ကျွန်တော်တို့ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်က နေအဖွဲ့အစည်းအတွင်းမှာ ရှိတယ်ဆိုတာ အကုန်လုံး သိကြမှာပါ။ နေအဖွဲ့အစည်းမှာ စုစုပေါင်း ဂြိုဟ် ၈ လုံးရှိပြီးတော့ ဂြိုဟ်အကုန်လုံးက မတူညီတဲ့ ပုံစံတစ်ခုစီနဲ့ တည်ရှိနေတာပါ။ နေအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လဲ နေရဲ့ အနီးနား တစ်ဝိုက်မှာ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်အစု ရှိပြီး နည်းနည်းလှမ်းတဲ့ နေရာမှာတော့ ဓာတ်ငွေ့လုံးဂြိုဟ်ကြီးတွေ ရှိကြပါတယ်။ ရေခဲနည်းနည်းဆန်တဲ့ ဂြိုဟ်တွေဆိုရင် ပိုလို့တောင် ဝေးဝေးမှာ ရှိနေပါတယ်။
ဒါဆို စဉ်းစားစရာက ပေါ်လာပါပြီ။ ဘာလို့ ကျောက်သားဂြိုဟ်တွေက နေကို ခပ်နီးနီးကနေ လှည့်ပတ်ပြီး ဓာတ်ငွေ့လုံးဂြိုဟ်ကြီးတွေက နေနဲ့ ဝေးတဲ့နေရာကနေ လှည့်ပတ်နေရတာလဲ။ ကြယ်တွေနဲ့ ဂြိုဟ်တွေ ဖွဲ့စည်းတုန်းက ဘယ်လိုကိစ္စတွေဖြစ်ခဲ့လို့ နေအဖွဲ့အစည်းက ဒီလိုရှိနေရတာလဲ။
အဲ့ဒီမေးခွန်းတွေနဲ့ ပတ်သက်လို့ မသွားခင် နေအဖွဲ့အစည်းတွင်းက ဂြိုဟ်တွေအကြောင်း အကြမ်းဖျင်း ကြည့်ကြရအောင်ပါ။
အပေါ်မှာပြောခဲ့ဖူးတဲ့ ကျောက်သားဂြိုဟ်တွေကို Terrestrial Planet တွေလို့ ခေါ်ကြပါတယ်။ ဒီဂြိုဟ်တွေက ခပ်မာမာ ဂြိုဟ်မျက်နှာပြင်တွေ၊ ကျောက်သားဆန်တဲ့ တည်ဆောက်ပုံတွေ တည်ရှိလို့ သူတို့ကို ကျောက်သားဂြိုဟ်တွေလို့ ခေါ်တာပါ။ နေအဖွဲ့အစည်းမှာတော့ မာကျူရီ၊ ဗီးနပ်စ်၊ မားစ်နဲ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာဂြိုဟ်တို့က ကျောက်သားဂြိုဟ်တွေ ဖြစ်ပါတယ်။ ဒီဂြိုဟ်တွေက ဓာတ်ငွေ့ (ဂတ်စ်) နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပေမဲ့ ဓာတ်ငွေ့အလွှာတွေ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ အကယ်၍ ဓာတ်ငွေ့အလွှာ တစ်လွှာမှ မရှိခဲ့ရင်လဲ ဒီစာရေးနေတဲ့ ကျွန်တော်တောင် ဖြစ်လာဖို့ မရှိပါဘူး။ အဲ့ဒီ ဓာတ်ငွေ့အလွှာတွေကို atmosphere (လေထု) လို့ ကျွန်တော်တို့ သိထားပါတယ်။
