မြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည် ခေါ် လန်ဂါမျက်ကွင်းဖြူမျောက်တွေ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေ

မြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည် ခေါ် လန်ဂါမျက်ကွင်းဖြူမျောက်တွေ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ

ဓာတ်ပုံ - တိုးနိုင်ထွန်း


ပုပ္ပါးလန်ဂါ (ခေါ်) ပုပ္ပါးမျောက်မြီးရှည်မျိုးစိတ်တွေဟာ မြန်မာနိုင်ငံမှာပဲရှိတဲ့ မြန်မာ့မျိုးရင်းမျောက်မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီမျောက်မျိုးစိတ်ကို ၂၀၂၀ ခုနှစ်က ဓာတ်ခွဲလေ့လာစမ်းသပ်မှုကနေတဆင့် မျိုးစိတ်အသစ်အဖြစ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး အကောင်ရေထက်ဝက်ကျော်လောက် ရှင်သန်ကျက်စားရာဖြစ်တဲ့ ပုပ္ပါးတောင်ကို အခြေပြုလို့ Poppa langur (Trachypithecus popa) အဖြစ် အမည်ပေးခဲ့တာပါ။ လက်ရှိအချိန်မှာ ပုပ္ပါးမျောက်မြီးရှည်တွေဟာ ဒေသတွင်းဖမ်းဆီးသတ်ဖြတ်ခံရတာတွေ အမဲလိုက်ခံရတာတွေနဲ့ တရားမဝင်သစ်တောခုတ်လုပ်မှုတွေ၊ မြေနေရာချဲ့ထွင်မှုတွေကြောင့် နေထိုင်ရာစားကျက်ရှားပါးလာပြီး အသက်ရှင်နိုင်ဖို့ ခြိမ်းခြောက်ခံနေရတဲ့အတွက် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (ICUN) ကနေပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရင်ဆိုင်နေရတဲ့ မျိုးစိတ်အဖြစ် အနီရောင်အဆင့် စာရင်းသွင်းသတ်မှတ်ခံထားရပါတယ်။
ဓာတ်ပုံ - တိုးနိုင်ထွန်း


ပုပ္ပါးမျောက်မြီးရှည်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသတွေနဲ့ ဧရာဝတီနဲ့ သံလွင်မြစ်ကြား ကယား-ကရင် တောင်နိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကျက်စားကြပြီး ပုပ္ပါးတောင်အနီးမှာ အများဆုံးနေထိုင်ကြတဲ့ ဒေသမျိုးရင်းမျောက်တွေဖြစ်ကြပါတယ်။ ဒေသတွင်းလူတွေက စားသုံးဖို့နဲ့ ဆေးဝါးဖော်စပ်ဖို့အတွက် လန်ဂါတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် လွန်ခဲ့တဲ့နှစ်တွေကစပြီး အကောင်ရေစတင်လျော့ကျလာကာ လက်ရှိအချိန်မှာ အကောင်ရေ ၂၅၀ ပတ်ဝန်းကျင်ပဲ ကျန်ရှိတော့တယ်လို့ ဒေသန္တရကွင်းဆင်းလေ့လာသူတွေက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ပုပ္ပါးတောင်ဒေသမှာ အကောင်ရေ ၁၁၁ ကောင်ခန့်၊ ရသေ့ပျံဂူမှာ ကောင်ရေ  ၂၀ မှ ၃၀ ခန့်၊ ပဲခူးရိုးမမှာ ၂၂ ကောင်ဝန်းကျင်ခန့်နဲ့  ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောမှာ ကောင်ရေ ၄၆ ကောင်မှ ၉၆ ကောင်ခန့်ထိရှိမယ်လို့ မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနဲ့ ခွဲခြားသတ်မှတ်ရေးအဖွဲ့ (Native Species Conservation and Identification in Myanmar - NSCI) က ကိုအောင်ကိုလင်းအပါအဝင် အခြားကျွမ်းကျင်ပညာရှင်တွေက စာရင်းသွင်းထားခဲ့ပါတယ်။

ဓာတ်ပုံ - တိုးနိုင်ထွန်း


မြန်မာ့ဇီဝမျိုးစိတ်တွေ ထိန်းသိမ်းကာကွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စတွေ တက်ကြွလှုပ်ရှားနေတဲ့ ပြည်တွင်းအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Native Species Conservation and Identification in Myanmar - NSCI က တာဝန်ရှိသူ ကိုဝင်းပိုင်ဦးကို Fact Hub ကနေပြီး မျိုးသုဉ်းမှုအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ပုပ္ပါးမျောက်မြီးရှည်တွေအကြောင်း မေးမြန်းခဲ့ပါတယ်။ 

