“သရုပ်ဖော်ရေးသားခြင်းနှင့် နိမိတ်ပုံများကြားက ဆက်စပ်ချက်”


"နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ" - ဖတ်ရန်နှိပ်ပါ

====


နိမိတ်ပုံဖန်တီးရာတွင် အသုံးပြုသော သရုပ်ဖော်နည်းသည် ဝတ္ထုများတွင် ထည့်သွင်းရေးသား လေ့ရှိသော သာမန်သရုပ်ဖော်နည်းများနှင့် မတူဘဲ စာရေးဆရာ၏ စေတနာနှင့် အတွေးခံစားမှုအသိ တို့ထိပါ ထင်ဟပ်နိုင်သော နည်းစနစ်ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ “နိမိတ်ပုံ /Image/ မှတ်စု နှင့် မှတ်ချက်အချို့” တွင် မောင်ဇော်က “နိမိတ်ပုံဆိုတာ သာမန်သရုပ်ဖော်ပုံထက် အဆင့်မြင့်တယ်။ သာမန်သရုပ်ဖော်ပုံက အာရုံခံစားမှုအသိမှာ ရပ်တန့်တယ်။ နိမိတ်ပုံက ဉာဏ်အသိထိ ဆက်သွားတယ်။ နိမိတ်ပုံ စာပေနိမိတ်ပုံဆိုတာ အမြင်သစ်၊ အသိသစ်တစ်ခုကို ပေးတဲ့ ဘာသာစကား အဖွဲ့ (ဝါ) တင်စားချက် (ဝါ) အထူးတင်စားချက်တစ်ခု ဖြစ်တယ်” ဟူ၍ ဆိုထားသည်။ ထိုကြောင့် တင်ပြလိုသော အတွေးအမြင်နှင့် အသိသညာတို့ကို စာဖတ်သူတို့က နိမိတ်ပုံများကို ဖတ်ရှုခြင်းမှတစ်ဆင့် သိနိုင်အောင် သရုပ်ဖော်ရေးသားခြင်းဖြစ်သည် ဟု ဆိုနိုင်သည်။


သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံများကို ဖန်တီးနိုင်သော နည်းနာများနှင့် ပတ်သက်၍ “တိုက်ရိုက်ဖွဲ့အမြင်နိမိတ်ပုံ” တွင် မျိုးသန့်၏ ရေးသားဖော်ပြချက်အရ -

“(၁) ဘေးက ရှုမြင်သူအနေနှင့် အားလုံးသိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်မှု

(၂) အာရုံရုပ်နိမိတ်ပုံတစ်ခုချင်းစီထဲ ဝင်စားပြီး သရုပ်ဖော်မှု

(၃) ဇာတ်ဆောင်ပါဝင်ပါက ထိုဇာတ်ဆောင်နေရာက ဝင်စားပြီး သရုပ်ဖော်မှု”

ဟူ၍ သုံးမျိုးရှိကြောင်း တွေ့ရသည်။


ယခုနောက်ပိုင်းတွင် ဝတ္ထုတိုများ ဖန်တီးရာတွင် စာရေးဆရာများသည် အားလုံးသိရှုထောင့်ကို သုံးမည့်အစား ကန့်သတ်သိရှုထောင့်ကို ပို၍ အသုံးများလာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ဤနည်းစနစ် ၃ မျိုးမှ ဘေးက ရှုမြင်သူအနေနှင့် အားလုံးသိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်မှုအစား ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်မှု ဟူ၍ ရှုထောင့်ပြောင်းလဲပြီး လေ့လာမည့် နည်းစနစ်နှင့် ဇာတ်ဆောင်ပါဝင်ပါက ထိုဇာတ်ဆောင်နေရာက ဝင်စားပြီး သရုပ် ဖော်မှု ဟူသော နည်းစနစ် (၂) ခုကို ဝတ္ထုတိုများတွင် မည်သို့မည်ပုံ သုံးထားကြောင်း လေ့လာကြည့်ကြရအောင်။


ပထမဦးစွာ ဘေးကရှုမြင်သူအနေနှင့် ကန့်သတ်သိ ရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးမှုအကြောင်း ဆန်းစစ်ကြည့်ပါမည်။