နောက်တစ်မျိုးက ဓာတ်ငွေ့ဂြိုဟ်ကြီးတွေပါ။ Gas Giant လို့ သိကြပါတယ်။ နာမည်အတိုင်းပဲ ဒီဂြိုဟ်တွေကို ဓာတ်ငွေ့အများစုနဲ့ ဖွဲ့စည်းထားတာပါ။ ပညာရှင်တချို့ကတော့ ဂြိုဟ်ရဲ့ ဗဟိုဝတ်ဆံတွေက ကျောက်တွေ၊ သတ္ထုတွေနဲ့ ဖွဲ့စည်းထားနိုင်ချေရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နေအဖွဲ့အစည်းအတွင်းမှာ ဂျူပီတာနဲ့ စေတန်တို့က ဓာတ်ငွေ့လုံးဂြိုဟ်ကြီးတွေ ဖြစ်ကြပြီး ကျန်တဲ့ ကျောက်သားဂြိုဟ်တွေထက် အဆအများကြီး ပိုကြီးပါတယ်။
နောက်ထပ်တစ်မျိုးကတော့ ရေခဲဂြိုဟ်ကြီးပါ။ မိခင်ကြယ်ဖြစ်တဲ့ နေရဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေတဲ့ ဂြိုဟ်အုပ်စုပါ။ Ice Giant တွေလို့လဲ သိကြပါတယ်။ ရေခဲဂြိုဟ်တွေက နက်ပကျွန်းနဲ့ ယူရေးနပ်စ်တို့ပါ။ ဒီဂြိုဟ်တွေက ကျောက်သားဂြိုဟ်တွေထက် ကြီးပေမဲ့ ဓာတ်ငွေ့ဂြိုဟ်တွေထက်တော့ အရွယ်အစားသေးပါတယ်။ နေနဲ့ အင်မတန် ဝေးကွာတဲ့ နေရာမှာ တည်ရှိတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဂြိုဟ်ရဲ့ အပေါ်ယံ ဓာတ်ငွေ့အလွှာတွေအောက်က ဂြိုဟ်မျက်နှာပြင်အများစုက ရေခဲတွေ၊ ရေခဲတောင်တွေရဲ့ ဖုံးလွှမ်းထားတာပါ။
နေအဖွဲ့အစည်း ဘယ်လိုမွေးဖွားလာသလဲ။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ 'ကြယ်တွေ ဘယ်လိုမွေး၊ ဂြိုဟ်တွေ ဘယ်လိုဖြစ်' ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် သီးသန့်ရေးဖူးတာကို ကောမန့်မှာ ဖော်ပြပေးထားပါမယ်။ အသေးစိတ်သိချင်ရင် အဲ့ဒီဆောင်းပါးကို ဖတ်နိုင်ပါတယ်။
