လက်ရှိ ဒီစာကိုဖတ်နေတဲ့ စာဖတ်သူ ဆယ်ယောက်ထဲက ကိုးယောက်လောက်ဟာ မိုးရွာနေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေ၊ အခြားလျှပ်စစ်ပစ္စည်းတွေ အသုံးပြုတာကနေ လျှပ်စီးဝင်နိုင်တယ်၊ မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံထားကြပါတယ်။ ငယ်ငယ်က မိဘတွေ၊ လူကြီးတွေပြောလို့ပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲ ဖတ်ရှု့ဖူးတာပဲဖြစ်ဖြစ် တော်တော်များများက အဲ့ဒီအတိုင်း မှတ်သားထားခဲ့ကြဖူးတာမျိုး ရှိပါလိမ့်မယ်။ ရေးတဲ့ကျွန်တော်လည်း တစ်ချိန်တုန်းက အဲ့ဒီအယူအဆနဲ့ ပတ်သက်လို့ လက်သင့်ခံခဲ့ပြီး မိုးအကြီးအကျယ်ရွာပြီဆိုတာနဲ့ သုံးနေတဲ့ဖုန်းတွေ၊ ကြည့်နေတဲ့တီဗီတွေအကုန်ပိတ်ပစ်ခဲ့တာမျိုးရှိပါတယ်။ နောက်ပိုင်း electromagnetism, eletronic ဘက်နဲ့ ပတ်သက်တဲ့ စာတော်တော်များများကို လိုက်လံလေ့လာပြီးတဲ့အချိန်ကျမှ ဒီအယူအဆဟာ အလွဲအမှားတစ်ခုဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ ဒါက ဘာလို့လွဲမှားနေရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့ လျှပ်စီးတွေ၊ မိုးကြိုးတွေနဲ့ ပတ်သက်ပြီး နားလည်ထားဖို့ လိုအပ်ပါတယ်။
လျှပ်စီးလက်တယ်၊ မိုးကြိုးပစ်တယ်ဆိုတာက ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်စိုင်တိမ်တိုက်တွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝအဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်က မိုးရွာနေတဲ့အချိန်၊ လျှပ်စီးမုန်တိုင်းတွေဖြစ်ပေါ်တဲ့အချိန်မှာ တိမ်တိုက်တွေအချင်းချင်း ဒါမှမဟုတ် တိမ်တိုက်ကနေ မြေပြင်ကို လျှပ်စစ်စီးဆင်းတဲ့အခါ ဖြစ်ပေါ်တဲ့ အလေ့အထတစ်ခုပါပဲ။
ငယ်ငယ်က သိပ္ပံမှာသင်ရတဲ့ ငွေ့ရည်ဖွဲ့ခြင်းအကြောင်းကို တစ်ချက်ပြန်တွေးကြည့်ရအောင်ပါ။ ကမ္ဘာ့မြေပြင်ပေါ်မှာရှိတဲ့ ရေတွေဟာ နေအပူချိန်ကြောင့် အငွေ့ပျံကြပါတယ်။ အဲ့ဒီရေခိုးရေငွေ့တွေကို ကမ္ဘာရဲ့ ground height နဲ့ ကပ်နေတဲ့ လေထုအောက်ပိုင်းက လေပူတွေက အပေါ်ကိုသယ်ဆောင်ပြီး အဲ့ဒီလေပူတွေဟာ အပေါ်ကိုရောက်တာနဲ့အမျှ အပူချိန်လျော့ကျလာပါတယ်။ အဲ့ဒီလေပူတွေက ဘယ်လောက်ပူလဲဆိုတဲ့ အပူချိန်အပေါ်မူတည်ပြီး ရေခိုးရေငွေ့တွေကို သယ်ဆောင်နိုင်ပါတယ်၊ ပိုပူရင် ပိုသယ်နိုင်တာပေါ့။ ပူရင်ပိုပွပြီး ပိုပေါ့တဲ့အတွက်ကြောင့် အပေါ်ကိုပိုတက်နိုင်ပြီးတော့ ရေခိုးရေငွေ့တွေကို သယ်လာတဲ့ အဲ့ဒီလေပူက သူနဲ့ကိုက်ညီတဲ့ အပူချိန်ရှိတဲ့ လေထုပတ်ဝန်းကျင်ကိုမရောက်မခြင်း ဆက်တက်ပါတယ်။ လမ်းတစ်လျှောက်မှာ လေအေးနဲ့ထိတွေ့လာရတာကြောင့် လေထုရဲ့အပူချိန်က လျော့ကျလာပြီး အထဲမှာပါဝင်တဲ့ ရေခိုးရေငွေ့တွေက ငွေ့ရည်ဖွဲ့ပါတယ်။ အဲ့ဒီအခါမှာ တိမ်ဖြစ်ပေါ်လာပါတယ်။