ဝတ္ထုတိုများတွင် အသုံးပြုသော ဘေးကရှုမြင်သူအနေနှင့် အားလုံးသိ ရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းနှင့် ပတ်သက်၍ “ဝတ္ထုတိုသဘောတရား ဝတ္ထုတိုအတတ်ပညာ” တွင် မမိုးမြေက “အားလုံးသိရှုထောင့် ဆိုသည်မှာ ဇာတ်ကြောင်းပြောသူမှာ စာရေးဆရာဖြစ်သည်။ ဇာတ်လမ်းတွင်း၌ မပါဘဲ ဇာတ်လမ်းပြင်ပမှ နေ၍ ဇာတ်ကြောင်းပြောသည်။ စာရေး ဆရာသည် ဇာတ်ဆောင်အားလုံး၏ ကိုယ်၊ နှုတ်၊ နှလုံး ဆိုသည့် ကံသုံးပါးအမူအရာ ကို သိခွင့်ယူထားပြီး ဇာတ်ကြောင်းပြောခြင်းဖြစ်သည်။ အားလုံးသိရှုထောင့်ကို သုံး ခြင်းဖြင့် စာရေးသူအနေနှင့် ဇာတ်ဆောင်အားလုံး၏ အကြောင်းကို အတွင်းကျကျ ပုံဖော်ရေးသားနိုင်ခွင့်ရှိသည်” ဟူ၍လည်းကောင်း၊ “တိုက်ရိုက်ဖွဲ့အမြင်နိမိတ်ပုံ” တွင် မျိုးသန့်က “ဘေးက ရှုမြင်သူအနေနှင့် အားလုံးသိရှုထောင့်မှ ဝင်စားပြီး သရုပ်ဖော်မှုမှာ ဝတ္ထု ရေးဖွဲ့မှုနှင့် ယှဥ်၍ ပြောရပါက စာရေးဆရာက နေရာတကာ ဝင်ပါပြီး အားလုံးသိရှု ထောင့်မှ ဖွဲ့ပုံမျိုးနှင့် ဆင်သည်။ အပြောများများ အပြနည်းနည်း သဘောမျိုးဖြစ် သည် ဟု ဆိုရမည်ထင်သည်” ဟူ၍လည်းကောင်း အသီးသီး ဆိုခဲ့ကြသည်။ ထိုအဆိုများအရ ဤသရုပ်ဖော်နည်းတွင် စာရေးဆရာ သည် မိမိ ဖန်တီးသော ဇာတ်လမ်းတွင် ပါဝင်သည့် ဇာတ်ဆောင်အားလုံး၏ လုပ်ပိုင်ခွင့်အားလုံးကို ရရှိထားပြီး လိုအပ်သလို စိတ်တိုင်းကျ ဝင်ပြောခွင့်ရှိသည်ကို တွေ့နိုင်သည်။ အပြနည်းပြီး အပြော များသော အဖွဲ့များဖြစ်သည်။


အထက်တွင် ဆိုခဲ့သည့်အတိုင်း အားလုံးသိရှုထောင့်သည် ယနေ့တွင် စာရေးဆရာများ အကြား အသုံးနည်းလာသည့်အလျောက် ကန့်သတ်သိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းက ပို၍ အသုံးပြုမှု အားကောင်းလာခဲ့သည်။ ကန့်သတ်သိရှုထောင့်နှင့် ပတ်သက်၍ “ဝတ္ထုတိုသဘောတရား ဝတ္ထုတိုအတတ်ပညာ” တွင် မမိုးမြေက “ကန့်သတ်သိရှုထောင့်တွင် ဇာတ်ကြောင်းပြောသူမှာ စာရေးသူပင်ဖြစ်သည်။ ဇာတ် ကြောင်းအပြောခံ ဇာတ်ဆောင်တို့ကို ရည်ညွှန်းရာ၌ “သူ” နာမ်စားကို သုံးလေ့ရှိ သည်။ ဇာတ်ဆောင်၏ အမည်ကို တိုက်ရိုက်သုံးလေ့ရှိသည် … ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ဆောင်အားလုံး၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအရာကို သိခွင့်ယူထားခြင်း မဟုတ်ဘဲ အဓိကဇာတ်ဆောင်တစ်ဦး (သို့) နှစ်ဦးခန့်၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအရာကို သိခွင့်ယူ၍ ရေးသားခြင်းဖြစ်ပါသည်” ဟူ၍ ဆိုထားသည်။


ထိုအဆိုအရ ကန့်သတ်သိရှုထောင့်သည်လည်း အားလုံးသိရှုထောင့်ကဲ့သို့ပင် ဘေးက ရှုမြင်သူအနေနှင့် ဝင်စားပြီး သရုပ်ဖော်နည်းပြီး သိခွင့်နယ်ပယ်ကို ပို၍ ကန့်သတ်လိုက်ခြင်းသာ ဖြစ်သည်သည်ကို တွေ့နိုင်ပါသည်။ ထို့ကြောင့် ဤနည်းဖြင့် နိမိတ်ပုံဖန်တီးမှုသည်လည်း စာရေးသူကိုယ်တိုင်က ဇာတ်လမ်းတွင် ထိုက်သင့်သလောက် ဝင်ပြောပြီး အပြအဖွဲ့များကိုလည်း ဆီလျော်အောင် ထည့်သွင်းသရုပ်ဖော်သည့် နည်းဟု ဆိုနိုင်ပေသည်။         ။


ဆက်ရန် . . .


ကျမ်းကိုးစာရင်း


ဇော်ဇော်အောင်။ (၂၀၁၃)။ နိမိတ်ပုံ၊ Image နှင့် မှတ်ချက်အချို့၊ ဇော်ဇော်အောင်၏ စာကလေးများ။ ရန်ကုန်၊ အက္ခရာစာပေ။

မိုးမြေ၊ မ။ (၂၀၁၇)။ ဝတ္ထုတိုသဘောတရား ဝတ္ထတိုအတတ်ပညာ။ ရန်ကုန်၊ စိုးမိုးလွင် မိသားစု စာပေ။

မျိုးသန့်။ (၁၉၉၅၊ ဒီဇင်ဘာ)။ တိုက်ရိုက်ဖွဲ့အမြင်နိမိတ်ပုံ၊ စာပေဂျာနယ်-အတွဲ-၃၊ အမှတ်-၄။ ၁၄၅-၁၄၉။


#Fact_Hub #Language #Linguistics #Article #Literature_Analysis_2

Post a Comment

Previous Post Next Post

Contact Form