ဦးတည်ရာအပေါ် ဆန်းစစ်ခြင်း



ဘာသာရေးနှင့် သိပ္ပံ - အပိုင်း (၂)

- အယ်ဒီတာ့အာဘော်

―――――――


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က ဟိမဝန္တာတောင်ခြေက မထင်မရှားနိုင်ငံငယ်လေးတစ်ခုရဲ့ တော်ဝင်မင်းသားတစ်ပါးဟာ “ငါဟာ လောကကိုအကုန်အစင်သိမြင်နားလည်ခဲ့ပြီ၊ ဒါ့အပြင် လောကကနေ လွတ်မြောက်ရာလမ်းကိုလဲ ရှာဖွေတွေ့ရှိခဲ့ပြီ” လို့ ကမ္ဘာကြီးကို ကြွေးကြော်ခဲ့တယ်၊ အခုအချိန်မှာတော့ အဲ့ဒီမင်းသားကို သိဒ္ဓတ္ထဂေါတမ (သို့) ဗုဒ္ဓ လို့ ကျွန်တော်တို့ သိနေကြပြီ။


သိဒ္ဓတ္ထကြွေးကြော်ခဲ့တဲ့ လောကကို အကုန်အစင်သိမြင်နားလည်တယ်နဲ့ လောကကနေ လွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ အချက် ၂ ချက်ဟာ ဗုဒ္ဓဘာသာရဲ့ ဦးတည်ရာလမ်း‌ကြောင်းကို ထင်ထင်ရှားရှား ချမှတ်ပေးထားတယ်။


ပထမအချက်၊ ဗုဒ္ဓဟာ လောက (ရုပ်လောက) ကို အကုန်အစင် သိမြင်ပြီးပြီလို့ ဆိုတဲ့အတွက် လောကအကြောင်းကို ထပ်မံ စိတ်ဝင်စားမှုမရှိတော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် လမ်းကြောင်းချမှတ်ရာမှာ လောကဆိုင်ရာကိစ္စ (လောကီ) ကို တတ်နိုင်သလောက် ဘေးဖယ်ထားခိုင်းတယ်။ ဒုတိယအချက်၊ သူကိုယ်တိုင် လောကကနေလွတ်မြောက်ရာကို ရှာဖွေတွေ့ရှိပြီးသားဖြစ်တဲ့အတွက် လွတ်မြောက်ရေးကိုပဲ ဦးစားပေးခိုင်းတာတွေ့ရတယ်၊ ဝင်္ကပါထဲကထွက်မယ့်လမ်းကြောင်းကို သိနေပြီဆိုရင် ဝင်္ကပါထဲမှာ ဘာလို့ အချိန်ကုန်ခံ၊ အပင်ပန်းခံ ထပ်ပိတ်မိနေဦးမှာလဲ ဆိုသလိုပေါ့။ 


ဒီအချက် ၂ ချက်ကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေဟာ လောကအကြောင်းကို စိတ်ဝင်တစား လေ့လာစရာမလိုအပ်ဘူး၊ သူတို့အနေနဲ့ လွတ်မြောက်ရာလမ်း (နိဗ္ဗာန်) ကိုရှာဖွေတွေ့ရှိဖို့သာ အရေးကြီးတယ်။ ခရစ်ယာန်ဘာသာကို အသေအချာ မလေ့လာဖူးဘူးပေမဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက်လဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရရှိရေးဟာ အရေးကြီးဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။


ဒါကြောင့် ဘာသာတရားအားလုံးဟာ ရုပ်လောကထက် ရုပ်နယ်လွန်လောကကို ပိုအလေးထားတယ်လို့ ကောက်ချက်ချလို့ရတယ် (နိဗ္ဗာန်၊ ကောင်းကင်နိုင်ငံတော်၊ ဂျန္နက် စတဲ့ အကြောင်းအရာတွေဟာ ဆောင်းပါးတစ်ခုတည်းနဲ့ ဖော်ပြလို့မရလို့ ရုပ်နယ်လွန်လောကလို့ပဲ ဒီနေရာမှာ သုံးနှုန်းပါ့မယ်)။


သူတို့ဟာ ရုပ်နယ်လွန်လောကကိုပဲ အလေးပေးလို့ ရုပ်လောကအကြောင်း ဘာမှမသိတာတော့မဟုတ်ဘူး၊ ရုပ်လောကအကြောင်း အကုန်အစင်သိနေကြပြီးသားလို့ သူတို့အားလုံးက ဝန်ခံထားကြတယ်။


ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အ‌တွေ့အကြုံတစ်ခုကို ကျွန်တော်တင်ပြပါ့မယ်။


