ရွှေတို့ရဲ့ ဆန်းကြယ်သော တည်ရှိမှု



ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ ရွှေတွေရဲ့ ဖြစ်ပေါ်မှုဟာ ကမ္ဘာ့ပြင်ပနေရာကနေ စတင်ခဲ့တယ်လို့ ပြောမယ်ဆိုရင် စာဖတ်သူတို့ အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ ရွှေဆိုတာ သတ္တု (Metal) တစ်မျိုးဖြစ်ပြီးတော့ သူ့မှာ တခြားသတ္တုတွေနဲ့ မတူဘဲ တစ်မူထူးခြားနေတဲ့ ဂုဏ်ရည်ဂုဏ်သွေးနဲ့ တည်ရှိမှုတွေရှိပါတယ်။ ရွှေဟာ လှပခြင်း၊ အလွယ်တကူ ပုံသွင်းလို့ ရနိုင်ခြင်းနဲ့ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ ပျက်စီးယိုယွင်းသွားခြင်း မရှိတာတွေကြောင့် ဂုဏ်သတင်း ကျော်ကြားလှပါတယ်။ ရွှေဟာ လူသားမျိုးနွယ်စုတွေရဲ့ အလှအပရေးရာ ကဏ္ဍမှာလဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေပါသေးတယ်။

အီဂျစ်လူမျိုးတွေဟာ ရွှေကို "Breath of God" လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒီလိုတင်စားပုံကို ထောက်ရရင် ရွှေဟာ အရေးပါတဲ့ သတ္တုတစ်ခု ဖြစ်နေကြောင်းကို ဦးတည်ဖော်ပြ‌နေပါတယ်။ ရွှေဟာ ဂရိဒဏ္ဍာရီတွေထဲမှာလဲ ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ဂရိတို့ရဲ့ ဒဏ္ဍာရီထဲမှာတော့ ဘုရင်ကြီး Midas ဟာ အရာဝတ္တုတွေကို လက်နဲ့ ထိလိုက်ရုံနဲ့ အဲ့ဒီအရာဝတ္ထုတွေကို ရွှေအဖြစ် ပြောင်းလဲပစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်လဲ ရွှေဟာ ရှေးခေတ်ကတည်းက တန်ဖိုးကြီးကြောင်း ထင်ရှားလှပါတယ်။ အဲ့သလို ရှေးခေတ်ကတည်းက ဂုဏ်သတင်းထင်ရှားတဲ့ ရွှေဟာ ဘယ်ကနေ စတင်ပေါ်ပေါက်လာခဲ့တာလဲ ဆိုတာကတော့ လူသားတို့အတွက် မေးစရာတွေ ဖြစ်လာတာပါ။

ရွှေရဲ့ သန့်စင်တဲ့ အမျိုးအစားဟာ လုပ်ယူခြင်းခံရတာမျိုး မဟုတ်ဘဲ သဘာဝအရ ကမ္ဘာမြေကြီးရဲ့ နက်ရှိုင်းတဲ့ တစ်နေရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ရှေးအင်ကာ လူနေမှုစနစ် (The Inca Civilization) မှာ နေတဲ့ လူသားတွေကတော့ ရွှေကို "The sweat of the sun" လို့ ခေါ်စမှတ်ပြုခဲ့ကြပါတယ်။ သူတို့က ရွှေဟာ နေကနေ စတင်ဖြစ်ပေါ်လာကြောင်း ယုံကြည်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ အမှန်တကယ်ပဲ ရွှေရဲ့ မူလဇာစ်မြစ်ဟာလဲ ကြယ်တွေက တစ်ဆင့် ဖြစ်ပေါ်လာခဲ့တာကြောင့် သူတို့ရဲ့ ယုံကြည်မှုဟာ တကယ်ပဲ မှန်ကန်နေခဲ့ပါတယ်။

