သဲကန္တာရထဲမှာ ဆယ်ရက်ကျော်ကြာ လမ်းပျောက်ခဲ့ပြီးနောက် ကျင်ငယ်ရည်နဲ့ လင်းနို့သွေးသောက်ကာ အသက်ရှင်ခဲ့ရသူ မာယူရို ပရော့စ်ပါရီ


၁၉၉၄ ခုနှစ်၊ အီတလီ

မာယူရို ပရော့စ်ပါရီလို့ အမည်ရတဲ့ မာရသွန်အပြေးသမားတစ်ယောက်ဟာ ဆာဟာရသဲကန္တာရထဲမှာ အပြေးပြိုင်ပွဲတစ်ခုကို ပြိုင်နေရင်း သဲမုန်တိုင်းမိပြီး လမ်းပျောက်ခဲ့ရတာပါ။ အိမ်ပြန်လမ်းကို ရှာဖို့အတွက် ဆယ်ရက်ကျော်ကြာကာလအတွင်း ၁၈၆ မိုင်ရှိတဲ့ ခရီးအကွာအဝေးကို ခြေကျင်လမ်းလျှောက်ခဲ့တဲ့ မာယူရိုဟာ သဲကန္တာရထဲက ပြင်းထန်တဲ့ အပူရှိန်နဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် သူ့ကိုယ်က ထွက်တဲ့ ကျင်ငယ်ရည်နဲ့ လင်းနို့သွေးတွေကို သောက်သုံးပြီး အသက်ဆက်ရှင်ခဲ့ရပါတယ်။

အီတလီနိုင်ငံ စီစလီမြို့က ရဲဝန်ထမ်းဟောင်း မာယူရိုက အဆိုပါနှစ်မှာ ကန္တာရမာရသွန်အပြေးပြိုင်ပွဲကို ဝင်ပြိုင်တဲ့ လူအယောက်ရှစ်ဆယ်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲဟာ ဆာဟာရသဲကန္တာရကိုဖြတ်ပြီးတော့ ၁၅၅ မိုင် ရှည်လျားတဲ့ ခြောက်ရက်ကြာမာရသွန် အပြေးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာ သဲမုန်တိုင်းတိုက်ခတ်တာကြောင့် မာယူရိုဟာ သူ့ရဲ့ပြိုင်ပွဲဝင်အဖွဲ့တွေနဲ့ လူစုကွဲပြီး ကန္တာရထဲ လမ်းပျောက်ခဲ့ရတာပါ။ မာယူရိုက မုန်တိုင်းအရှိန်ပြယ်တဲ့အချိန်ထိ ရှစ်နာရီကျော်ကြာ သဲသောင်ပို့တွေထဲမှာ သဲတွေနဲ့အတူ ရောယှက်ပြီး ဝပ်စောင့်နေခဲ့တာပြီး မုန်တိုင်းပြီးတဲ့နောက်တစ်နေ့မှာ သူဟာ ကယ်ဆယ်ရေးအဖွဲ့တွေကို တွေ့လိုတွေ့ငြား သဲသောင်ပို့အမြင့်တစ်နေရာပေါ်ကနေ နေရာပေါင်းစုံကို လှမ်းမျှော်ကြည့်ပြီး စောင့်နေခဲ့ပေမယ့် မျက်စိတစ်ဆုံး ကန္တာရကြီးကလွဲလို့ ဘာဆိုဘာမှမရှိခဲ့ပါဘူး။

"မုန်တိုင်းအပြီး လေးနာရီလောက်ဆက်တိုက်ပြေးပြီး ကုန်းအမြင့်ပေါ်က‌နေ လှမ်းရှာကြည့်ခဲ့ပေမယ့် လူနဲ့တူတာဆိုလို့ အရိပ်အယောင်တောင်မတွေ့ခဲ့ရပါဘူး။" မာယူရိုကပြောပါတယ် "အဲ့ဒီအချိန်မှာ ကျွန်တော်တွေးလိုက်တာကတော့ ကျွန်တော်ဒုက္ခအကြီးအကျယ်ရောက်ပြီဆိုတာပါ"။

မာယူရိုကိုရှာဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့ပြီး ရှာခဲ့ပေမယ့်
ကယ်ဆယ်ရေးသမားတွေဟာ သူဘယ်လမ်းကြောင်းကို မှားပြီး ဦးတည်သွားမိနေလဲ ဆိုတာကို မသိခဲ့ကြတဲ့အတွက် ဘယ်လိုမှရှာမတွေ့ခဲ့ကြပါဘူး။ ကယ်ဆယ်ရေးအဖွဲ့က ဟယ်လီကော်ပတာတွေဟာ နှစ်ကြိမ်တိတိ
မာယူရိုရဲ့ ခေါင်းပေါ်မှာ ဖြတ်ပျံခဲ့ကြပြီး နှစ်ကြိမ်စလုံးမှာ သူတို့ကို အောက်ကနေ လက်ရမ်းပြပြီး အော်ခေါ်နေခဲ့တဲ့ မာယူရိုကိုတော့ မတွေ့ခဲ့ကြပါဘူး။ မာယူရိုဟာ သူ့မှာပါတဲ့ အချက်ပြမီးကျည်ကို ပစ်လွှတ်ပြီးတော့ လွယ်အိတ်ကိုပါမီးရှို့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ မြင်နိုင်အောင် ထားထားခဲ့ပေမယ့်လည်း ဘယ်သူမှ မတွေ့ခဲ့ကြပါဘူး။

