ကျောက်ဖြစ်ရုပ်ကြင်းတွေဟာ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး ဘာတွေကိုပြောပြနေသလဲ



လူသားတို့နေထိုင်ရာ ဒီကမ္ဘာမြေကြီးဟာ အမျိုးအစားစုံလှတဲ့ အပင်တွေ၊ မှိုတွေနဲ့ အစရှိတဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျက်စားနေထိုင်ရာ ဒေသဆိုရင်လဲ မမှားပါဘူး။ ဒီကမ္ဘာကြီးဟာ ယနေ့ခေတ်မှာတင်မကဘဲ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှင်သန်ခဲ့ကြတဲ့ သက်ရှိတို့ရဲ့ အိမ်ဖြစ်ခဲ့ပါတယ်။ ဒီအိမ်ကြီးဟာ သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး ရာသီဥတုတွေ၊ ပထဝီမြေတွေ၊ မြေအောက်ရေနဲ့ မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ ရေတွေရဲ့ အပြောင်းအလဲရှိ‌နေတဲ့ နေရာတစ်ခုလဲ ဖြစ်နေပါတယ်။ ဒီလိုနေရာမျိုးမှာ နေထိုင်ခဲ့ကြတဲ့ သက်ရှိတွေဟာ သေဆုံးသွားကြတာတောင်မှ ပြီးမသွားကြသေးဘဲ ယခုခေတ်လူသားတွေကို ရှေးကမ္ဘာမြေအကြောင်း များစွာ ပြောပြလျက်ရှိနေပါတယ်။ 

ကျောက်ဖြစ်ရုပ်ကြွင်း (Fossil) တွေကို လေ့လာခြင်းအားဖြင့် ကမ္ဘာမြေပေါ်မှာ သက်ရှိတွေ ဘယ်လိုဖြစ်တည်ခဲ့တယ်၊ ဘယ်လိုရှင်သန်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ၊ ရှေးခေတ်ကအပင်နဲ့ တိရိစ္ဆာန်အကြောင်းတွေအပြင် သက်ရှိတွေဟာ ဘယ်လိုဆင့်ကဲပြောင်းလဲခဲ့ကြတယ် ဆိုတဲ့ အချက်အလက်တွေကိုပါ သိရှိနိုင်ပါတယ်။ 

ဒီကမ္ဘာမြေကြီးပေါ်မှာ သက်ရှိတွေ စတင်ဖြစ်ပေါ်ပြီးကတည်းက ယခုအချိန် သက်တမ်းတစ်လျှောက်လုံးမှာ မျိုး​တုန်းပျောက်ကွယ်သွားတဲ့ သက်ရှိတွေရှိသလို ယနေ့ခေတ်အထိ ဆင့်ကဲပြောင်းလဲလာပြီး ရှင်သန်လာခဲ့ကြတဲ့ သက်ရှိတွေလဲရှိနေပါတယ်။ Fossil တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ဒီသက်ရှိတွေရဲ့အကြောင်းကို လေ့လာရာမှာ အထောက်အကူဖြစ်စေပါတယ်။ 

သက်ရှိတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဆင့်ကဲပြောင်းလဲပြီး အသက်ရှင်နေထိုင်လာခဲ့ကြတယ်ဆိုတာကိုလဲ Fossil တွေက အချက်အလက်တွေ ပေးလျက်ရှိနေပါတယ်။ အကျိုးသက်ရောက်မှုများတဲ့ ရာသီဥတု အပြောင်းအလဲတစ်ခုဟာ သက်ရှိမျိုးစိတ်အချို့ကို မျိုးတုန်းသွားစေပြီး တချို့မျိုးစိတ်တွေကိုတော့ ဒီရာသီဥတုနဲ့ ကိုက်ညီအောင် အသက်ရှင်နေထိုင်ဖို့အတွက်ကို အခွင့်အရေးပေးပါတယ်။ ဒီလိုနဲ့ပဲ သက်ရှိတွေဟာ ဆင့်ကဲပြောင်းလဲလာခဲ့ကြတာ ယနေ့အချိန်အထိပါပဲ။ 

Fossil တွေဟာ ဥတုအခြေအနေပြောင်းလဲခြင်း (Climate Change) အကြောင်းတွေကိုလဲ ညွှန်ပြနိုင်ပါတယ်။ ကမ္ဘာမြေပေါ်ကို ကြယ်တံခွန် (comet) တစ်ခုက ဝင်တိုက်ခဲ့ပြီး ဒိုင်နိုဆောတွေကို မျိုးတုန်းသွားစေခဲ့တာဟာ
အဲ့ခေတ်တုန်းက သက်ရှိတွေအတွက်တော့ သမိုင်းကြောင်းမလှပခဲ့ပေမဲ့ ဒီကြယ်တံခွန်ဟာ ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်အပေါ် မူတည်ပြီး နောက်ထပ်သက်ရှိတွေရဲ့ ဘဝအသစ်တွေ စတင်လာခဲ့ပါတယ်။ 

