လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၂၅၀) လောက်က ကြီးကျယ်တဲ့ ပညာရှင်ကြီးတစ်ယောက်ဟာ တစ်ခုခုကို အပြင်းအထန် တွေးတောနေခဲ့ပါတယ်။ ပညာရှိကြီးရဲ့ နာမည်ကတော့ အာခီမိဒိစ်ပါ။ အဲ့ဒီပညာရှိကြီးဟာ ပြဿနာတစ်ခုရဲ့ အဖြေကို ရှာနေတာ ရက်အတော်ကြာနေပြီ ဖြစ်လို့ စိုးရိမ်လာပါတယ်။ ပိုပြီး ဆိုးရွားတာ တစ်ခုကတော့ ဒီပြဿနာဟာ ဘုရင်ကြီးရဲ့ တိုက်ရိုက်အမိန့် ဖြစ်တဲ့အတွက် သေချာပေါက်အဖြေရှာတွေ့မှပဲ ဖြစ်မှာမျိုးပါ။
အာခီမိဒိစ် သက်ရှိထင်ရှားရှိစဉ် အချိန်တုန်းက ဆေရာချုစ်မြို့ကို ဘုရင်ကြီး ဟေရွန် (၂) နန်းတက်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ သရဖူလိုနေတာကြောင့် ပန်းထိမ်သည်တစ်ယောက်ကို ရွှေတစ်ချောင်းပေးပြီး ရွှေအစစ်ပါတဲ့ သရဖူတစ်ခု လုပ်စေခဲ့ပါတယ်။ ပန်းထိမ်သည်ကလဲ ရွှေသရဖူလုပ်ပြီး ဘုရင်ကြီးကို ဆက်သလိုက်တဲ့အခါမှာ ဘုရင်ကြီးဟာ ရွှေပန်းထိမ်သည်က လိမ်ပြီး ရွှေတွေကို ခိုးယူထားတယ်လို့ သံသယရှိလာပါတယ်။ ဒါပေမဲ့ ဘုရင်ကြီးမှာ သက်သေမရှိပါဘူး။ ဒီအတွက်ကြောင့် နန်းတော်ပညာရှိအာခီမိဒိစ်ကို ဆင့်ခေါ်စေခဲ့ပါတယ်။ ဒါ့အပြင် သရဖူဟာ ရွှေအစစ်နဲ့ လုပ်ထားတာဟုတ်မဟုတ် စစ်ဆေးစေခဲ့ပါတယ်။ ကန့်သတ်ချက် တစ်ခုတော့ ထားခဲ့ပါတယ်။ ဒါကတော့ သရဖူကို မထိခိုက်စေဖို့ပါ။
အာခီမိဒိစ်လဲ အခက်အခဲနဲ့ ကြုံနေရပါတော့တယ်။ စဉ်းစားရခက်လာတဲ့ အာခီမိဒိစ်ဟာ ရေချိုးဖို့ လုပ်ပါတယ်။ ဒီလိုနဲ့ ရေဇလုံကို ရေအပြည့်ဖြည့်ပြီး ရေထဲဝင်ဖို့ လုပ်ပါတယ်။ ရေထဲ အဝင်မှာပဲ ထူးဆန်းတာ တစ်ခုကို သတိထားမိပါတယ်။ ဒါကတော့ သူရေထဲ ဝင်လိုက်တာနဲ့ ရေဇလုံထဲက ရေတွေဟာ လျှံကျလာပါတယ်။ သူရေထဲကို ပိုဝင်လေလေ ရေတွေဟာ ပိုလျှံကျလာလေပါပဲ။ ပညာရှိကြီးဟာ တစ်ခဏ တွေးတောလိုက်ပါတယ်။ ပြီးတော့ မြို့ထဲကို ကိုယ်လုံးတီးကြီးနဲ့ ပတ်ပြေးပြီး ပါးစပ်က ယူရေးကားလို့ အော်ပါတော့တယ်။ ယူရေးကားဆိုတာကတော့ "ငါသိပြီ။" ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီလို အော်ပြေးရင်း အာခီမိဒိစ်ဟာ ဘုရင့်ထံ ခစားပြီးတော့ သရဖူဟာ ရွှေစစ်မစစ် စစမ်းသပ်ပြလိုက်ပါတော့တယ်။
ပညာရှိကြီးဟာ အရင်ဆုံး ရေဇလုံကို နှုတ်ခမ်းဝရောက်တဲ့အထိ ရေဖြည့်စေပါတယ်။ ပြီးတော့ ရေထဲကို သရဖူနဲ့ ဒြပ်ထုပမာဏတူတဲ့ ရွှေ အရင်ထည့်ပါတယ်။ ဒီအချိန်မှာ ဇလုံထဲက လျှံထွက်သွားတဲ့ ရေပမာဏကို တိုင်းတာတယ်၊ ဒုတိယအနေနဲ့ သရဖူထဲကို ရောထားတဲ့ သတ္ထုလို့ သံသယရှိခဲ့ကြတဲ့ ငွေကို ထည့်ပြီး လျှံကျလာတဲ့ ပမာဏကို တိုင်းပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ သရဖူကို ထည့်ပြီး လျှံထွက်လာတဲ့ ရေတွေကို တိုင်းပါတယ်။ စမ်းသပ်ချက် ရလဒ်တွေအရတော့ ရွှေထည့်လိုက်လို့ လျှံကျလာတဲ့ ရေပမာဏက အနည်းဆုံးဖြစ်ပြီး ငွေထည့်လိုက်လို့ လျှံကျလာတဲ့ ရေပမာဏဟာ အများဆုံးဖြစ်နေတာပါ။ ရလဒ်တွေကို ကြည့်ပြီး အာခီမိဒိစ် ကောက်ချက်ချလိုက်တာကတော့ သရဖူဟာ ရွှေမစစ်ဘူး ဆိုတာပါပဲ။
