အလင်းနှစ် ၁.၉ ဘီလျံအကွာ စူပါနိုဗာပေါက်ကွဲမှုက လာတဲ့ ဂမ်မာရောင်ခြည်တွေ ကမ္ဘာ့အိုဇုန်းလွှာကို လာရောက်ရိုက်ခတ်



ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က အာကာသတွင်း တယ်လီစကုပ်တွေကနေ စွမ်းအင်ဖြင့် ဖိုတွန်တွေ သယ်ဆောင်လာတဲ့ အလင်းစီးကြောင်းတစ်ခု ကမ္ဘာကို လာရောက်ရိုက်ခတ်တာဖြစ်ပြီး အဲ့ဒီအလင်းရောင်စဉ်လှိုင်းတွေက ကမ္ဘာနဲ့ အလင်းနှစ် ၁.၉ ဘီလျံအကွာမှာ ဖြစ်တဲ့ စူပါနိုဗာပေါက်ကွဲမှုက လာတာလို့ ပညာရှင်တွေက ခန့်မှ်နးထားကြပါတယ်။ 


အဲ့ဒီစွမ်းအင်မြင့် ဂမ်မာရောင်စဉ်လှိုင်းတွေဟာ ကမ္ဘာရဲ့ လေထုအလွှာအပေါ်ယံကို လွှမ်းခြုံမိုးအုပ်ပေးထားတဲ့ အိုဇုန်းကို လာရောက်ထိမှန်တာဖြစ်လို့ အိုဇုန်းလွှာ အစိတ်အပိုင်းတချို့ အပေါက်ဖြစ်သွားရတယ်လို့လဲ ပညာရှင်တွေက ဆိုပါတယ်။ သူတို့ လေ့လာဆန်းစစ်တာတွေအရ ဒီစွမ်းအင်မြင့် ရောင်စဉ်လှိုင်းဟာ ကမ္ဘာကို လာရောက် ထိမှန်ဖူးသမျှ အလင်းတန်းတွေထဲ အတောက်ပဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ နာမည်ကိုတောင် 'brightest of all time' - 'BOAT' ဆိုပြီး ပေးထားတာပါ။ 


လွန်ခဲ့တဲ့ လက အဲ့ဒီရိုက်ခတ်မှုကို ပညာရှင်တွေ လေ့လာနေတာ တစ်လနီးပါးရှိနေပါပြီ။ အခုတော့ အဲ့ဒီရိုက်ခတ်မှုက ကြွင်းကျန်ရစ်ခဲ့တဲ့ အိုင်းယွန်း အမှုန် (Ionized particle) တွေကို ကမ္ဘာ့လေထုအပေါ်ဘက် အလွှာပိုင်းနဲ့ အိုဇုန်းမော်လီကျူး တချို့နားမှာ တွေ့ရတယ်လို့ သူတို့က ပြောပါတယ်။ 


အဲ့ဒီဖြစ်စဉ်ကို သတိထားမိတဲ့ ရောမ အာကာသသိပ္ပံ အဖွဲ့အစည်းတစ်ခုက ပညာရှင်ကတော့ ဒီရိုက်ခတ်မှုကြောင့် အိုဇုန်းလွှာမှာ အပေါက်ငယ်တွေ ဖြစ်သွားပြီးတော့ ဖြစ်ဖြစ်ချင်း အချိန်အနည်းငယ်အတွင်းမှာပဲ အိုဇုန်းလွှာက အလိုအလျောက်ပြန်လည်ဖာထေးနေတာကို သူတို့ သတိထားမိတာပါလို့ ဆိုပါတယ်။ အဲ့ဒီလိုကနေ အပေါက်ဖြစ်ရတဲ့ ကိစ္စလိုက်ရင်း စွမ်းအင်မြင့် ဂမ်မာရောင်ခြည်တွေ လာရိုက်ခတ်လို့ ဖြစ်တာဆိုတာကို အိုဇုန်းလွှာ ဖာထေးတာ မပြီးခင် မိနစ်ပိုင်းအလိုလေးမှာပဲ ထောက်လှမ်းမိခဲ့တာပါ။ 


