ဒုတိယကမ္ဘာစစ်တွင် ၀င်ရိုးတန်းအင်အားစုတွေသာ အနိုင်ရရှိခဲ့လျှင်။


အကယ်၍ ကျွန်တော်တို့သမိုင်း၊ မှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။

ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံးစစ်ပွဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းဟာလဲ ပြောင်းလဲသွားမယ်ဆိုရင် ဘာများဖြစ်သွားနိုင်လဲ။လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ခဲ့တဲ့ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပါဝင်တဲ့ မဟာမိတ်အင်အားစု (Allied power) ဟာ နာဇီဂျာမနီ၊ ဂျပန်အင်ပါယာနဲ့ အီတလီတို့ ပါဝင်တဲ့ ဝင်ရိုးတန်း အင်အားစု (Axis power) ကို အရှုံးပေးခဲ့ရမယ်ဆိုရင် ကမ္ဘာနိုင်ငံ‌ရေးမှာ ဘာတွေပြောင်းလဲသွားနိုင်လဲ။

အထက်ပါအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ New York city ဟာ ဂျာမန်အင်ပါယာရဲ့ ကိုလိုနီနယ်မြေတစ်ခုဖြစ်နေပြီး San Francisco က ဂျပန်ရဲ့ပစိဖိတ် ပိုင်နက်က ပြည်နယ်လေးတစ်ခုဆိုပြီး တွေးဖူးပါသလား။ အကယ်၍ ၀င်ရိုးတန်းအင်အားစုသာ ဒုတိယကမ္ဘာစစ်မှာ အနိုင်ရခဲ့မယ်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာအသုံးပြုနေတဲ့ ဘာသာစကားဟာ ဂျာမန်ဘာသာစကားတောင် ဖြစ်သွားနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ ဝင်ရိုးတန်းအင်အားစုတွေ အနိုင်ရအောင် ပြုလုပ်နိုင်မဲ့ အခြေအနေလေးအချို့ကို ကြည့်ရအောင်။

ဂျာမန်တွေ စစ်ရှုံးရတဲ့ အဓိကအကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် Hitlar ရဲ့ ယုံကြည်မှု လွန်ကဲမှု၊ ခေါင်းမာမှုနဲ့ သူ့ရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက အဓိကလို့ ဆိုနိုင်ပါတယ်။

- ဂျာမန်တွေဟာ အီတလီရဲ့အကူအညီနဲ့ဆိုရင် ဆိုဗီယက်အပါအဝင် ဥရောပဒေသတွေကို ပိုမိုထိန်းချုပ်လာနိုင်ပါမယ်။
 
အီတလီသာ 1943 မှာ မဟာမိတ်အင်အားစုတွေနဲ့ ဘက်ပြောင်းကာ ပူးပေါင်းမှုမလုပ်ခဲ့ဘူးဆိုရင် ဂျာမနီဟာ ဥရောပမှာ ပိုပြီးတော့ ကြီးစိုးနိုင်ပါလိမ့်မယ်။ အီတလီဟာ 1943 မှာ မဟာမိတ်တွေနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တာကြောင့် ကိုလိုနီနယ်မြေတွေကနေ ဖယ်ပေးခဲ့ရပြီး ဂျာမန်ကိုပါ စစ်ကြေညာခဲ့ရပါတယ်။ ဂျာမနီအတွက်တော့ မဟာမိတ်ရွေးချယ်မှု မှားယွင်းခဲ့တယ်လို့ ဆိုနိုင်ပြီး အကယ်၍ အီတလီသာ ၀င်ရိုးတန်းအင်အားစုမှာ ဆက်လက်ပါဝင်နေမယ်ဆိုရင် ဂျာမနီအတွက် ဥရောပကို ကြီးစိုးရာမှာ အားတစ်ခုဖြစ်လာနိုင်ပါတယ်။

- ဟစ်တလာဟာ သူ့ရဲ့အတော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ဗိုလ်ချုပ်ကို မသေစေဘဲ အာဖရိကကိုသာ ဆက်ကိုင်ထားနိုင်မယ်ဆိုရင်