အကြမ်းဖျင်းပြောရရင်တော့ ဆိုလာနက်ဗျူလာလို့ ခေါ်တဲ့ ဓာတ်ငွေ့တိုက်တိမ်အစုအဝေးကြီးက ဒြပ်ဆွဲအားကြောင့် ကျုံ့ဝင်ပြိုပျက်ပြီး နေကို မွေးဖွားပါတယ်။ ဒါပေမဲ့ နက်ဗျူလာထဲက ဒြပ်အကုန်လုံးကတော့ နေမွေးဖွားရာမှာ ပါသွားတာ မဟုတ်ဘဲ အစုအဝေးရဲ့ ဘေးဘက် ပတ်လည်မှာ ဓာတ်ငွေ့တွေ ကျန်ခဲ့ပါသေးတယ်။ ဒီ ဓာတ်ငွေ့ အစုအဝေးကြီးက တလောကမှ မွေးဖွားလာတဲ့ နေပေါက်စကို လှည့်ပတ်နေပါသေးတယ်။ ပတ်နေရင်းနဲ့ အဲ့ဒီထဲက ဒြပ်တချို့ ဒြပ်ဆွဲအားကြောင့်ပဲ ထပ်ထပ် စုဝေးဖွဲ့စည်းမိပြီး နက်ဗျူလာ အကြွင်းအကျန်တွေက တဆင့် ဂြိုဟ်တွေ ဖြစ်ပေါ်လာပါတယ်။
ကျောက်သားဂြိုဟ်တွေက နေနဲ့ ဘာလို့ ခပ်နီးနီးမှာရှိနေရတာလဲဆိုတဲ့ မေးခွန်းကို ဖြေရဖို့တော့ ကျွန်တော်တို့ အနေနဲ့ နေအဖွဲ့အစည်း မွေးဖွားပြီးကာစ၊ ဂြိုဟ်တွေဖြစ်တည်စ အချိန်ကို ပြန်သွားဖို့ လိုပါလိမ့်မယ်။
နေမွေးဖွားပြီးကာစ အချိန်မှာ ဂြိုဟ်တွေလဲ အလုံးအထည်နဲ့ တစတစ စုမိနေပါပြီ။ အဲ့သလို ဖွဲ့စည်းချိန်မှာ နေနဲ့ နီးတဲ့ အတွင်းပိုင်းက ဒြပ်တွေက အပူချိန် ပိုခံစားရပြီး ပိုပူပါတယ်၊ အပြင်ဘက်ခြမ်းကတော့ အထဲထက်စာရင် နည်းနည်းအေးပါတယ်။ အပြင်ဘက်ပိုင်းက ခပ်အေးအေး နေရာမှာရှိတဲ့ ဓာတ်ငွေ့တွေက ဒီတိုင်း ရှိနိုင်ပေမဲ့ အတွင်းဘက်က ဒြပ်တွေကတော့ အစိုင်အခဲအခြေအနေနဲ့ တည်ရှိပါတယ်။ အတွင်းဘက်ပိုင်းက အရည်ပျော်မှတ် - melting point မြင့်တဲ့ ဒြပ်တွေကျတော့ အစိုင်အခဲပုံစံနဲ့ တည်ရှိနိုင်လို့ပါ။ နမူနာအနေနဲ့ အိုင်းရွန်းတို့၊ ဆီလီကိတ်တို့လိုပါ။ ပညာရှင်တချို့ကတော့ အတွင်းဘက်က ဓာတ်ငွေ့ဒြပ်တွေက အပူချိန်ကြောင့် condense ဖြစ်ပြီး အစိုင်အခဲအခြေအနေ ဖြစ်ပေါ်တာလို့ ဆိုပါတယ်။ ပြန်ချုံ့ကြည့်ရင်တော့ အတွင်းဘက်ကျတဲ့အပိုင်းက အပူချိန်ခံစားရလို့ ဒြပ်တွေက အစိုင်အခဲအနေနဲ့ တည်ရှိရတယ်လို့ မှတ်နိုင်ပါတယ်။ သဘောက အတွင်းဘက်က ဂြိုဟ်တွေကတော့ အစိုင်အခဲအချင်းချင်း စုဝေးမိပြီး ကျောက်သားဂြိုဟ်ဖြစ်တယ်၊ အပြင်ဘက်ပိုင်းက ဓာတ်ငွေ့တွေ စုဝေးမိတာကနေတော့ ဓာတ်ငွေ့လုံးဂြိုဟ်ဖြစ်ရတယ်ပေါ့။ .
နေအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပညာရှင်တွေ တော်တော်များများ လက်ခံထားတဲ့ နောက်ထပ် တစ်ချက်လဲ ရှိပါသေးတယ်။
အဲ့ဒါက နေအဖွဲ့အစည်းစစဖြစ်ချင်းမှာ အခြေအနေတွေက မတည်မငြိမ်နဲ့ ဖရိုဖရဲဖြစ်နေပါတယ်။ နေကလဲ Solar wind နဲ့ အပူလှိုင်းတွေလို စွမ်းအင်လှိုင်းတန်းတွေကို ထုတ်လွှတ်ပြီး နေမုန်တိုင်းတွေလဲ အကြီးအကျယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက အရှေ့ပိုင်းက ဂြိုဟ်တွေဟာလဲ ဓာတ်ငွေ့အလွှာလေးတွေ ဖုံးလွှမ်းထားသေးပါတယ်။ ဒါပေမဲ့ ခုနကပြောသလို နေက ထုတ်လွှတ်တဲ့ စွမ်းအင်မြင့်ရောင်ခြည်လှိုင်းတွေကို နေနဲ့ ခပ်နီးနီးမှာ ရှိနေတဲ့ ဂြိုဟ်တွေက ခံရတာကြောင့် ဂြိုဟ်တွေမှာရှိတဲ့ ဓာတ်ငွေ့အလွှာတွေ ကွာထွက်သွားပြီး ကျောက်သားအပိုင်းတွေအဖြစ်ပဲ တုံးလုံးကျန်ခဲ့တာ ဖြစ်ပါတယ်။ တချို့ ဟိုက်ပိုသီးဆစ်တွေမှာတော့ နေအဖွဲ့အစည်းအဖြစ် စစတည်ချင်းမှာ နေကနေ ထွက်တဲ့ Solar wind နဲ့ အပူလှိုင်းတွေက ခပ်ပေါ့ပေါ့ ဂတ်စ်အလုံးဂြိုဟ်တွေကိုကျ အဝေးကိုရွေ့သွားစေပြီး ကျောက်စိုင်ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောက်သားဂြိုဟ်တွေကိုက သိပ်မဝေးမနီးမှာ ရှိနေစေတယ်လို့ ဆိုပါတယ်။
ဒါဆို ဆိုလာအဖွဲ့အစည်းအားလုံးမှာ ကျောက်သားဂြိုဟ်တွေက မိခင်ကြယ်နဲ့ ခပ်နီးနီးမှာရှိကြတာလားဆိုရင် အဖြေကတော့ မဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေက တခြားဆိုလာအဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်တဲ့အခါ နေအဖွဲ့အစည်းက ဂြိုဟ်တွေထက် အရွယ်အစားကြီးတဲ့ ဓာတ်ငွေ့ဂြိုဟ်တွေ သူတို့မိခင်ကြယ်နားမှာ နီးနီးကပ်ကပ်တည်ရှိနေတာမျိုး တွေ့ရှိခဲ့ဖူးပါတယ်။
အကျဉ်းချုပ်ရရင်တော့ နေအဖွဲ့အစည်းမှာ ကျောက်သားနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေက နေနဲ့ ဘာလို့ ကပ်နေရတဲ့ အကြောင်းက
- တစ်မျိုးကတော့ စစဖွဲ့နေတုန်းမှာ အပူချိန် ပိုသက်ရောက်ခံရတဲ့ အတွင်းပိုင်းက ဒြပ်တွေက အစိုင်အခဲအခြေအနေနဲ့ တည်ရှိ စုဝေးကြတာရယ်
- ဒုတိယ တစ်မျိုးကတော့ အဲ့လိုဖွဲ့စည်းပြီးတဲ့အချိန်မှာမှ နေရဲ့ solar wind တွေနဲ့ တခြား စွမ်းအင်မြင့်ရောင်ခြည်လှိုင်းတွေကြောင့် ကျောက်သားဂြိုဟ်တွေရဲ့ ဓာတ်ငွေ့အလွှာတွေ ကွာထွက်ပြီး ကျောက်သားမျက်နှာပြင်အနေနဲ့ပဲ ကျန်ရစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
References - Dusane, P. (2022). Why Are Rocky Planets Closer To The Sun? Science ABC. https://www.scienceabc.com/nature/universe/why-are-rocky-planets-closer-to-the-sun.html
- National Science Foundation. (2023, February 27). How do rocky planets form? NSF - National Science Foundation. https://new.nsf.gov/news/how-do-rocky-planets-form
- How do rocky planets really form? (2023, January 23). ScienceDaily. https://www.sciencedaily.com/releases/2023/01/230112155833.html
- The Solar System - NASA Science. (n.d.). https://science.nasa.gov/learn/basics-of-space-flight/chapter1-2/
Written by - Zwe Thukha Min
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Science #Astronomy #Universe #Why_Are_Rocky_Planets_Closer_To_The_Sun #Article #General_Science