"လေယာဥ်ပျံတစ်စီး ကျနော့်နားရောက်လာတိုင်း တစ်ခါ အတိုင်းမသိဝမ်းသာရပါတယ်၊ ခက်တာက လေယာဥ်မှူးတွေခမျာ အမြင်အာရုံပိုင်းနည်းနည်းပြဿနာရှိနေတယ်နဲ့ တူပါတယ်ဗျာ၊ ကျွန်တော့်ကို လုံးဝမမြင်ကြတာပါ" လို့ မာယူရိုကပြောပါတယ်။

မာယူရိုက သူ့မှာပါလာတဲ့ ရေကုန်တဲ့အခါ ရေဓာတ်လိုအပ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကထွက်တဲ့ ကျင်ငယ်ရည်ကိုပဲ ပြန်သောက်ခဲ့ရပါတယ်။ လေးရက်မြောက်နေ့မှာ ကန္တာရအလယ်က ရှေးဟောင်းသင်္ချိုင်းဂူတစ်ခုကို တွေ့တဲ့အခါ နေပူဒဏ်ကို အကာအကွယ်ယူဖို့အတွက် အဆောက်အဦးရဲ့ အရိပ်ထဲမှာ နားခဲ့ပြီး တံစက်မြိတ်မှာ တွဲလောင်းခိုနေတဲ့ လင်းနို့တစ်ကောင်ကိုသတ်ပြီး လင်းနို့သွေးကိုသောက်ကာ အသက်ဆက်ရှင်ခဲ့ပါတယ်။

ရက်အတော်အတန်ကြာ ရေဓာတ်ခမ်းခြောက်တဲ့ဒဏ်နဲ့ အစာငတ်မွတ်မှုဒဏ်ကြောင့် မာယူရိုတစ်ယောက် သင်္ချိုင်းဂူနံရံမှာ သူ့မိန်းမအတွက် နှုတ်ဆက်စာတစ်စောင်ရေးပြီး သေဖို့အတွက် စောင့်ဆိုင်းနေရပါပြီ။ နောက်တစ်နေ့မနက် အသက်ရှင်လျက်ဆက်ထလာနိုင်ပြီးတဲ့နောက်မှာ မာယူရိုလည်း ဆုံးဖြတ်ချက်အသစ်၊ အားအင်အသစ်နဲ့ ဆက်လက်ရှင်သန်ပြန်ပါတယ်။ "မာရသွန်ပြိုင်ပွဲက ပြီးပြီဆိုတာကို ကျွန်တော်သဘောပေါက်ပါတယ်၊ ကျွန်တော့်ကို ကယ်ဖို့ ပြိုင်ပွဲက တာဝန်ရှိသူတွေကို အားကိုးလို့မရတော့ပါဘူး" လို့ သူကပြောပါတယ်။ "အသက်ဆက်ရှင်နိုင်ဖို့ ကိုယ်တိုင်ရင်ဆိုင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်" လို့ မာယူရိုက ဆိုပါတယ်။

အဲ့ဒီလိုနဲ့ပဲ ကျောက်ဆောင်တွေက နှင်းစက်တွေကို လျက်ပြီး အင်းဆက်တွေနဲ့ မြွေတွေကို အမဲလိုက်စားသောက်ပြီးတော့ အသက်ဆက်ရှင်နိုင်ဖို့အတွက် ထပ်ရုန်းကန်ခဲ့ပြန်ပါတယ်။ ညအိပ်ချိန်တွေမှာ အနွေးဓာတ်ရဖို့အတွက် သူ့ခန္ဓာကိုယ်ကို သဲတွေထဲ မြှုပ်ပြီး အိပ်ခဲ့ရပါတယ်။ ရှစ်ရက်မြောက်နေ့မှာ ရေချိုဗွက်အိုင်တစ်ခုပါတဲ့ အိုအေစစ်အသေးလေးတစ်ခုကို ရှာတွေ့တာကြောင့် မာယူရိုဟာ ဆက်သွားဖို့ ကျန်သေးတဲ့ ခရီးအတွက် သူ့ကိုယ်သူအားဖြည့်ခဲ့ပါတယ်။

သဲကန္တာရထဲမှာ ဆယ်ရက်ကြာခရီးဆက်ပြီးနောက်ပိုင်း မာယူရိုဟာ တူရက်လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင်လူမျိုးစုတစ်ခုဆီကို ရောက်ရှိသွားခဲ့ပါတယ်။
တူရက်တွေက သူ့ကို အစားအစာတွေနဲ့ ဆိတ်နို့တွေကျွေးမွေးခဲ့ပြီးတော့ လုံခြုံတဲ့ဒေသကို ပို့ဆောင်ပေးခဲ့ပါတယ်။

၁၈၆ မိုင်တိတိခရီးကို ဆယ်ရက်ကြာ ကန္တာရထဲခြေကျင်လမ်းလျှောက်ပြီးတဲ့နောက် မာယူရိုရဲ့ ကိုယ်အလေးချိန်က ၉၇ ပေါင်သာ ကျန်ပါတယ်။
တူရက်လူမျိုးတွေ သူ့ကို တွေ့တဲ့အချိန်မှာ သူဟာ မော်ရိုကိုနိုင်ငံထဲမှာတောင် မဟုတ်တော့ဘဲ အယ်လ်ဂျီးရီးယားနိုင်ငံထဲ ရောက်နေတာပါ။ ရေဓာတ်ခမ်းခြောက်တာ၊ နေလောင်တာနဲ့ အသည်းပျက်စီးတာတွေကြောင့် ဆေးရုံမှာကုသမှုခံယူပြီးတဲ့နောက်မှာ မာယူရိုဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

Image Credit - Recoil Offgrid
References - BBC, Wikipedia

Written by - Zwe Thukha Min
Edited by - Fact Hub Editor Team
𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form