ဂျာမန်တွေဟာ အရည်အသွေးမြင့်တဲ့ တင့်ကားတွေ၊ လေယာဉ်တွေကို ပိုင်ဆိုင်ထားပေမဲ့ လောင်စာဆီမရှိရင် အလကားပဲမို့ North Africa ကမ်ပိန်းရေးဆွဲကာ Suez တူးမြောင်းကို ချုပ်ကိုင်ထားပေမဲ့ မဟာမိတ်အင်အားစုတွေ လာရောက်တိုက်ခိုက်တာတွေကိုတော့ မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဟစ်တလာက သူရဲ့အတော်ဆုံးတွေက တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်
 Erwin Rommel ကို အာဖရိကကို ကိုင်တွယ်ဖို့လွှတ်ခဲ့ပေမဲ့ တာ၀န်ပြီးမြောက်ဖို့ လောင်စာဆီနဲ့ တင့်ကားမလုံလောက်မှုကြောင့် El Alamein တိုက်ပွဲမှာ ဗြိတိသျှတွေကို မကျော်ဖြတ်နိုင်ဘဲ ဂျာမနီကို ပြန်လာခဲ့ရပါတယ်။ ဂျာမနီပြန်ရောက်ပြီးနောက်ပိုင်းမှာ သက်သေခိုင်ခိုင်လုံလုံမရှိဘဲ ဟစ်တလာကို လုပ်ကြံရန် ကြံစည်မှု ဖမ်းခံရပြီး ထောင်ထဲမှာ ကိုယ်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ အာဖရိကဒေသမှာလဲ ဂျာမန်နဲ့ အီတလီတပ်အများအပြားဖမ်းဆီးခံရပြီး လက်လွှတ်ခဲ့ရပါတယ်။ ဟစ်တလာအနေနဲ့ ဒီလိုတော်တဲ့ စစ်ဗိုလ်တွေကို အဆုံးရှုံးမခံဘဲ အာဖရိကဒေသကိုလဲ ပိုကောင်းတဲ့ စစ်ဗျူဟာ‌တွေနဲ့ ချုပ်ကိုင်ထားနိုင်မယ်ဆိုရင် လောင်စာဆီပြဿနာကို ဖြေရှင်းနိုင်ပြီး အနိုင်ရလဒ်နဲ့ နီးစပ်စေမှာပါ။
          
- ဂျာမန်သာ အမေရိကန်ကို စစ်ကြေငြာမှု မပြုခဲ့ဘူးဆိုရင် အင်အားကြီးနိုင်ငံတစ်ခုနဲ့ ရင်ဆိုင်ရမဲ့ အခြေအနေလျော့သွားမှာပါ။
 
- Operation Barbarossa ကို မဆင်နွှဲဘဲ ဆိုဗီယက်ကို ကျူးကျော်စစ်မပြုခဲ့ရင်
             
ဂျာမနီနဲ့ ဆိုဗီယက် စစ်အစမှာ စစ်ပြေငြိမ်းခြင်းစာချုပ်ချုပ်ဆိုခဲ့ပြီး ဟစ်တလာရဲ့ဉာဏ်ကောင်းမှုလို့ပဲ ဆိုရပါမယ်။ ဒါပေမဲ့ သူကိုယ်တိုင်ချိုးဖောက်ခဲ့ပြီး ဆိုဗီယက်ကို ကျူးကျော်ခဲ့ပါတယ်။ ဟစ်တလာသာ ခေါင်းမမာဘဲ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားကိုနားထောင်ပြီး ဆိုဗီယက်ရဲ့ ရာသီဥတုကိုသာ ကြိုတင်တွက်ဆနိုင်ခဲ့ကာ ဆိုဗီယက်ကို မကျူးကျော်ဘဲ တခြားဥရောပနိုင်ငံ (ဥပမာ ဗြိတိန်) တွေကို အာရုံစိုက်မယ်ဆိုရင် ၀င်ရိုးတန်းအင်အားစုဟာ အင်အားပိုကြီးလာနိုင်ပါတယ်။

ဒါဆိုရင် ဝင်ရိုးတန်အင်အားစုသာ အနိုင်ရရှိခဲ့ရင် ဘာဆက်ဖြစ်မှာလဲ။

ဝင်ရိုးတန်းအင်အားစုတွေသာ အနိုင်ရလဒ်နဲ့ ပြီးဆုံးသွားမယ်ဆိုရင် ဟစ်တလာက သူ့ရဲ့ ကမ္ဘာကြီးကို ကြီးစိုးမဲ့ grand plan ကို စတင်ပါလိမ့်မယ်။ သူတို့က ဒီကမ္ဘာစစ်ကို အောင်မြင်မှုတွေထဲက တစ်ခုလို့သာ မြင်ပြီး သူတို့ရဲ့ Reich ကိုသာထပ်ချဲ့ထွင်မယ်ဆိုရင် တတိယကမ္ဘာစစ်၊ စတုတ္ထကမ္ဘာစစ်ပါ ဖြစ်လာနိုင်ပါတယ်။ ဥရောပမြောက်ပိုင်းက နောဒစ်နိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဖင်လန်တို့ကလဲ ဂျာမနီလက်အောက်ခံအဖြစ်

သိမ်းပိုက်ခံရနိုင်ပါတယ်။ ဂျာမန်တွေဟာ အရင်က သူတို့ပိုင်ခဲ့တဲ့ အာဖရိကက ကိုလိုနီနယ်တွေကို ပြန်ယူဖို့ကြိုးစားပါလိမ့်မယ်။ မဟာမိတ်အင်အားစုတွေကလဲ တဖြည်းဖြည်း ဂျာမန်လက်အောက်ကျရောက်လာနိုင်ပြီး နာဇီစည်းမျဥ်းတွေအတိုင်းနေထိုင်ရမှာဖြစ်ပါတယ်။ စစ်အေးခေတ် ဆိုဗီယက်နဲ့ အမေရိကန် အားပြိုင်မှုတွေ ရှိတော့မှာမဟုတ်ဘဲ အဲ့ဒီအစား ဂျာမန်အင်ပါယာကသာ ကြီးစိုးလာပါလိမ့်မယ်။