မိုးကြိုးဖြစ်တဲ့ ကိစ္စ ဆက်ရရင်ကျ တိမ်ရဲ့အပေါ်ဘက်နားမှာရှိတဲ့ လေအေးပိုထိတဲ့ တစ်ဝိုက်က ရေစက်လေးတွေက ရေခဲမှုန်လေးတွေ၊ ရေခဲတုံးကလေးတွေဖြစ်ပြီး ရေစက်ရေမွှားတွေနဲ့ ရေခဲအစိုင်အခဲလေးတွေ အချင်းချင်းတိုက်မိပြီး မိုးသီးတွေဖြစ်ပေါ်ကြပါတယ်။ တိမ်ရဲ့အလယ်လောက်နားနဲ့ အောက်ဘက်နားက အရွယ်အစားအားဖြင့် သေးငယ်တဲ့ ရေခဲအမှုန်တွေက အပေါ်ကို တက်တဲ့အခါ ခုနက မိုးသီးလုံးတွေနဲ့ တိုက်မိပြီး ရေခဲမှုန်ထဲက လျှပ်စစ်အမဓာတ်တေွနဲ့ မိုးသီးထဲက အဖိုဓာတ်ဆွဲငင်ရင်း မိုးသီးတွေဆီကို အမဓာတ်တွေ ပါသွားကြတယ်။ တစ်ခါ အပေါ်ဘက်မှာဖြစ်တည်ခဲ့တဲ့ ခပ်ကြီးကြီးဆိုဒ်မိုးသီးတွေ၊ ရေခဲတွေက အလေးချိန်ကြောင့် အောက်ကို တိမ်အောက်ဘက်ကို ဆင်းတဲ့အခါ ခုနက တက်လာတဲ့ ရေခဲမှုန်ကလေးတွေနဲ့ တိုက်မိရင်း ရေခဲမှုန်တွေဆီက လျှပ်ဓာတ်ဆောင်အမကလေးတေွ ပါသွားပြန်ပါတယ်။ တိမ်အောက်ဘက်နားရောက်နေတဲ့ မိုးသီးတွေကိုလည်း အပေါ်ဆက်တက်မယ့် ရေခဲမှုန်တွေက ဝင်ဝင်တိုက်မိရင်း အောက်ဘက်က ခပ်လေးလေး မိုးသီးတွေဆီမှာ အမဓာတ်နဲ့၊ အပေါ်ဘက်က ခပ်ပေါ့ပေါ့ရေခဲမှုန်တွေ၊ ရေစက်ကလေးတွေဆီမှာ အဖိုဓာတ်တွေကျန်ပြီး အဖိုအုပ်စုက အပေါ်ဘက်၊ အမအုပ်စုက အောက်ဘက် အသီးသီးစုနေကြပါတယ်။ အဲ့ဒီအချိန် တိမ်ထဲကို လေတိုက်တဲ့အခါ တိမ်အောက်ဘက်က အမတွေနဲ့ အဖိုတွေ စုစည်းနေရာကနေ လွင့်စင်ကုန်ပြီး လျှပ်စစ်သံလိုက်ရဲ့ အခြေခံနိယာမအရ နီးနီးကပ်ကပ်ဖြစ်သွားတဲ့ တချို့ ဆွဲငင်မိတဲ့အခါ တိမ်အတွင်းမှာတင် လျှပ်စစ်စီးဆင်းမှုတွေဖြစ်ပေါ်ပြီး လျှပ်စီးတွေဖြစ်ပေါ်ကုန်ပါတယ်။ အဲ့ဒီလိုကနေ Thunderstorm လို့ခေါ်တဲ့ လျှပ်စီးမုန်တိုင်းတွေဖြစ်ပေါ်တာပါ။ တိမ်အတွင်းက ရေခဲမှုန်တွေအချင်းချင်း ထိတွေ့ပွတ်တိုက်မှုများလေ လျှပ်စီးဖြစ်ပေါ်မှု များလေပါပဲ။ ဆိုတော့ ဒီဟာက တိမ်တွင်းမှာဖြစ်တဲ့ မိုးကြိုးပါ၊ မြေပြင်ပေါ်ကို ပစ်တဲ့ မိုးကြိုးဖြစ်ပေါ်ပုံကကျ ခုနက တိမ်တိုက်ရဲ့ အောက်ဘက်မှာ စုစည်းနေတဲ့ မဓာတ်ဆောင် particle တွေက ပမာဏအားဖြင့် များလာတဲ့အခါ မြေကြီးပေါ်မှာရှိတဲ့ အမြင့်ဆုံးအရာဝတ္ထုထဲမှာရှိတဲ့၊ အရာဝတ္ထုမဟုတ်လည်း ရိုးရိုးမြေကြီးရဲ့ အမဓာတ်တွေကို တွန်းကန်ပြီး အဖိုတွေကို ဆွဲငင်ပါတယ်။ အဲ့ဒီလိုနဲ့ မြေကြီးပေါ်က အရာဝတ္ထုတွေက လျှပ်စစ်ဖိုဓာတ်ဆောင်လာပါတယ်။ တိမ်တိုက်ထဲက လျှပ်စစ်မဓာတ်ဆောင် particle တွေဟာ အောက်ဘက်ကို ဆင်းလာပြီး အောက်ဘက်က အရာဝတ္ထုတွေဆီက လျှပ်စစ်ဖိုဓာတ်ဆောင်တွေက အပေါ်ကို တက်ပါတယ်၊ အဲ့ဒီလျှပ်စစ်ဓာတ်ဆောင်တွေအချင်းချင်း ထိတွေ့မိတဲ့အခါ လျှပ်စစ်စီးဆင်းမှုဖြစ်ပြီး လျှပ်စီးတွေဖြစ်ပေါ်စေပါတယ်။ အဲ့ဒီဖြစ်စဉ်က ထွက်လာတဲ့ လျှပ်စစ်ကို ကျွန်တော်တို့အနေနဲ့ အလင်းတန်းအဖြစ်မြင်ရပြီး အဲ့ဒီအလင်းတန်းစုစည်းမှုက ထွက်ပေါ်လာတဲ့ shockwave ကြောင့်ထွက်လာတဲ့အသံကို မိုးခြိမ်းတယ်၊ လျှပ်စစ်ထိတွေ့စီးဆင်းမှုကိုတော့ မိုးကြိုးပစ်တယ်လို့ ခေါ်ကြပါတယ်။
လျှပ်စီးအကြောင်းရှင်းတာလည်း နည်းနည်းများပြီဆိုတော့ ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေအသုံးပြုတာကနေ မိုးကြိုးအပစ်မခံရနိုင်တဲ့ ကိစ္စဘက်ကို တစ်ချက်လှည့်ကြပါမယ်။
လျှပ်စီးဖြစ်ပေါ်မှု/တစ်နည်းမိုးကြိုးတွေ ဖြစ်ပေါ်စေဖို့ ဆွဲဆောင်နိုင်တဲ့အရာတွေက များသောအားဖြင့် မြေကြီးပေါ်က အခြားအရာတွေထက် ထူးပြီးမြင့်နေတဲ့ အရာဝတ္ထုတွေ၊ အဆောက်အဦးတွေဖြစ်ကြပါတယ်။ လျှပ်စီးတွေဟာ သူတို့စီးကူးမယ့်အရာကို သတ်မှတ်တဲ့အခါ လျှပ်စစ်စီးကူးနိုင်စွမ်းမြင့်မားတဲ့ အရာတွေနဲ့ အရင်ဆုံးစီးကူးနိုင်မယ့် နေရာတွေကိုပဲ အဓိကရွေးချယ်လေ့ရှိပါတယ်။ အဲ့ဒီအခါမှာ မြေပြင်ပေါ်ကနေပြီး အမြင့်ကိုထိုးထွက်နေတဲ့ သစ်ပင်တွေ၊ အဆောက်အဦးအမြင့်တွေနဲ့ မိုးကြိုးလွှဲတွေလို လျှပ်စစ်စီးကူးမှု အားကောင်းတာ၊ လျှပ်စစ်အမြန်စီးကူးနိုင်မယ့် နေရာမှာရှိနေတာတွေကိုပဲ မိုးကြိုးထိလေ့ရှိပါတယ်။ သဘောက ကွင်းပြင်ထီးထီးကြီးပဲ ရှိရင်တော့ မြေကြီးကို မိုးကြိုးပစ်မှာဖြစ်ပြီး အဲ့ဒီကွင်းပြင်ထဲ လူရပ်နေရင်တော့ လျှပ်စစ်စီးကူးနိုင်မယ့် ပထမဦးစားပေးက လူဖြစ်ပါလိမ့်မယ်၊ အဲ့ဒီနား သစ်ပင်ရှိရင်တော့ လျှပ်စစ်စီးကူးနိုင်မှု ပိုမြန်မယ့် သစ်ပင်က ပစ်မှတ်ဖြစ်ပြီး သစ်ပင်နားမှာ အဲ့ဒီထပ်ပိုရှည်တဲ့ တိုက်ရှိရင်တော့ တိုက်က ပစ်မှတ်ပါ။
လူတော်တော်များများ ထင်ကြတာက မိုဘိုင်းဖုန်းတွေ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေဟာ သတ္ထုတွေနဲ့ ပြုလုပ်ထားတာဖြစ်လို့ လျှပ်စစ်စီးကူးနိုင်တယ်၊ ဒါကြောင့် မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတာပါ။ မိုဘိုင်းဖုန်းတွေ၊ ရေဒီယိုတွေ၊ တယ်လီဗေးရှင်းတွေနဲ့ အခြားလျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေက သတ္ထုလိုမျိုး လျှပ်စစ်စီးကူးနိုင်စွမ်း (Conductivity) အားကောင်းတဲ့ အရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ဥပမာဆိုရင် ဖုန်းတွေမှာပါဝင်တဲ့ conducting စနစ်က တစ်ပိုင်းလျှပ်ကူးတဲ့ပုံစံနဲ့ transistor တွေကတဆင့် function တွေ အလုပ်လုပ်နိုင်ဖို့အတွက် စွမ်းဆောင်တာဖြစ်ပါတယ်၊ (Transistor အကြောင်းနဲ့ electronic စနစ်တွေ အလုပ်လုပ်တာကို နောက်မှထပ်ရေးပါ့မယ်)။ Micro chip, circuit အများစုနဲ့ အခြားပါဝင်တဲ့ အစိတ်အပိုင်းတော်တော်များများမှာ ကြေးနီနဲ့ အလူမီနီယံလိုမျိုး လျှပ်စစ်စီးကူးမှုကို ထောက်ပံ့တဲ့ သတ္ထုတွေပါဝင်ပါတယ် ဒါကြောင့် အီလက်ထရောနစ်ပစ္စည်းတွေ လျှပ်စစ်စီးကူးနိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီအီလက်ထရောနစ်ပစ္စည်းတွေမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်စီးဆင်းမှုမျိုးက အရွယ်အစားအားဖြင့် အင်မတန်သေးငယ်တဲ့ micro chip တွေအတွင်းမှာ ဖြစ်ပေါ်နေတာမလို့ မိုးပေါ်က လျှပ်စီးကြောင်းတွေ လျှပ်ဓာတ်ဆောင်စီးဆင်းနိုင်မယ့် လမ်းကြောင်းကို အဆိုပါ လျှပ်စစ်စီးကူးနိုင်မှု အသေးအမွှားလေးဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်ပေါ်စေနိုင်/ မစီးဆင်းစေနိုင်/ မဆွဲဆောင်နိုင်ပါဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်မှာလည်း ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေထက် လျှပ်စီးကောင်းတဲ့အရာတွေ များတာမလို့ အကယ်၍ မိုးကြိုးပစ်ခဲ့မယ်ဆိုရင်တောင် ပတ်ပတ်လည်အနီးနားမှာ အများကြီးရှိနေတဲ့ လျှပ်စီးဆွဲဆောင် အရာဝတ္ထုတွေကိုပဲ အရင်စီးကူးမှာဖြစ်ပါတယ်။
NOAA က မိုးကြိုးကျွမ်းကျင်ပညာရှင် John Jensenius ပြောတာအရ "မိုးရွာနေတဲ့၊ လျှပ်စီးလက်နေတဲ့အချိန် ခင်ဗျားတစ်ယောက်တည်း ကွင်းပြင်ထဲမှာ ထီးထီးကြီး ဖုန်းထိုင်သုံးနေရင်တောင် အဲ့ဒီ မိုးကြိုးဟာ ဖုန်းထက် ပိုကြီးမားတဲ့ပြစ်မှတ်ဖြစ်တဲ့ ခင်ဗျားကို အရင်ပစ်မယ့်အခြေအနေက ပိုများပါတယ်။ ပြီးမှသာ ဖုန်းကို လာချင်လာမှာပါ။ အဲ့ဒီဖုန်းဟာလည်း မိုးကြိုးပစ်တာခံရနိုင်ဖို့ အခွင့်အရေးများပေမယ့် သာမန် ရိုးရိုးတန်းတန်း အိမ်ထဲမှာ ဒီတိုင်းသုံးတာကတော့ ဘယ်လိုပြဿနာမှမရှိနိုင်သလို ဒီတိုင်းထားထားတဲ့ သတ္ထုတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေကို မိုးကြိုးပစ်ခံရဖို့ဆိုတာလည်း ဘယ်လိုအကြောင်းအရင်းနဲ့မှ မဖြစ်နိုင်ပါဘူး" လို့ ဆိုပါတယ်။