အိုဇုန်းလွှာဆိုတာ အားလုံးသိကြသလိုပဲ ကမ္ဘာ့မျက်နှာပြင်နဲ့အထက် ၁၀ - ၂၅ မိုင် အတွင်းမှာ ရှိတဲ့ ကမ္ဘာအတွက် ကာကွယ်ဝန်းရံနေတဲ့ သဘာဝက ပေးထားတဲ့ အလွှာကြီးပါ။ ပြီးခဲ့တဲ့ နှစ်တွေက စပြီး အန္တာတိက တိုက်ရဲ့ အပေါ်ဘက်က အိုဇုန်းလွှာတွေမှာ အပေါက်တွေ ကျယ်သထက် ကျယ်လာတာကို ပညာရှင်တွေ သတိထားမိကြပါတယ်။ ကလိုရိုဖလူရိုကာဗွန်ထုတ်လွှတ်မှုများတဲ့ ပြဿနာပါပဲ။ အကယ်၍ နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေ၊ အာကာထဲကနေ လာတဲ့ အဲ့ဒီလို စွမ်းအင်မြင့် ရောင်ခြည်တွေကို တားဆီးပေးမဲ့ အိုဇုန်းလွှာကြီး တစ်တစ်စ ပါးလွှာထုလျော့လာမယ်ဆိုရင် ပြဿနာ အတော်ကြီးနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်းပြောဆိုနေကြတာပါ။ 


အလင်းနှစ် ၁.၉ ဘီလျံဆိုတာ နည်းနည်းလှမ်းတဲ့ အကွာအဝေးဖြစ်လို့ အဲ့ဒီလိုနေရာကနေ ကာလရှည်ကြာ ဖြတ်သန်း ခရီးနှင်လာရတဲ့ စွမ်းအင်မြင့်ရောင်ခြည် နည်းနည်းပါးပါး လာထိတာက ကိစ္စအကြီးကြီး မရှိဘူးလို့ ဆိုရနိုင်ပါတယ်။ ဒါပေမဲ့ အလင်းနှစ်ဘီလျံချီပြီး ဝေးတဲ့ နေရာက စူပါနိုဗာကနေ ထွက်လာတဲ့ လှိုင်းတောင် ကမ္ဘာထိ လာရိုက်ခတ်နိုင်တယ်ဆိုရင် အခုလက်ရှိ နဂါးငွေ့တန်း ဂလက်စီတွင်းမှာသာ အဲ့ဒီလို အင်အားကြီးတဲ့ စူပါနိုဗာပေါက်ကွဲမှု တစ်ခု နောက်ပိုင်း ဖြစ်ခဲ့မယ်ဆိုရင် .. ဖြစ်ခဲ့တာကနေ ထွက်တဲ့ စွမ်းအင်မြင့် ရောင်ခြည်တွေ၊ Shockwave တွေ ကမ္ဘာကို မတော်တဆ လာရိုက်ခတ်မိမယ်ဆိုရင် အိုဇုန်းလွှာလဲ မခံသာနိုင်ဘဲ တစ်ကမ္ဘာလုံး မျိုးသုဉ်းကုန်မဲ့ အနေအထားမှာ ရှိနေတာပါ။ 


အခုလာရိုက်ခတ်တဲ့ ရောင်စဉ်လှိုင်းကြောင့် အိုင်ရွန်နိုစဖီးယား အလွှာရဲ့ အပေါ်ဘက်ခြမ်းမှာ ရှိတဲ့ အိုဇုန်းနဲ့ နိုက်ထရိုဂျင် မော်လီကျူးတချို့ အိုင်းရွန်းအဖြစ် ပြောင်းနေတာကို တွေ့ကြပါသေးတယ်။ အဲ့ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ လျှပ်စစ်စက်ကွင်းကလဲ ပမာဏအားဖြင့် ၆၀ ရာခိုင်နှုန်းလောက် ပိုတိုးလာတယ်လို့ သိရတာပါ။ 


