွေကို သူတို့ရဲ့မျိုးဥနဲ့ မြှူဆွယ်လေ့ရှိပါတယ်။ 

Weiss က သူ့စာအုပ်ထဲမှာပြောထားတာအရ တာဒီဂရိတ်အထီးတွေက အမြဲလိုလို လိင်စိတ်ထကြွ (ထန်) နေတတ် ပါတယ်။ သူပြောတာအရ “အမတွေက အေးအေးဆေးဆေး ရေညှိတွေလိုက်စားနေချိန်မှာ တာဒီဂရိတ်အထီးတွေက အရူးမီးဝိုင်းလှည့်ပတ်ပြေးလွှားနေပြီးတော့ အမတွေရဲ့ ကျောပေါ်လိုက်တက်နေလေ့ရှိတယ်” လို့ ဆိုပါတယ်။ အထီးတွေက သူတိုရဲ့မိတ်ဖက်ကိုရှာတွေ့ပြီဆိုတာနဲ့ အမရဲ့ခန္ဓာကိုယ်ကို ခြေသည်းတွေနဲ့ကုပ်တွယ်ပြီး လိင်ဆက်ဆံတာ ပြီးမြောက်တဲ့အချိန်အထိ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားမှုမျိုးကို ပြုလုပ်ပြီး အမရဲ့ ကိုယ်တွင်းက အရိုးစုအတွင်း ရှိနေတဲ့ အပေါက်တစ်ပေါက်ထဲကို သုတ်ပိုးထောင်ပေါင်းများစွာထုတ်လွှတ်ပြီး မျိုးအောင်လေ့ရှိပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်တွေအနေနဲ့ အခုချိန်အထိ တာဒီဂရိတ်တွေရဲ့ မျိုးပွားတဲ့ လုပ်ငန်းစဉ်ကို တိတိကျကျလေ့လာသိရှိနိုင်တာမျိုး မရှိသေးပါဘူး။ တာဒီဂရိတ်အကုန်လုံးက လိင်ဆက်ဆံပြီးမှ မျိုးပွားနိုင်တာတော့ မဟုတ်ပါဘူး။ တချို့တာဒီဂရိတ်မျိုးစိတ်တွေဆိုရင် အမတွေချည်းရှိပြီး လိင်မဲ့မျိုးပွားခြင်း၊ တစ်နည်း မျိုးအောင်စရာမလိုဘဲ မျိုးပွားနိုင်တဲ့ နည်းလမ်း (parthenogenesis) ကို အသုံးပြုပြီး မျိုးပွားနိုင်တယ်လို့ Weiss က ပြောပါတယ်။ တာဒီဂရိတ်‌တွေအနေနဲ့ မျိုးပွားတာကိုလုပ်ဆောင်ဖို့အတွက် ပတ်ဝန်းကျင်ကိုက်ညီမှုမရှိတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ မျိုးပွားတဲ့ နည်းစနစ်ကို ပြောင်းတာမျိုး လုပ်နိုင်ချေရှိတယ်လို့ သူကပြောပါတယ်။ ဒီသီအိုရီနဲ့ ပတ်သက်လို့တော့ ကျွမ်းကျင်ပညာရှင်တွေက အခုအချိန်ထိ လေ့လာစရာအများကြီးကျန်ရှိနေသေးတာဖြစ်ပါတယ်။  တာဒီဂရိတ်တွေလို ရေနေမျိုးစိတ်အများစုကတော့ အထီးရော အမပါ ပါဝင်ပြီး လိင်ဆက်ဆံမှ မျိုးအောင်တဲ့ မိတ်လိုက်နည်းမျိုးကိုပဲ အဓိကသုံးပြီး မျိုးပွားလေ့ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တာဒီဂရိတ်တွေရဲ့ သက်တမ်းက တိုတောင်းပြီး မှတ်တမ်းတင်နိုင်ခဲ့ထဲ အကြာဆုံးအသက်ရှင်နိုင်တဲ့ သက်တမ်းက ရှစ်ပတ်သာ ကြာမြင့်ပါတယ်။ တာဒီဂရိတ်တွေရဲ့ သုံးပွင့်ဆိုင် အုပ်စုဖွဲ့လိင်ဆက်ဆံတဲ့ ဗီဒီယိုကို အောက်ပါလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  


https://www.youtube.com/watch?v=6PP4kR9zCtc

ဗီဒီယိုကြာချိန် 13 မိနစ်နဲ့ 25 စက္ကန့်မှာ စတင်ပါတယ်။


Source - Science Alert

Image - Science Alert

Written by - Zwe Thukha Min

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form