စာဖတ်သူတွေအတွက်တော့ ကြယ်တွေဟာ ရွှေတွေကို ဖန်တီးပေးတယ်ဆိုတာ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ဖြစ်‌နေမှာပါ။ အင်ကာသားတို့ ယုံကြည်ခဲ့ကြတဲ့ ရွှေစတင်ပေါ်ပေါက်ရာ‌ မူလအစဖြစ်တဲ့ နေဟာလဲ ကြယ်တစ်ခု ဖြစ်ပါတယ်။ နေရဲ့ အလယ်အူတိုင်မှာ နျူးကလီးယားဖျူးရှင် (Nuclear Fusion) လို့ ခေါ်တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်နေပါတယ်။ ဒီဖြစ်စဥ်ကြောင့် နေလုံးကြီးဟာ ဒြပ်စင်တွေဖြစ်တဲ့ အိုင်းရွန်း (iron)၊ နစ်ကယ် (nickel)၊ ကယ်ဆီယမ် (calcium) နဲ့ ဆိုဒီယမ် (sodium) အပါအဝင် "Heavy element" လို့ ခေါ်တဲ့ ယူရေနီယမ် (uranium) ဒြပ်စင်တွေကိုပါ ဖန်တီးပေးနေပါတယ်။ ဒါပေမဲ့လဲ နေလုံးကြီးရဲ့ ဒီနျူးကလီးယားဖျူးရှင်ဟာ ရွှေကိုဖန်တီးဖို့အတွက်တော့ လုံလောက်တဲ့ စွမ်းအင် မရှိပါဘူး။ ရွှေဟာ ကြယ်တွေ လောင်စာကုန်ပြီး စူပါနိုဗာ (Supernova) အနေနဲ့ ပေါက်ကွဲရာကနေ စွမ်းအင်အများအပြား ထွက်ပေါ်လာတာကြောင့်ပဲ ဖြစ်ပေါ်လာနိုင်တာပါ။ (Fission, fusion ကို ကောမန့်မှာ ကြည့်ပါ။ ဆက်စပ်ဆောင်းပါးလဲ ဖော်ပြပေးထားပါမယ်။)

ကြယ်တွေရဲ့ စူပါနိုဗာပေါက်ကွဲမှုတွေဟာ ကမ္ဘာပေါ်မှာ ယခုလက်ရှိ တွေ့မြင်နေရတဲ့ မြောက်များစွာသော ရွှေတွေကို မွေးဖွားပေးရာ အစဖြစ်ခဲ့ပါတယ်။ ကြယ်တွေ သေဆုံးတဲ့အခါမှာ စွမ်းအင်ကြီးမားတဲ့ စူပါနိုဗာ ပေါက်ကွဲမှုကြီးတစ်ရပ် ဖြစ်ပေါ်လာပြီး နျူထရွန် (Neutron) အမြောက်အများကို ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီနျူထရွန်တွေဟာ ပေါက်ကွဲမှုအတွင်း အချင်းချင်း ပေါင်းစပ်သွားကြပြီးတော့ ရွှေ၊ ယူရေနီယမ်နဲ့ အခြားလေးလံတဲ့ သတ္တုတွေဖြစ်ကြတဲ့ အိုင်းရွန်းနဲ့ ကော့ပါး (copper) တွေကို ဖြစ်ပေါ်လာစေပါတယ်။ ရွှေနဲ့ ယူရေနီယမ်တွေ ဖြစ်ပေါ်လာတဲ့ ဖြစ်စဥ်ကိုတော့ Rapid Neutron Capture (သို့) r-process လို့ ခေါ်ပါတယ်။ ဒီဖြစ်စဥ်မှာတော့ ရွှေနဲ့ ယူရေနီယမ်တို့ရဲ့ နျူးကလီးယပ်စ် (nucleus) အတွင်းကို နျူထရွန်တွေက အလျင်အမြန်ပဲ နေရာယူကြပြီး စက္ကန့်ပိုင်းအတွင်း အက်တမ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲ့ဒီမှာမှသာ ရွှေဆိုတဲ့ ကိုယ်ထည်ကြီးကို ဖြစ်ပေါ်လာစေမဲ့ အက်တမ်လေးတွေ စတင်ဖြစ်ပေါ်လာတာပါ။ တချို့စစ်တမ်းတွေအရ ရွှေဟာ ကြယ်တွေကနေ ဖြစ်ပေါ်လာတယ်လို့ ဆိုကြတဲ့အပြင် နျူထရွန်ကြယ်တွေ ဆွဲကပ်တိုက်မိတဲ့ ဖြစ်စဉ် (Collision of Neutron Stars) ကြောင့် ရွှေတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ သီအိုရီတွေလဲ ရှိနေပါတယ်။ ဘယ်လိုပဲဆိုဆို အာကာသထဲက ဒီရွှေတွေ ကမ္ဘာပေါ်ကို ဘယ်လို ခရီးတွင်လာသလဲ ဆိုတာကဲ မေးစရာ၊ တွေးစရာလေးတွေ ဖြစ်လာပြန်ပါတယ်။