"အဓိကရင်ဆိုင်နေရတဲ့ပြဿနာက တရားမဝင် အမဲလိုက်ဖမ်းဆီးသတ်ဖြတ်မှုပါ။ မျောက်အမေကြီးတွေက သူတို့ရဲ့ကလေးတွေကို အမြဲဖက်ထားပြီး အရွယ်မရောက်မချင်းဘယ်တော့မှမလွှတ်တဲ့အကျင့်ရှိတယ်။ ဒါကြောင့်မလို့ မျောက်ငယ်လေးတွေကို ဖမ်းပြီး အိမ်မွေးတိအဖြစ်ရောင်းဖို့ အမဲလိုက်လိုတဲ့အခါမှာ လူတွေက အရင်ဆုံးအမေကိုသတ်ရပါတယ်။ အမေကြီးသေပြီးပြုတ်ကျမှ သူ့ကိုဖက်ထားတဲ့ကလေးတွေကို ဖမ်းကြတာပါ။ ဒီလိုနဲ့ မျောက်မိခင်ရော ကလေးရောကို ယူသွားတာမို့ တောထဲမှာ မျောက်မျိုးဆက်ပြတ်ဖို့အကြောင်းတွေ ဖြစ်လာတာပါ။"

ပုပ္ပါးမျောက်မြီးရှည်ကလေးတွေဟာ အညိုရင့်/ဖျော့ ရောင် ကျောကုန်း၊ အနက်ရောင်ခြေလက်နဲ့ မီးခိုးရောင်အမြီးတွေရှိကြပြီး မျက်လုံးလေးမှာ မျက်ကွင်းဖြူအကွင်းလိုက်ရှိကြပါတယ်။ သူတို့တွေဟာ သစ်တောအမျိုးအစားမျိုးစုံမှာ ရှင်သန်နေထိုင်တတ်ကြသလို သစ်ပင်ပေါ်မှာပဲအများဆုံးနေပြီး အရွက်တွေကို နေ့အချိန်မှာ အဓိကရှာဖွေစားသောက်တတ်တဲ့ မျောက်မျိုးစိတ်ဖြစ်ပါတယ်။ ပုပ္ပါးမျောက်မြီးရှည်လန်ဂါလေးတွေဟာ အခြားမျောက်မြီးရှည် (Langur) တွေလိုပဲ အရွက်တွေအသီးတွေကိုစားတယ်၊ ပြီးရင် အစေ့တွေကို မစင်အဖြစ်ပြန်စွန့်ပြီး အပင်ပေါက်တွေပေါက်လာစေတယ်။ ပြီးရင် အစာစက်ကွင်းမှာဆို ကျားနဲ့ ကျားသစ်တွေ၊ အင်းကျားတွေရဲ့ အစာအဖြစ် နေပေးပါတယ်။ သူတို့က တခြားသတ္တဝါတွေမမီတဲ့ အပင်မြင့်ကြီးတွေရဲ့ အရွက်တွေကို အဓိကစားပေးပြီး ရွက်သစ်တွေ ပြန်ထွက်စေတဲ့အဓိကနေရာမှာလည်းနေပေးပြီး ဂေဟစနစ်ကို အထောက်အကူပြုတယ်လို့ ကိုဝင်းပိုင်ဦးက ဆိုပါတယ်။ လက်ရှိအချိန်မှာ ပုပ္ပါးမျောက်မြီးရှည်တွေဟာ စားသုံးဖို့နဲ့ တိုင်းရင်းဆေးဝါးဖော်စပ်ရာမှာ အသုံးချဖို့အတွက် အမဲလိုက် ဖမ်းဆီးသတ်ဖြတ်တာတွေခံနေရပြီး တချို့ဆိုရင်လည်း နယ်စပ်ကနေတဆင့် ရောင်းချတာမျိုးတွေပါ ရှိနေပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုဝင်းပိုင်ဦးက အခုလို ဆက်ပြောပါတယ်။ 

"အမဲလိုက်သမားတွေက ပထမဆုံးအနေနဲ့ သေပြီးသားမျောက်တွေကို အမဲဖျက်ပြီး အသားကို မျောက်သားအနေနဲ့ရော၊ အူထဲက အစာဟောင်းတွေကို မျောက်ချေးခါးအနေနဲ့ရော ၊ မျောက်ကိုယ်ခန္ဓာတွေကို အဆောင်အနေနဲ့ရော ရောင်းတယ်။ ကလေးတွေကိုတော့ အိမ်မွေးအဖြစ်ရောင်းပါတယ်။"