အိမ်တွေ၊ တိုက်တွေမှာတပ်ဆင်ထားတဲ့ မိုးကြိုးလွှဲတွေဆိုရင် ကြေးနီနဲ့ပြုလုပ်ထားတာဖြစ်လို့ Conductivity (လျှပ်စစ်စီးကူးနိုင်မှုသတ္တိ) မြင့်မားပါတယ်။ မိုးကြိုးက အီလက်ထရွန်လွတ်လွတ်လပ်လပ်စီးဆင်းနိုင်ပြီး လျှပ်စစ်စီးကူးနိုင်မှု သတ္တိများတဲ့ အရာတွေကိုပဲ ပစ်မှတ်ထားတာဖြစ်တဲ့အပြင် သာမန်ထက် အမြင့်မှာရှိနေတဲ့အရာတွေကိုပဲ ဦးတည်တာဖြစ်လို့ မိုးကြိုးလွှဲတွေဟာ မိုးကြိုးရဲ့ အကောင်းဆုံး ပစ်မှတ်ဖြစ်ပါတယ်။ ဒါပေမဲ့ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ micro chip တွေ၊ circuit လေးတွေအတွင်းမှာရှိတဲ့ မီလီမီတာထက်သေးတဲ့အရွယ်သာရှိတဲ့ သတ္ထုတွေမှာတော့ မိုးကြိုးပစ်ခံရနိုင်မှု/လျှပ်စီးကြောင်းစီးကူးနိုင်မှုဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မိုးကြိုးနဲ့ ပတ်သက်ပြီး အသိသတိတော့ ထားရှိဖို့ လိုအပ်ပါတယ်။ မိုးရွာချိန်/ လျှပ်စီးလက်ချိန်မှာ ဒီအတိုင်းသုံးတာမျိုးက အထွေအထူးကိစ္စမရှိပေမယ့် ဖုန်းကိုပလပ်တပ်သုံးတာမျိုး၊ Laptop ဆိုရင်လည်း power cable ချိတ်ထားတာမျိုး၊ တီဗီဆိုရင်လည်း စလောင်း၊ အင်တာနာနဲ့ receiver ကတဆင့် တပ်ဆင်ပြီး ကြည့်နေမယ်ဆိုရင်တော့ အိမ်မီးကြိုးတွေ၊ ပြင်ပကချိတ်ဆက်ထားတဲ့ ကေဘယ်တွေကနေတဆင့် လျှပ်စီးဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက မီးတပ်ဆင်မှုစနစ်အားနည်းတဲ့ အိမ်တချို့မှာတောင် အင်မတန်ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မြန်မာနိုင်ငံမှာက မိုးရွာဖို့အရိပ်အယောင်ပြတိုင်း၊ မိုးရွာတဲ့အခါတိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကနေပြီး လျှပ်စစ်မီးကို အလိုအလျောက် အချိန်ကိုက်ဖြတ်ပေးတာဖြစ်လို့ မိုးရွာရင်း လျှပ်စစ်အသုံးအဆောင်ပစ္စည်းသုံးလို့ အိမ်မီးထဲ လျှပ်စီးဝင်လာမယ့်ကိစ္စကို လုံးဝစိတ်ပူစရာမလိုပါဘူးခင်ဗျာ။ မီးမလာမှာ သေချာတာဖြစ်လို့ ဖုန်းနဲ့ လပ်တော့အပြင် တခြားဘယ်လျှပ်စစ်ပစ္စည်းကိုမှလည်း အထွေအထူးသုံးလို့ရမှာမဟုတ်ပါဘူး။
Reference - National Weather Service, ScienceLine, National Library of Medicine, New York Times
Image - Freepik
Written by - Zwe Thukha Min
Edited by - Fact Hub Editor Team
𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Fact_Check #Misinformation #Can_phones_and_eletronic_devices_attract_lightning #Myth