လွန်ခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယရဲ့ ချန်ဒရာယန် ၃ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာရှိတဲ့ ငလျင်ကို အာရုံခံတွေ့ရှိခဲ့ပြီး မစ်ရှင်အတွင်းမှာ ပထမဆုံး မှတ်တမ်းတစ်ခုကို တင်ခဲ့ပါတယ်။ လဆင်းယာဉ်ရဲ့ ရိုဗာ - ဗစ်ခ်ရန် (Vikram) မှာ တပ်ဆင်ထားတဲ့ လူနာမျက်နှာပြင်လှုပ်ရှားမှုခြေရာခံ ကိရိယာ (Instrument for Lunar Seismic Activity (ILSA)) ကနေပြီး ငလျင်ဖြစ်နိုင်ချေရှိတဲ့ ပထမဆုံးအထောက်အထားတစ်ခု တွေ့ရှိခဲ့တာဖြစ်ပါတယ်။ နာဆာရဲ့ ၁၉၇၀ က အပိုလိုမစ်ရှင်အပြီး နှစ်ငါးဆယ်အကြာမှာ ပထမဆုံး အကြိမ် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခုဖြစ်ပြီး အာကာသအေဂျင်စီဘက်ကနေပြီး ငလျင်ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် အိန္ဒိယတို့အနေနဲ့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းကို ပထမဆုံး ဆင်းသက်နိုင်တဲ့ နိုင်ငံအပြင် နောက်ထပ် record တစ်ခုကိုပါ ထပ်စံချိန်တင်ဦးမှာပါ။
လပေါ် ဆင်းအပြီး သုံးရက် အကြာ ဩဂုတ် ၂၆ ရက်နေ့က ရိုဗာမှာ တပ်ဆင်ထားတဲ့ ခြေရာခံကိရိယာကနေပြီး သဘာဝအခြေအနေကြောင့် မြေမျက်နှာပြင်တုန်ခါနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်ဆိုပြီး အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) က X (ယခင်တွစ်တာ) ပေါ်မှာ ထုတ်ပြန်ခဲ့တာပါ။ အခြေအနေကို စူးစမ်းလေ့လာနေတုန်းဖြစ်တယ်လို့လဲ ပူးတွဲဖော်ပြထားပါသေးတယ်။ ကမ္ဘာမဟုတ်တဲ့ နောက်ထပ် မြေသားတစ်နေရာက လှုပ်ခါတုန်ခတ်နေတာကို မှတ်တမ်းရရှိထားတာက လွန်ခဲ့တဲ့ ၁၉၆၉ နဲ့ ၁၉၇၇ ခုနှစ် ကာလတွေကြားက အပိုလိုပရိုဂရမ်တွေကနေ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီမှတ်တမ်းတွေ အပေါ် အခြေခံပြီး လရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ မြေသားတွေရဲ့ အခြေအနေတွေ၊ တခြားဂြိုဟ်ရံလတွေနဲ့ မတူတဲ့ ကမ္ဘာ့လရဲ့ ရှုပ်ထွေးတဲ့ ပထဝီဝင်ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတွေကို သိရှိနိုင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက သုတေသနနည်းစနစ်တွေနဲ့ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ပညာရှင်တွေအနေနဲ့ အပိုလိုမစ်ရှင်တွေက ရလာတဲ့ ဒေတာတွေကို အသုံးပြုပြီး ပဟေဠိဆန်နေတဲ့ လအတွင်းပိုင်း ဖွဲ့စည်းပုံ တွေကို ရှင်းလင်းမြင်သာလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၁ တုန်းက သုတေသနတုန်းကဆိုရင် လရဲ့ ဗဟိုဝတ်ဆံမှာ ကမ္ဘာနဲ့ အလားတူ အိုင်းရွန်းတွေနဲ့ ပြည့်နေတာကို တွေ့ရှိခဲ့ရပါတယ်။ မေ ၂၀၂၃ မှာတော့ သုတေသနပညာရှင်တွေက ဒြပ်ဆွဲစက်ကွင်း အချက်အလက်တွေကို အသုံးပြုပြီး ဒီ အိုင်းရွန်းအူတိုင် ယူဆချက်ကို အတည်ပြုခဲ့ပါတယ်၊ တစ်ဆက်တည်းမှာပဲ လရဲ့ ဗဟိုနဲ့ အပေါ်ယံကြားက အရည်ပျော်သွားတဲ့ အလွှာက အရည်တွေက တခြားအပိုင်းတွေနဲ့ ကွဲထွက်သွားပြီး လမျက်နှာပြင်ပေါ်အလွှာနား စီးဆင်းတိုးကပ်လာရင်း မြေငလျင်တွေ ဖြစ်ပေါ်လာတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီသုတေသနနဲ့ တွေ့ရှိချက်တွေ အကုန်လုံးက လရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အခုမှ အစပဲ ရှိသေးတာပါ။ သံလိုက်စက်ကွင်းတွေဆိုတာ ဂြိုဟ်တွေရဲ့ အတွင်းပိုင်း ကိုယ်ထည်က ဒြပ်တွေ အချင်းချင်း လှုပ်ရှားစီးဆင်းကြရင်း လျှပ်ဓာတ်ဆောင်လို့ ဖြစ်လာတာပါ။ လအတွင်းက အရည်ပျော်နေတဲ့ အိုင်းရွန်းအရည်ပူတွေကြောင့်လဲ လမှာ သံလိုက်စက်ကွင်းရှိနိုင်မယ်လို့ တချို့က ခန့်မှန်းကြပါတယ်။ လရဲ့ အတွင်းပိုင်းက ကမ္ဘာနဲ့ အနည်းငယ်ကွဲပြားပါတယ်၊ လက ပိုသိပ်သည်းတဲ့အပြင် ဒြပ်အများစုကလဲ ခဲနေတာပါ၊ ဝတ်ဆံအပြင်လွှာထဲမှာပဲ အရည်ပျော်နေတဲ့ ဒြပ်တွေရှိတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ လရဲ့ အတွင်းပိုင်းဟာ လွန်ခဲ့တဲ့ ၄.၅ ဘီလျံ အကွာ ဖွဲ့စည်းပြီးပြီးချင်း အချိန်ကတည်းက အေးကျသွားတာဖြစ်လို့ သံလိုက်စက်ကွင်းကောင်းကောင်း မရှိဘူးလို့ ဆိုကြပါတယ်၊ တချို့ကလဲ လုံးဝမရှိခဲ့ဘူးဆိုတဲ့ အုပ်စုကပါ။ အဲ့ဒီ ယူဆချက်တွေ၊ မေးခွန်းတွေ အတွက် အဖြေကိုတော့ အိန္ဒိယတို့ရဲ့ ချန်ဒရာယန်မစ်ရှင်က ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီမှတ်တမ်းအပေါ် အခြေခံပြီး သိပ္ပံပညာရှင်တွေ အနေနဲ့လဲ လရဲ့ ဗဟိုဝတ်ဆံ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပိုမိုနားလည်သိရှိလာနိုင်မှာဖြစ်ပြီး လနဲ့ ပတ်သက်လို့ မဖြေရှင်းနိုင်တာ တော်တော်များများ ပြေလည်ဖို့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ လဆင်းယာဉ်ရော ရိုဗာရော နှစ်ခုစလုံးဟာ ဆိုလာအခြေပြုအလုပ်လုပ်ကြတာဖြစ်လို့ သူတို့ရှိနေတဲ့ နေရာ .. လရဲ့ နေရောင်မရတဲ့ဘက်ခြမ်းမှာတော့ ၁၄ ညတာ ကာလကို sleep-mode အနေနဲ့ ဖြတ်သန်းကြရမှာပါ။ တောင်ဝင်ရိုးစွန်း မျက်နှာပြင်ပေါ် နေရောင်ကျတဲ့ အချိန်ရောက်ရင်တော့ ပြန်နိုးထကြပြီး လူသားတွေ သိလိုတဲ့ အဖြေတွေကို ကူညီရှာဖွေသွားပါလိမ့်မယ်။ #Fact_Hub #News #India_Lunar_Lander #Detect_Seismic #Chandrayaan_3 #Update