ပုံ - မျောက်အကြီးများအား ပစ်သတ်ထားခြင်း
ရင်းမြစ်မသိရ


အခုလို ရှားပါးတိရစ္ဆာန်တွေ အမဲလိုက်ခံရတဲ့ အဓိကအကြောင်းအရင်းဟာ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲမွဲတေမှုနဲ့ ရပ်တည်နိုင်ဖို့အတွက် အကြပ်အတည်းတွေကို ရင်ဆိုင်နေရတာကြောင့်နဲ့လည်း သက်ဆိုင်နေပါတယ်။ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းရာမှာ မြန်မာနိုင်ငံက အတော်လေးအားနည်းနေတာဖြစ်လို့ ဒေသတွင်းက တောရိုင်းဇီဝမျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်မသွားဖို့အတွက် လူငယ်တွေအနေနဲ့လည်း မြန်မာ့တောရိုင်းတိရစ္ဆာန်တွေအကြောင်း ပိုမိုလေ့လာဖို့ နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်နေပါတယ်၊ လူထုအသိပြန့်ပွားလာဖို့အရေးကိုလည်း တိုးချဲ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး

"လူထုအသိပြန့်ပွားရေးအတွက် ပြောချင်တာလေးတော့ရှိပါတယ်၊ နောက်တက်လာမယ့် ဆယ်ကျော်သက်လူငယ်တိုင်း  ကိုယ့်မြေမှာရှိတဲ့ကိုယ့်မျိုးစိတ်တွေကို သိထားပြီးတန်ဖိုးထားစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကမလေ့လာထားရင် ဒီမျိုးစိတ်တွေကို ပြည်ပမှာသွားကြည့်ရတော့မှာပါ။" လို့ ကိုဝင်းပိုင်ဦးက မှတ်ချက်ပြုပါတယ်။

အမဲလိုက်ခံရတာ၊ ကျက်စားတဲ့ဒေသ ပျောက်ဆုံးလာတာနဲ့ လူသားတွေရဲ့ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေဟာ သူတို့ရဲ့ အသက်ရှင်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ ပုပ္ပါးမျောက်မြီးရှည်တွေကို အလျင်အမြန် ထိန်းသိမ်းကာကွယ်တာမျိုးမလုပ်ဘူးဆိုရင် နှစ်အနည်းငယ်အတွင်း မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပြီး ဒေသတွင်းမှာ အသိပညာပေး အစီအစဉ်ဆောင်ရွက်တာတွေ၊ ထိန်းသိမ်းရေးနယ်မြေတွေကို သဘာဝနဲ့ အညီတည်ဆောက်ပေးတာတွေနဲ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေး ဥပဒေ တိုးချဲ့သတ်မှတ်ပြီး အကာအကွယ်ပေးတာမျိုး လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောတွေမှာ နေထိုင်နေတဲ့ ပုပ္ပားမျောက်မြီးရှည်လေးတွေ ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ ရသေ့ပျံဂူဝန်းကျင်ရှိ တသီးတသန့်ဖြစ်နေသော ပုပ္ပားမျောက်မြီးရှည်တွေအတွက် အလားအလာရှိသော ဒေသအစုအဖွဲ့ကို အခြေပြုသည့် ထိန်းသိမ်းရေးနည်းလမ်းများဖြင့် ထိန်းသိမ်းကာကွယ်ပေးဖို့တွေဟာ အရေးတကြီးလိုအပ်လျက်ရှိပြီး ဒီကိစ္စတွေပေါ်ကို လူထုအာရုံစိုက်မှုရှိဖို့လည်း လိုအပ်နေတယ်လို့ ဒေသန္တရအဖွဲ့အစည်းတွေက ပြောထားပါတယ်။ လက်ရှိအချိန်မှာ ကရင်ပြည်နယ်အခြေစိုက် I am Langur - ကျွန်တော်လန်ဂါ နဲ့ မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနဲ့ ခွဲခြားသတ်မှတ်ရေးအဖွဲ့ (Native Species Conservation and Identification in Myanmar - NSCI) တို့ကနေပြီး ထိန်းသိမ်းကာကွယ်ရေးနဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုတွေ၊ ကမ်ပိန်းတွေကို အရှိန်အဟုန်နဲ့ ပြုလုပ်လျက်ရှိပါတယ်။ 

ဓာတ်ပုံ - တိုးနိုင်ထွန်း

#Fact_Hub #News #Enviromental #Langur #Poppa_langur #Critically_Endangered #Save_native_species #Conservation #ကျွန်တော်လန်ဂါ #မစားပါနဲ့ #မမွေးပါနဲ့ #မရောင်းကြပါနဲ့ 

Post a Comment

Previous Post Next Post

Contact Form