သဘာ၀ဘေးအန္တရာယ်တွေကဟာရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရံသင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို Fact Hub က မျှဝေပေးချင်ပါတယ်။
မိမိနဲ့ အသိအကျွမ်းတွေထဲ ရေဘေးဒေသက သူတွေရှိမယ်ဆိုရင်လဲ ဒီအကြောင်းအရာလေးကို လက်ဆင့်ကမ်းမျှဝေပေးခဲ့ပါဦးရှင်။
Written by - Thae Nandar Su, Shin Mon Thant
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Flood_Education #Article #Environmental #Natural_Disaster
―――――――
ကြိုတင်ပြင်ဆင်သင့်သည်များ
ဆေးဝါး၊ သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ (အခြောက်)၊ မှတ်ပုံတင် အိမ်ထောင်စုဇယားလိုမျိုး အရေးကြီးပစ္စည်းတွေနဲ့ မိုးလေ၀သသတင်းနားစွင့်လို့ရအောင် ရေဒီယို (သို့) တယ်လီဖုန်းအပြင် လိုအပ်ပါက Power Bank/ ဓာတ်မီးတို့ကို ပြင်ဆင်ထားသင့်ပြီး မိမိနေထိုင်ရာဒေသရဲ့ကယ်ဆယ်ရေးအဖွဲ့ များရဲ့ဖုန်းနံပါတ်တွေကိုလဲ စုဆောင်းထားသင့်ပါတယ်။ ဒါ့အပြင် ရေကြီးပြီးနောက်မှာ ပြန်ဆုံကြမယ့် ဆုံမှတ်တစ်ခုသတ်မှတ်ထားပြီး မိသားစု၀င်တွေရဲ့ ကိုယ်ရေးအကျဥ်း၊ သွေးအမျိုးအစားတွေကို ကဒ်(သို့) စာရွက်နဲ့ရေးပြီး ရေစိုခံအိတ်များနဲ့ ဆောင်ထားသင့်ပါတယ်။
―――――――
ရေကြီးနေစဥ်ဆောင်ရန်/ရှောင်ရန်များ
ရေကြီးပြီလို့ သတိထားမိတာနှင့်တစ်ပြိုင်နက် ကုန်းမြင့်ပိုင်း/ မြင့်တဲ့အဆောက်အဦးပေါ် အရင်သွားပါ။ ရေကြီးချိန်မှာ သစ်ပင်ပေါ်ပြေးတက်တာမျိုးမပြုလုပ်သင့်ပါဘူး (ကံထူးရင် မြွေလိုမျိုးတိရစ္ဆာန်တွေနဲ့ တစ်ပင်တည်း အတူတူ ရေဘေးဒုက္ခသည်ဖြစ်နိုင်တာကြောင့် အပင်ပေါ်ပြေးတက်တာမျိုးတွေ လုံး၀မပြုလုပ်သင့်ပါဘူး) ရေစီးနဲ့မျောပါလာနိုင်တဲ့ (သံပြား/ အဆိပ်ရှိသတ္တ၀ါများ) အန္တရာယ်ကနေ ကာကွယ်ဖို့ ရေလွှမ်းနေတဲ့ နေရာတွေကို သွားမယ်ဆိုရင် ရာဘာဖိနပ်အရှည်တွေကို ၀တ်ဆင်ပြီးမှသာ သွားသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ရေလွှမ်းနေတဲ့ လမ်းတွေအပေါ် ကား/ဆိုင်ကယ်မောင်းတာတွေ ရှောင်ကြဥ်သင့်ပါတယ်။ ရေကူးတာမျိုး၊ ကလေးသူငယ်တွေကို ရေပေးကစားတာမျိုး မလုပ်သင့်ပါဘူး။
―――――――
မြွေအန္တရာယ်
ရေကြီးချိန်ဟာ ပုံမှန်အားဖြင့် ရာသီအကူးအပြောင်း(သို့) မိုးရာသီဖြစ်တဲ့အတွက် မြွေသားပေါက်ရာသီဖြစ်တဲ့အလျောက် မြွေတွေကိုပိုမြင်တွေ့ရတတ်ပြီး မြွေအန္တရာယ်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရေနဲ့အတူမျောပါလာတဲ့ ပစ္စည်းတွေကိုထိ/ကိုင်ခြင်းမျိုး၊ မြွေခိုအောင်းနေနိုင်တဲ့ နေရာတွေကို သွားခြင်းမျိုးတွေ မပြုလုပ်သင့်ပါဘူး။ မြွေတွေ့ရှိပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သူတို့အကူအညီနဲ့ ဖမ်းဆီးခြင်းမျိုးသာ ပြုလုပ်သင့်ပါတယ်။ အမျိုးအစား သေချာမသိတဲ့မြွေတွေကို လုံးဝမကိုင်သင့်ပါဘူး။ အကယ်၍ မြွေကိုက်ခံရလျှင် ပထမဆုံးအနေနဲ့ စိတ်ကိုတည်ငြိမ်စွာထားပါ။ အကို-က်ခံထားရတဲ့ နေရာကို ဆပ်ပြာ၊ ရေကို အသုံးပြုကာ သန့်ရှင်းအောင်ဆေးပေးပါ။ မြွေကိုက်ခံရတဲ့ဒဏ်ရာကို ပါးစပ်နဲ့စုပ်တာ၊ အဝတ်စ ပတ်တီးတွေနဲ့ တင်းတင်းကျပ်ကျပ်စီးတာတွေကနေ ရှောင်ပါ။ ဒဏ်ရာပေါ်ကို ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းဆေးလူးခြင်းတွေ မလုပ်ပါနဲ့။ ခြေလက်များ မလှုပ်ရှားမိစေဖို့ အ၀တ်စ တုတ်များဖြင့် ချည်နှောင်ထိန်းထားပါ။ မြွေဆိပ်ကို မြွေဆိပ်ဖြေဆေးတစ်မျိုးတည်းနဲ့သာ ကုသနိုင်တာကြောင့် လူနာကို ဆေးရုံကိုသာ အတတ်နိုင်ဆုံး အမြန်ပို့ဆောင်ပါ။
ရေကြီးတဲ့ ဒေသတွေမှာ အဆိပ်ပြင်းတဲ့ ငန်းတော်ကျား/သံကွင်းစွပ်မြွေအုပ်စု၊ မြွေဟောက်အုပ်စု၊ မြွေသန္တာအုပ်စု၊ မြွေပွေး၊ အဆိပ်ပြင်းနဲ့ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ လည်ပင်းနီမြွေအုပ်စု၊ အဆိပ်ရှိတဲ့ မြွေစိမ်းမြီးခြောက်အုပ်စု၊ အဆိပ်ပျော့ပဲရှိတဲ့ ရက္ကန်းကြိုးမြွေအုပ်စု၊ ကြောင်မြွေအုပ်စု၊ မြွေပွေးယောင် .. စတဲ့ မြွေတွေကို တွေ့ရနိုင်တယ်လို့ NSCI က ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
―――――――