စိတ်နဲ့ အရောင်တွေကြားက ထူးခြားတဲ့ ဆက်နွယ်မှု


ဒီတစ်ခေါက်တော့ စိတ်ရောဂါတွေအကြောင်းထက် ကျွန်တော်တို့ရဲ့ စိတ်ကို ကာလာအရောင်တွေက ဘာတွေ သက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ 

ကျွန်တော်တို့ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံးထက် သာလွန်ကောင်းမွန်ပါတယ်။ တစ်ဆက်တည်းမှာ ဒီလောက်စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို လူတွေပိုင်ဆိုင်ထားရပေမယ့် ထိန်းချုပ်ဖို့ နည်းလမ်းတွေကိုလည်း အတိအကျမသိသေးသလို ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း လေ့လာရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီလို ရှာဖွေနေရင်းကပဲ စိတ်ပညာရှင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Angela Wright ဆိုသူက အရောင်တွေ၊ အသံတွေဟာ လူတွေရဲ့စိတ်ခံစားချက်အပေါ် အကျိုးသက်ရောက်မှုရှိတာကို သတိထားမိသွားခဲ့ပါတယ်။ ဒါ​နဲ့ပဲ သူမ သေချာလိုက်လံရှာဖွေတယ်။ စမ်းသပ်ချက်တွေအမျိုးမျိုးလုပ်တယ်။ နောက်ဆုံးမှာ အကောင်းဆုံးရလဒ်တွေထွက်ပေါ်လာပါတယ်။ ရလဒ်ကတော့ ဒီအရောင် (၄)ရောင်ဟာ ကျွန်တော်တို့ရဲ့ စိတ်ကိုသိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေတယ်ဆိုတာပါပဲ။ 

  1.  အနီ (Red)
  2. အပြာ (Blue)
  3. အဝါ (Yellow)
  4. အစိမ်း (Green) 

ဒီအရောင်တွေတစ်ခုချင်းစီမှာ လူတွေရဲ့စိတ်ကို တက်ကြွဝုန်းဒိုင်းကြဲစေတာ၊ တည်ငြိမ်ပြီး စိတ်အေးလက်အေးဖြစ်စေတာ၊ ဉာဏ်ပိုရွှင်၊ ဉာဏ်ပိုကောင်းလာစေတာ၊ ခံစားချက်တွေ အတွေးတွေကို အကောင်းဘက်ကနေ မြှင့်တင်ပေးတာ စတဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေပါတယ်။ ဒါဆိုရင် ဘယ်အရောင်တွေက လူတွေရဲ့စိတ်ကို ဘယ်လိုရှိစေလဲဆိုတာ ဆက်လက်ပြီး တိတိကျကျလေး ဖော်ပြပေးပါမယ်။ 

1. အနီ (Physically and Mentally Motivated) 

အနီကတော့ လူတွေကို Motivate ဖြစ်စေတယ်။ တက်ကြွပြီး ဝုန်းဒိုင်းကြဲချင်လာအောင် ခွန်အားတွေပြည့်လာသလို ခံစားရအောင် အဓိကဆောင်ရွက်ပေးတဲ့ အရောင်ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်တို့ မျက်စိထဲမြင်ရရင်  စိတ်လှုပ်ရှားစေသလို အရေးကြီးတယ်ဆိုတဲ့ အတွေးမျိုးကို ဖြစ်စေပါတယ်။ မြန်မာအယူအဆမှာလည်း အနီရောင်ဟာ အားပြင်းတာတွေ၊ အားကြီးတာတွေဖြစ်စေဖို့ သုံးတတ်ကြတယ်။ လေနီကြမ်းကြီးတွေ၊ မုန်တိုင်းအနီရောင်အဆင့် သတ်မှတ်ချက်တွေအပြင် မီးသတ်ကားတွေ၊ အရေးပေါ်ဌာနတွေမှာလည်း အနီရောင်ကိုအသုံးပြုကြပါတယ်။ အနီကိုမြင်ရခြင်းက လူတွေကို တခြားအရာတွေထက် ပိုသတိထားမိစေနိုင်သလို တွန်းအားတွေ၊ ခွန်အားတွေတိုးပြီး တက်ကြွနိုးကြားစေပါတယ်။ သဘောကတော့ အရေးကြီးတယ်ဆိုတဲ့ ခံစားချက်မျိုး၊ ပူထူသွားတဲ့ခံစားမှုမျိုးကို ရစေပါတယ်။ အနီရောင်ရဲ့ စိတ်အပေါ်သက်ရောက်မှုက လက်တွေ့လောကမှာလည်း အများကြီးရှိသလို အတော်များများလည်း သိပြီးသားမို့ အသေးစိတ်ရှင်းမပြတော့ပါဘူးနော်။ 

2. အပြာရောင် (Intellectual) 