ကျွန်တော့်ရဲ့ တပည့်ဟာ ကျွန်တော့်ကို သူတို့ရဲ့ ကျမ်းစာ (ခရစ်ယာန်သမ္မာကျမ်း) ကို လေ့လာဖို့ တစ်ခါက တိုက်တွန်းဖူးပါတယ်။ ဒီလိုတိုက်တွန်းတဲ့အခါ ကျွန်တော်က ”လောကကြီးအကြောင်းလောက် ဘယ်အရာမှ ငါ အဲ့လောက် စိတ်မဝင်စားဖြစ်ဘူး၊ အဲ့ဒါကြောင့် သိပ္ပံနဲ့ ရူပဗေဒ ၂ ခုတည်းကိုပဲ အလေးထားလေ့လာဖြစ်တယ်” လို့ ပြန် တုံ့ပြန်ဖြစ်ပါတယ်။


အဲ့ဒီအခါ သူက “ကျမ်းစာက အကုန်ပါပြီးသားလေ ဆရာ၊ လောကမှာရှိသမျှ အကြောင်းအရာတိုင်းကို ရှင်းပြထားတယ်၊ ကျမ်းစာက တအားနက်နဲတယ်” လို့ ဆက်ပြောပါတယ်။


ကျွန်တော့်ရဲ့ တပည့်အနေနဲ့ အဖဘုရားသခင်ဟာ လောကအပါအဝင် အရာရာတိုင်းကို ဖန်ဆင်းထားတယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရေးသားထားတဲ့ သမ္မာကျမ်းစာ (ဓမ္မဟောင်း/ဓမ္မသစ်) ဟာ လောကကြီးတစ်ခုလုံးရဲ့ အကြောင်းအရာတွေကို ရှင်းပြနိုင်တယ်လို့ ယုံကြည်ထားတာကို တွေ့ရတယ်။


ဗုဒ္ဓဘာသာဝင်တွေမှာလဲ တူညီတဲ့ ဖြစ်ရပ်ကို ကျွန်တော်မြင်တွေ့ရတယ်။ ဗုဒ္ဓဟာ သဗ္ဗညုတရွှေဉာဏ်တော်ပိုင်ရှင် ဖြစ်တဲ့အတွက် အရာရာကို အစေ့အလပ်မရှိ သိနားလည်ထားတယ်၊ ဒါကြောင့် ဗုဒ္ဓဟောကြားတဲ့ ဓမ္မတရားတော်တွေဟာ (လောကအပါအဝင်) အရာရာတိုင်းကို ရှင်းပြနိုင်တယ်၊ အထူးသဖြင့် အဘိဓမ္မာကျမ်းဟာ လောကကြီးရဲ့ အလုပ်လုပ်ပုံကို ရှင်းပြတဲ့ကျမ်းလို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြတယ်။


ဘာသာတရားအားလုံးဟာ လောကအကြောင်း သူတို့သိထားပြီးသား နားလည်ထားပြီးသားလို့ ယုံကြည်ကြတဲ့အတွက်၊ သူတို့ရဲ့အသိပညာဟာ လုံလောက်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဆက်လက်လေ့လာမှုတွေ သုတေသနတွေ မလုပ်ကြဘူး၊ ဒါကြောင့်လဲ ဘယ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကတော့ဖြင့် နိဗ္ဗာန်ကို အချိန်ခဏလေးနဲ့ ရောက်နိုင်မဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီ၊ ဘယ်ဆရာတော်ကတော့ဖြင့် သံသရာလည်ပတ်နေတဲ့ လမ်းကြောင်းတွေကို အသေးစိတ်တွက်ချက်နိုင်ခဲ့ပြီ၊ ဘယ်ကျမ်းပြုစုသူကတော့ဖြင့် အဘိဓမ္မာကျမ်းထဲက တွင်းနက်အကြောင်း လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီဆိုပြီး ကျွန်တော်တို့တစ်ခါမှ မကြားဖူးကြဘူး။


ခရစ်ယာန်ဘာသာမှာဆိုရင်လဲ ဘယ်လို ဘုန်းတော်ကြီးကမှ ကမ္ဘာဦးဥယျာဉ်ကို တူးဖော်မှုပြုလုပ်တာ၊ ကောင်းကင်နိုင်ငံတော်ရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားတာ၊ ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ တည်ရှိမှုကို သုတေသနပြုတာ စတာတွေကို ပြုလုပ်ကြမှာမဟုတ်ဘူး၊ သူတို့အနေနဲ့ သမ္မာကျမ်းစာ (ဓမ္မဟောင်း/ဓမ္မသစ်) ဟာ အရာအားလုံးအတွက်ဖြစ်တယ်၊ အရာအားလုံးကိုရှင်းပြဖို့အတွက် လုံလောက်မှုရှိတယ်လို့ ယုံကြည်ထားကြတဲ့အတွက် ဒီလိုလုပ်ရပ်တွေဟာ အချိန်ဖြုန်းခြင်းသက်သက်လို့ ယူဆကြတယ်။