ဆိုတော့ကား အတိတ်က ဘီလီယမ်နှစ်တွေထဲ တစ်ခုဖြစ်တဲ့ ကမ္ဘာမြေပေါ်ကို ဥက္ကာပျံကြီးတစ်ခု ကျရောက်လာတဲ့ တစ်နေ့ဆီကို ပြန်သွားကြပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယမ်လောက်တုန်းက ကမ္ဘာမြေပေါ်ကို ဥက္ကာပျံကြီးတစ်ခု ဝင်တိုက်ခဲ့တဲ့အဖြစ်အပျက်ကိုတော့ စာဖတ်သူတို့ ကြားဖူးနားဝရှိကြမယ်လို့ ထင်ပါတယ်။ ဒီဥက္ကာပျံကြီးဟာ ပမာဏများပြားလွန်းတဲ့ ရွှေတွေကို သယ်ဆောင်လာတာပါ။ ဒီဥက္ကာပျံကပဲ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို ရွှေတွေဖြန့်ကြဲပေးပြီး ကမ္ဘာ့အူတိုင်နဲ့ အတွင်းနက်ပိုင်းတွေမှာလည်း ရွှေအထူလွှာကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ရွှေတွေ ကမ္ဘာမြေဆီကို ခရီးဖြတ်သန်းလာခဲ့ပုံဟာ စိတ်ဝင်စားစရာတော့ ကောင်းလှပေမဲ့ ဥက္ကာပျံကြီး ဝင်တိုက်စဥ်တုန်းက ကမ္ဘာမြေပေါ် ရှိခဲ့တဲ့ သက်ရှိတွေအတွက်ကတော့ သမိုင်းမလှပခဲ့ပါဘူး။

ဒါပေမဲ့လဲ နည်းပညာတွေနဲ့ သိပ္ပံပညာတွေ တိုးတက်လာတာနဲ့အမျှ ပညာရှင်တွေဟာ အခြားဒြပ်ပစ္စည်းတွေကို ရွှေအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြတာဟာ ရှေးအဂ္ဂိရတ်ပညာ (Alchemy) ခေတ်ကတည်းကနေ ယနေ့ ခေတ်သစ်ဓာတုခေတ် (Modern Chemistry) အထိတိုင်ပါပဲ။ ဒီပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှု၊ လေ့လာမှုတွေနဲ့အတူ သိပ္ပံပညာဟာလဲ ဆက်ပြီးတော့ ခမ်းနားနေဦးမှာပါ။

References - scienceabc. com | Where Did Earth’s Gold Come From? Is It An Alien Element?

Written by - Aye Chan Oo
Edited by - Mori
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Science #Article #General_science #Gold #Where_did_earth_gold_come_from

Post a Comment

Previous Post Next Post

Contact Form