ကျွန်တော်တို့ရဲ့စိတ်ကို အာရုံစူးစိုက်မှုအားကောင်းစေတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုထက်မြက်စေတဲ့အရောင်ကတော့ အပြာရောင်ပါပဲ။

များသောအားဖြင့် အရေးကြီးတဲ့ ရုံး၊ ဌာနတွေအပြင် အာရုံစူးစိုက်ပြီး အလုပ်လုပ်ရတဲ့သူတွေဟာ သူတို့ရဲ့ အခန်းတွေ၊ သက်ဆိုင်တဲ့ နေရာတွေမှာ အပြာရောင် အပြင်အဆင်ကို ထားလေ့ရှိပါတယ်။ (မြန်မာနိုင်ငံတော့မပါပါဘူး ဖြူ နီ ပြာ ဝါ ကာလစုံသုတ်ကြလို့ပါ) တည်တည်ငြိမ်နဲ့ အာရုံစူးစိုက်ပြီး အလုပ်လုပ်စရာရှိရင် မီးအပြာလေးတွေထွန်းကြတာမျိုးတွေ၊ မီးအိမ်အပြာကို ထွန်းထားတာတွေလုပ်ကြပါတယ်။ 

3. အဝါ ( Emotional)

စိတ်ကိုတည်ငြိမ်စေပြီး ယုံကြည်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးတဲ့အပြင် စိတ်ကူးဉာဏ်ကို အဓိကအသုံးချရသူတွေ၊ ဉာဏလုပ်သားတွေဖြစ်တဲ့ Content Creator/ Writer တွေ၊ စာရေးဆရာတွေ၊ Design သမားတွေ အတွက် အနီးအနားမှာထားသင့်တဲ့ အလှဆင်သင့်တဲ့ အရောင်ကောင်းလေးကတော့ အ၀ါရောင်ပဲ ဖြစ်ပါတယ်။ အဝါရောင်ဟာ ယုံကြည်မှုကို မြှင့်တင်ပေးတဲ့အပြင် အတွေးအမြင်တွေကိုလည်း ဆန်းသစ်စေပါတယ်။ 

4. အစိမ်း (Balance)

အစိမ်းကတော့ အနီနဲ့လုံးဝ ဆန့်ကျင်ဘက်အရောင် ဝုန်းဒိုင်းကြဲတာတွေ၊ တက်ကြွတာတွေ အကုန်လုံးကို ငြိမ်သွားစေပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး မျက်စိလည်းအေးစေပါတယ်။ စိတ်ကစဥ်ကလျားရောဂါ အပြင်းစား ခံစားရတဲ့သူတွေ လုံးဝမတည်ငြိမ်တဲ့ လူနာတွေကို အစိမ်းရောင်အခန်းထဲမှာကုထုံးပေးတာမျိုးတွေတောင် လုပ်လေ့ရှိပါတယ်။ အစိမ်းရောင် တောတောင်သဘာဝရှု့ခင်းတွေ မြင်လိုက်ရရင်ကို စိတ်ထဲကို ပေါ့ပါးပြီး အေးချမ်းခြင်းကို ရရှိစေတာကြောင့် တောတောင်ဒေသတွေဆီ ခရီးထွက်တဲ့သူတွေဆိုရင် ဒီ အချက်ကို ကောင်းကောင်းသိပါလိမ့်မယ်။

ဒါလေးတွေကတော့ အရောင်တွေဟာ စိတ်ခံစားမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ ဆိုတာကို Angela Wright ရှာတွေ့ထားတဲ့အချက်တွေပါ။ လက်တွေ့စမ်းကြည့်ချင်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့အနေအထားပေါ်မူတည်ပြီး မီးသီးအသေးလေးတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ နောက်ဆုံးပြောချင်တာက ဒီအရောင်လေးရောင်မှမဟုတ်ဘဲ အရောင်တိုင်းလိုလိုမှာ အခုလို အကျိုးသက်ရောက်မှုလေးတွေ အနည်းနဲ့အများ ရှိနေတတ်ပါတယ်။ တစ်ခုရှိတာက လူတိုင်းအပေါ် အကျိုးသက်ရောက်မှုရှိမရှိကို အာမခံလို့တော့ မရသေးပါဘူး။ အထူးသဖြင့် Colour Blind သမားတွေအနေနဲ့ အရောင်တွေရဲ့ အကျိုးသက်ရောက်မှုကို မရနိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

References - Biography Of Angela Wright - Colour Affects. (n.d.). Retrieved July 29, 2023, from Colour-affects.co.uk website: http://www.colour-affects.co.uk/biography

Nao (2023) The Impact of Color on Mental Health - Nao Medical, Naomedical.com. Nao Medical. Available at: https://naomedical.com/info/color-mental-health-connection-2.html (Accessed: July 29, 2023).

Written by - Myo Myat Maung
Edited by - Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Psycology #Medical_Science #Article #The_unique_relationship_between_mind_and_color

Post a Comment

Previous Post Next Post

Contact Form