အာခီမိဒိစ်ရဲ့ တွေးခေါ်ပုံကတော့ ဒီလိုပါ။ ဝတ္ထုတွေမှာ သိပ်သည်းဆဆိုတာ ရှိပါတယ်။ ဒီသိပ်သည်းဆဟာ ဝတ္ထုအမျိုးအစားနဲ့ လိုက်ပြီး ပမာဏကွဲပါတယ်။ ရွှေရဲ့ သိပ်သည်းဆဟာ ငွေထက် ပိုများပါတယ်။ သိပ်သည်းဆဆိုတာကတော့ တတစ်ယူနစ်ထုထည်မှာရှိတဲ့ ဒြပ်ထုပမာဏပါ။ ဆိုလိုတာကတော့ ဒြပ်ထုပမာဏတူတဲ့ ဝတ္ထုနှစ်ခုမှာဆိုရင် သိပ်သည်းဆ ပိုများတဲ့ ဝတ္ထုက ပိုပြီးသေးငယ်နေမှာပါ။
အာခီမိဒိစ် ရေချိုးခန်းထဲကနေ ရလာတဲ့ အတွေးလေးတစ်စကို သွားကြည့်ကြပါမယ်။ အာခီမိဒိစ်ဟာ ရေဇလုံထဲ ဝင်တာနဲ့ ရေတွေ လျှံကျလာတာကို အရင်သတိထားမိလိုက်တယ်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းက ပိုဝင်သွားလေလေ ရေတွေ လျှံကျလာမှုက များလာလေလေပါ။ ဒီတော့ သူဟာ ရေထဲကို ဝင်သွားတဲ့ ခန္ဓာကိုယ်ရဲ့ ထုထည်ပမာဏနဲ့ လျှံကျလာတဲ့ ရေရဲ့ ထုထည်ပမာဏဟာ ဆက်စပ်နေရမယ်လို့ တွေးပါတယ်။ တကယ်တမ်းမှာလဲ ရေထဲကို ဝတ္ထုတစ်ခု ထည့်ရင် မြင့်တက်လာတဲ့ ရေပမာဏဟာ ဝတ္ထုရဲ့ ထုထည်နဲ့ တူညီနေတာပါ။ ဒီတော့ အပေါ်က အတွေးတွေ အကုန်စုပေါင်းရင် ရလဒ်က ထွက်လာပါပြီ။ တကယ်လို့ သရဖူကို ရေထဲ ထည့်လိုက်ရင် လျှံကျလာမဲ့ ရေရဲ့ ထုထည်ဟာ သရဖူနဲ့ ဒြပ်ထုတူတဲ့ ရွှေတုံးကို ချလိုက်ရင် လျှံကျလာမဲ့ ရေရဲ့ ထုထည်နဲ့ တူကို တူညီနေသင့်တာပါ။ ဘာလို့လဲဆိုရင် သရဖူဟာ ရွှေသီးသန့်နဲ့ ပြုလုပ်ထားရိုးမှန်ရင် ရွှေရဲ့ သိပ်သည်းဆအတိုင်း ရှိနေရပါမယ်။ သိပ်သည်းဆတူတဲ့ ဝတ္ထုနှစ်ခုဟာ ဒြပ်ထုတူခဲ့ရင် ထုထည်လဲ တူရပါမယ်။ ထုထည်တူရင် လျှံထွက်လာတဲ့ ရေရဲ့ ထုထည်လဲ တူမှ ရမှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ သရဖူကနေ လျှံထွက်လာတဲ့ ရေရဲ့ ထုထည်ဟာ ပိုများနေတဲ့အတွက် ရွှေအပြင် ရွှေထက် သိပ်သည်းဆနည်းတဲ့ သတ္ထုတစ်ခု ထည့်ထားကြောင်း သိနိုင်ပါတယ်။
အချုပ်ဆိုရရင် ငွေ့ရည်တစ်ခုထဲကို ဝတ္ထုထည့်လိုက်တဲ့အခါ ငွေ့ရည်ရဲ့ မြင့်တက်သွားတဲ့ ပမာဏဟာ ဝတ္ထုရဲ့ ထုထည်နဲ့ တူညီတယ် ဆိုတာပါပဲ။ ဒီအချက်ကို အာခီမိဒိစ်နိယာမ လို့ ပညာရှင်ကြီးအမည်နဲ့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပြီး ယနေ့တိုင် အရေးပါပါနဲ့ အသုံးပြုနေကြဆဲ နိယာမတစ်ခုပါ။ ဒီနိယာမဟာ အင်ဂျင်နီယာ၊ ရေကြောင်းခရီး၊ စက်မှုလုပ်ငန်းတွေနဲ့အတူ နယ်ပယ်အမြောက်အများမှာလဲ အရေးပါတဲ့ နိယာမတစ်ခု ဖြစ်ပါတယ်။
စကားမစပ် တကယ်လို့ သင်ကရော ရွှေပန်းထိမ်သည်ဆိုရင် ဘယ်လိုသတ္တုမျိုးရောဖို့ စိတ်ကူးမိပါသလဲ။
References - About Eureka!
- Archimedes and the Golden Crown - Long long time ago
- What led to Archimedes’ discovering his principle? | Britannica
Written by - Aung Bhone Myint Htoo
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Science #Article #General_science #Archimedes_Principal