တခြားဥပမာတစ်ခုကတော့ စာဖတ်သူတို့ကြားဖူးနားဝရှိကြမဲ့ "Ice Age" လို့ခေါ်တဲ့ ရေခဲခေတ်ပဲဖြစ်ပါတယ်။ ရေခဲခေတ်ဖြစ်တဲ့အလျောက် တစ်ကမ္ဘာလုံး နေရာအနှံ့အပြားမှာ ရေခဲတွေဟာ အုပ်ဆိုင်းနေပြီး ဒီပတ်ဝန်းကျင်မှာ မနေနိုင်ခဲ့ဘဲ ပျောက်ကွယ်သွားကြတဲ့ သတ္တဝါတွေရှိသလို ဆင့်ကဲပြောင်းလဲပြီးတော့ ရှင်သန်နေထိုင်ခဲ့တဲ့ သတ္တဝါတွေလဲ ရှိခဲ့ပါတယ်။ အမွှေးရှည်ဆင် (Mammoth) ၊ အစွယ်ရှည်ကြောင် (Saber-toothed Cat) နဲ့ ဘိုင်ဆန် (Bison) သတ္တဝါတွေဟာ အဲ့ခေတ်ရဲ့ လူသိများတဲ့ ဇာတ်လိုက်တွေပါပဲ။ ဒီလို ခေတ်တစ်ခုချင်းစီရဲ့ အဖြစ်အပျက်တွေ၊ ရာသီဥတုအခြေအနေတွေနဲ့ ကျက်စားခဲ့ကြတဲ့ တိရစ္ဆာန်တွေရဲ့အကြောင်းကို အဓိကပြောပြပေးတဲ့သူဟာလည်း Fossil တွေပါပဲ။

သိပ္ပံပညာရှင်တွေဟာ သူတို့ရှာဖွေတွေ့ရှိတဲ့ Fossil တွေရဲ့ အသက်ကိုတွက်ချက်ခြင်း၊ ဒီ Fossilတွေ နှစ်မြှုပ်နေခဲ့တဲ့ မြေဆီလွှာ (Soil) ကို လေ့လာခြင်းအားဖြင့် သက်ရှိသတ္တဝါတစ်ကောင်ကောင်ရဲ့အကြောင်းကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်‌နေတဲ့ လူသားတွေရဲ့အနီးမှာ အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ရုပ်ကြွင်းတွေလဲ ရှိနေခဲ့မယ်ဆိုရင် ဒါဟာ အဲ့ဒီခေတ်တုန်းက ဒီလူသားတွေ ဘယ်လိုအပင်တွေကြားမှာ နေထိုင်ခဲ့ကြသလဲ၊ ဘယ်လိုအပင်တွေကို စားသုံးခဲ့ကြသလဲ၊ ဘယ်လိုတိရစ္ဆာန်တွေကို အမဲလိုက်ခဲ့ကြသလဲဆိုတဲ့ အချက်တွေကိုပြပါတယ်။ အပင်နဲ့ တိရစ္ဆာန်တို့ရဲ့ Fossil မှာ ရောဂါတွေကို ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်‌ တော့ အဲ့ခေတ်ကလူသားတွေရော ဒီရောဂါကို ခံစားခဲ့ကြဖူးလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချကြပါတယ်။ 

လူသားတွေရဲ့ Fossil ကိုလေ့လာပြီး သူတို့စားသုံးခဲ့ကြတဲ့ အစားအစာတွေကို လေ့လာခြင်းအားဖြင့်လဲ အဲ့ဒီခေတ်ကလူသားတွေဟာ ဘယ်လိုလူမျိုးဖြစ်သလဲ၊ အမဲလိုက်သမားတွေလား၊ စိုက်ပျိုးမွေးမြူသူတွေလား၊ တိုက်ခိုက်ရေးသမားတွေလား ဆိုတဲ့ အချက်အလက်တွေကိုပါ သိနိုင်ပါတယ်။ 

Fossil တွေဟာ ယနေ့ခေတ်လူသားတွေ မမီလိုက်တဲ့ ရှေးကမ္ဘာရဲ့ ပတ်ဝန်းကျင်၊ ရာသီဥတုအခြေအနေ၊ မြေထုရေထုပြောင်းလဲပုံ၊ ရှင်သန်ခဲ့ကြတဲ့ သက်ရှိသတ္တဝါတွေအကြောင်း ကို များစွာသတင်းပေးလျက်ရှိနေပါတယ်။ ရှေးခေတ်က Fossil တွေဟာ ယနေ့ခေတ်မှာ သူတို့ရဲ့သမိုင်းကြောင်းကို အများကြီးပြန်လည်ပြောပြနေသလို တစ်ချိန် ကျွန်တော်တို့ဟာလဲ Fossil တွေဖြစ်သွားကြတဲ့အခါ အနာဂတ်သိပ္ပံပညာရှင်တွေက ကျွန်တော်တို့ ကမ္ဘာမြေကြီးအကြောင်းကို ကျွန်တော်တို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကတစ်ဆင့် သမိုင်းတစ်ခုအနေနဲ့ နောက်မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းကြရမှာပဲ ဖြစ်ပါတယ်။

References - Today, T. (2020, October 23). Fossils tell us about the past. Telangana Today.
What can fossils tell us. (n.d.). The Learning Zone.

Written by - Aye Chan Oo
Edited by - Mori
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Fossil #Article #Science #Earth #Paleontology #General_Science

Post a Comment

Previous Post Next Post

Contact Form