ဂမ်မာရောင်စဉ်တွေက ခုနက ပြောသလို စွမ်းအင်မြင့် အလင်းရောင်စဉ်တွေ ဖြစ်ကြပါတယ်။ သူတို့တွေ လေထုထဲက မော်လီကျူးတွေနဲ့ ထိတွေ့မိရင် ထိတွေ့ခံရတဲ့ ကောင်က များသောအားဖြင့် အိုင်းရွန်း (Ion) ဖြစ်ကျန်ခဲ့တာပါ။ အိုင်းရွန်းဖြစ်တဲ့ နေရာမှာ ပတ်လမ်းအပြင်ဘက်မှာ ရှိတဲ့ အီလက်ထရွန်တွေ ဆွဲနှုတ်ခံရလို့ ဖြစ်လာတဲ့ cation တွေ များတယ်။ Positive charge ပေါ့။ 


အကယ်၍ အဲ့ဒီမော်လီကျူးတွေဟာ အိုင်းရွန်းအဖြစ် ကူးပြောင်းသွားပြီဆိုရင် လေထုအပြင်ဘက်က လာတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ တခြား စွမ်းအင်မြင့် ရောင်စဉ်လှိုင်းတွေ၊ နေကလာတဲ့ အန္တရာယ်ရှိ ဆိုလာရောင်ခြည်တွေကို စုပ်ယူနိုင်စွမ်း မရှိတော့ဘူးပေါ့။ အဲ့ဒီလိုနဲ့ ကော့စမစ် ပေါက်ကွဲမှုတွေက လာတဲ့ ဂမ်မာရောင်စဉ်လှိုင်းတွေ လေထုကို လာရိုက်ခတ်ခြင်းအားဖြင့် ကမ္ဘာ့မျက်နှာပြင်အထက် မိုင် ၂၀၀ က အိုင်ရွန်နိုစဖီးယားအလွှာမှာ ရှိသမျှ မော်လီကျူးတွေ အကုန်၊ တစ်လွှာလုံး ထိခိုက်နိုင်တယ်ဆိုတာကို ပညာရှင်တွေအနေနဲ့ ပထမဆုံးအကြိမ် တွေ့ရှိ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


သတင်းကောင်းလေးတစ်ခုက အိုဇုန်းက အလွှာလိုက် ဖြစ်နေတဲ့ အပေါက်တွေကို သူ့အလိုအလျောက် ပြန်ဖာထေးနိုင်စွမ်းရှိတယ်။ ဘယ်လိုမျိုးလဲဆိုရင် ခုနက လွတ်ထွက်သွားတဲ့ လေထုထဲက အီလက်ထရွန်တွေကို အိုင်းရွန်းမော်လီကျူးတွေက တစ်ခေါက် ထပ်ပြန်ဖမ်းမိပြီး ပုံမှန်ပြန်ဖြစ်သွားတာမျိုးပါ။ 


Source - Ravisetti, M. (2023, November 14). Record-breaking “BOAT” gamma-ray burst continues to amaze scientists. Space.com.


Written by - Zwe Thukha Min

Edited by - FH Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿


#Fact_Hub #News #Astronomy #Supernova #Gamma_ray #Burst #Earth #Ozone_layer #

Zwe Thukha Min

Hello! My name is Zwe Thukha, and I am a science enthusiast driven by a deep passion for knowledge and community empowerment. Alongside my fellow teenagers, I co-founded an organization dedicated to fact-checking and delivering safe, reliable information to our community. Our mission is to empower individuals with the power of knowledge, ensuring they have access to accurate insights that enable informed decision-making. Through this initiative, we strive to foster critical thinking, promote intellectual curiosity, and create a positive impact on the world around us. Together, we are on a journey to make a difference and contribute to a more informed and enlightened society.

Post a Comment

Previous Post Next Post

Contact Form