အီတလီကလည်း ရောမအင်ပါယာပိုင်ဆိုင်ဖူးတဲ့ နယ်မြေအတိုင်း ချဲ့ထွင်ပါလိမ့်မယ်။ တစ်ဖက်မှာလဲ ဂျပန်တွေဟာ ပစိဖိတ်ဒေသကို ချုပ်ကိုင်လာ နိုင်တာနဲ့အမျှ ဂျာမနီ၊ အီတလီနဲ့ပေါင်းကာ အမေရိကန်သိမ်းပိုက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဂျပန်က အာရှဒေသကို ကြီးစိုးမယ့် greater Asia ကို အကောင်အထည်ဖော်ပြီး တရုတ်ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ပါတယ်။

ဒါဆိုရင် ထိုင်၀မ်ကလဲ ဂျပန်လက်အောက်ခံ ဖြစ်လာပါလိမ့်မယ်။ ထိုင်ဝမ်က ဂျပန်ပထမဆုံး ကိုလိုနီနယ်မြေဖြစ်တာ‌ကြောင့် ဂျပန်တွေက ဂရုတစိုက် တိုးတက်အောင် ပြုလုပ်ပေးမှာပါ။ ကိုရီးယား ကျွန်းဆွယ်ဟာလဲ တောင်၊ မြောက်မကွဲတော့ဘဲ ကျွန်းဆွယ်တစ်ခုတည်းအနေနဲ့ ရှိနေတော့မှာပါ။

လူ့အခွင့်အရေးနဲ့ လူမျိုးရေးကရော ဘာဖြစ်နိုင်မလဲ။

လူမျိုးရေးခွဲခြားခံရမှုတွေပိုဖြစ်နိုင်ပြီး အသားမဖြူသူတွေ၊ အရပ်အမောင်းမထွားသူတွေနဲ့ အထူးသဖြင့် Aryan (အသားဖြူ၊ ဂျူးလူမျိုးမဟုတ်သူ)တွေကလွဲလို့ ကျွန်ပြုခံရတာ၊ အသတ်ဖြတ်ခံရတာတွေ များလာပါမယ်။ Holocaust ကလည်း ပိုဆိုးဝါးလာနိုင်ကာ T-4 ပရိုဂရမ်တို့လို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူတွေ အသတ်ခံရမဲ့အခြေအနေတွေ ထပ်မံပေါ်ပေါက်လာနိုင်တယ်။ တစ်ဖက်မှာတော့ ဂျာမန်လူမျိုးတွေရဲ့ ဘ၀ကတော့ မဟာမိတ်တွေနိုင်သွားခဲ့ချိန်နဲ့မတူဘဲ ကမ္ဘာအနှံ့က ဂျာမန်သွေးပါသူတွေတိုင်း အခွင့်အလမ်းတွေ ခံစားရနိုင်ပါတယ်။

စက်မှုလုပ်ငန်းတွေဘက်မှာတော့ အစိုးရက နည်းပညာနဲ့ စစ်လက်နက်ထုတ်လုပ်မှုအပေါ် ပိုမိုရင်းနှီးမြှပ်နှံလာနိုင်ပြီး နျူကလီးယားပိုင်ဆိုင်ဖို့အထိ ကြိုးစားပါလိမ့်မယ်။ ဂျာမန်ပညာရှင်တွေကလဲ အမေရိကန်အတွက် အလုပ်လုပ်တာရပ်ဆိုင်းပြီး အမိမြေကို ပြန်လာပါလိမ့်မယ်။

အချုပ်အားဖြင့်ပြောရရင် မဟာမိတ်အင်အားစုတွေအစား ၀င်ရိုးတန်းအင်အားစုတွေသာ နိုင်သွားရင် ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ ငွေကြေးလည်ပတ်မှုတွေကအစ ပြောင်းလဲသွားနိုင်ပြီး ကျွန်တော်တို့လူနေမှုဘ၀တွေကလဲ ဒီထက်ပိုဆိုးဝါးလာနိုင်ပါတယ်။ အာဏာရှင်စနစ်နဲ့ ဗဟိုချုပ်ကိုင်အုပ်ချုပ်ရေးစနစ်တွေ ပိုမိုအသုံးပြုမှု များလာပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေများလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တန်ဖိုးထားတတ်မယ်ဆိုရင် မဟာမိတ်အင်အားစုတွေရဲ့အောင်နိုင်မှုဟာလဲ ကမ္ဘာကြီးအတွက် တန်ဖိုးထားစရာသမိုင်းဖြစ်ရပ်တစ်ခု မဟုတ်ပေဘူးလား။

References - How did WW2 end?
- What if Hitler won WW2?
- Savage Continent by Keith Lowe

ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

Telegram - t.me/facthub_mm
www.facthub-mm.org မှာလဲ ဝင်ဖတ်နိုင်ပါတယ်။

Written by - Khant Nyar Thar
Edited by - Fact Hub Editor Team
©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #History #Article #WW2

Post a Comment

Previous Post Next Post

Contact Form