တစ်ဖက်က သိပ္ပံကတော့ တမူထူးခြားစွာနဲ့ လောကအကြောင်းကို မသိနားမလည်သေးပါဘူးလို့ ပွင့်ပွင့်လင်းလင်းဝန်ခံထားတယ်။ ရူပဗေဒပညာရပ်မှာ အက်တမ်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို အသေးစိတ် နားလည်နေကြပြီဆိုပေမဲ့ ‌ကွမ်တမ်နဲ့ နှိုင်းရသီအိုရီကို ဘယ်လိုညှိယူရမလဲဆိုတာ ဘယ်ပညာရှင်မှမသိကြသေးဘူး။ ၂၀၁၉ မှာ တွင်းနက်ရဲ့ ဓါတ်ပုံကို ရိုက်ယူနိုင်ခဲ့ပေမဲ့ တွင်းနက်ထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ဘယ်လို နက္ခတ္တဗေဒပညာရှင်မှ မသိနိုင်ကြသေးဘူး။ ဇီဝဗေဒပညာရပ်ဟာ ဆင့်ကဲပြောင်းလဲမှု သီအိုရီနဲ့အတူ သက်ရှိမျိုးစိတ်တွေရဲ့ သမိုင်းကို ဖော်ထုတ်နိုင်ခဲ့ပြီဆိုပေမဲ့ အသက်ဇီဝ ဘယ်လိုဖြစ်တည်လာသလဲဆိုတာကို အခုထိ ရေရေရာရာ နားမလည်ကြသေးဘူး။


ဘောဂဗေဒပညာရပ်မှာ သီအိုရီပေါင်းများစွာ ထွက်ရှိနေပေမဲ့ စီးပွားရေးပျက်ကပ်ကြုံလာတိုင်း၊ စတော့ဈေးကွက် ပူဖောင်းပေါက်ကွဲတိုင်း လုပ်ထုံး‌လုပ်နည်းတွေဟာ အမြဲပြောင်းလဲနေဆဲပဲ။ ဘောဂဗေဒပညာရပ်နဲ့ ပက်သက်လို့ အားလုံးကို သိနားလည်ထားသူ စကားအကုန်ပြောနိုင်သူဆိုတာ အခုထိမရှိသေးဘူး။ (ဘောဂဗေဒပညာရပ်ဟာ သိပ္ပံနည်းကျစူးစမ်းလေ့လာမှုတွေကို အသုံးပြုထားတဲ့ လူမှုသိပ္ပံဘာသာရပ်ခွဲတစ်ခုဖြစ်ပါတယ်။) ဒီလိုမသိနားမလည်ဘူးလို့ ဝန်ခံထားတဲ့အတွက် သိနားလည်အောင် အပတ်တကုတ် ကြိုးစားလေ့လာကြတယ်။ သိပ္ပံပညာရဲ့ ဦးတည်ရာဟာ လောကကို အကောင်းဆုံးရှင်းပြနိုင်ဖို့သာဖြစ်တယ်၊ ဒီဦးတည်ချက်အရ အရာရာတိုင်းကို ရှင်းပြနိုင်တဲ့၊ အရာရာတိုင်းကို နားလည်နိုင်တဲ့အထိ သိပ္ပံဟာ ကြိုးစားအားထုတ်သွားလိမ့်မယ်။


ဥပမာအားဖြင့် ကျွန်တော်ကိုင်တဲ့ ရူပဗေဒသင်ရိုးစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာ၊ နောက်ဆုံးစာကြောင်းမှာ အောက်ကအတိုင်း ရေးသားထားတယ်။


“အမှုန်ရူပဗေဒနဲ့ စကြဝဠာဗေဒတို့ ထိပ်တိုက်တွေ့ဆုံကြတဲ့ဖြစ်ရပ်တွေမှာ အခုထိမဖြေနိုင်သေးတဲ့ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်၊ ဒီ‌မေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေခြင်းက ကျွန်တော်တို့လူသားမျိုးစိတ်ရဲ့ အကြီးကျယ်ဆုံးစွန့်စားမှုတွေထဲက တစ်ခုအဖြစ် နောက်ပိုင်းမှာ ကြုံတွေ့လာရလိမ့်မယ်။”


စာအုပ်ကို ပြုစုသူ ပညာရှင်က သိပ္ပံအသိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့ မသိနားမလည်တာတွေ ရှိနေသေးကြောင်း၊ သိအောင် ကြိုးစားအားထုတ်ရမှာဖြစ်ကြောင်း ရေးသားထားတယ်။


ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် ဥပမာဖြစ်ရပ်တစ်ခုကို တင်ပြပါ့မယ်၊ လွန်ခဲ့တဲ့ ၂၀ ရာစုလောက်မှာ ရူပဗေဒပညာရှင်တွေဟာ အရာရာတိုင်းကိုသိနေပြီ၊ နားလည်နေပြီလို့ ထင်ခဲ့ကြတယ်၊ အီလက်ထရွန်ရဲ့ ဆန့်ကျင်မှုန် ပိုစီထရွန်ကို ရှာဖွေတွေ့ရှိပြီးနောက် ရူပဗေဒပညာရပ်ဟာ ဆုံးခန်းတိုင်တော့မယ်၊ လေ့လာစရာ ထပ်မရှိတော့ဘူး၊ သုတေသနတွေ ထပ်မလိုအပ်တော့ဘူးလို့ ယုံကြည်လာကြတယ်။ နိုဘယ်ဆုရှင်မက်စ်ဘွန်းဆိုရင် “ကျွန်တော်တို့သိတဲ့ ရူပဗေဒဟာ ခြောက်လအတွင်းမှာ အပြီးသတ်တော့မယ်” လို့တောင် ၁၉၂၈ မှာ ပြောဆိုခဲ့ဖူးတယ်။


ဒါပေမဲ့လဲ မျူယွန်၊ ပိုင်ယွန်၊ နယူထရီနို၊ စတဲ့ အမှုန်အသစ်တွေကို ဆက်တိုက်ထောက်လှမ်းမိလာတာနဲ့အတူ သူတို့သိတဲ့ လောကရဲ့ အကြောင်းဟာ အဆုံးမဟုတ်ဘဲ အခုမှ အစသာဖြစ်နေတယ်ဆိုတာ နားလည်လာကြတယ်။


ဒီလိုနည်းနဲ့ လောကအကြောင်း ဆက်ပြီး အဖြေရှာခဲ့လိုက်တာ အခုချိန်ထိ ရူပဗေဒဟာ မပြီးဆုံးနိုင်သေးဘူး။ ကျွန်တော်ကတော့ ရူပဗေဒပညာရပ်ဟာ အရာရာတိုင်းရဲ့သီအိုရီ (TOE - Theory Of Everything) ကို ရှာဖွေတွေ့ရှိသွားရင်တောင် စူးစမ်းလေ့လာမှုတွေ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ယူဆမိတယ်။ ရူပဗေဒလိုပဲ ဇီဝဗေဒ၊ အာရုံကြောသိပ္ပံ၊ စကြဝဠာဗေဒ၊ နက္ခတ္တဗေဒ၊ ဘူမိဗေဒ၊ စိတ်ပညာ၊ ဘောဂဗေဒ စတဲ့ သဘာဝသိပ္ပံ၊ လူမှုသိပ္ပံပညာရပ်တိုင်းဟာ လောကကို အကောင်းဆုံးရှင်းပြနိုင်တဲ့အထိ ‌ချီတက်သွားလိမ့်မယ်လို့ ကျွန်တော်သေချာပြောနိုင်တယ်။


အဆုံးသတ်ရရင်တော့ ဦးတည်ရာဆိုတာ အခြေခံခြင်းအပေါ်မှာ မူတည်တယ်၊


ကျွန်တော့်ရဲ့ Fact Hub Myanmar Organization ဟာ အချက်အလက်မှန်ကန်တိကျမှု၊ ခိုင်လုံမှု၊ ယုံကြည်စိတ်ချရမှုကို အခြေခံတဲ့အတွက် အချက်အလက်မှားတိုက်ဖျက်ရေးကို ဦးတည်ရာထားတယ်။ ဘာသာတရားဟာ လောကနဲ့ ပက်သက်ပြီး အားလုံးသိထားတယ်လို့ ခံယူထားတဲ့အတွက် ရုပ်နယ်လွန်လောကကိုသာ ဦးတည်ရာထားတယ်။ တစ်ဖက်က သိပ္ပံပညာရပ်ကတော့ မသိနားမလည်မှုအပေါ် ဝန်ခံခြင်းကို အခြေခံထားတဲ့အတွက် သိသွားအောင်ကြိုးစားဖို့ကိုပဲ ဦးတည်ရာထား အလေးထားတယ်။ (ဘာသာတရားရော သိပ္ပံပညာရောက လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်စေလိုကြခြင်းမှာ သဘောတူညီတဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းမဖော်ပြတော့ပါဘူး။) 


Written by - Julian Htet Aung

Edited by - Zwe Thukha Min

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿


#Fact_Hub #Editorial #Part_2 #Science #Religious #Article #Science_Religous_Analysis #Analysis_on_Destinations 

1 Comments

Previous Post Next Post

Contact Form