ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိဖြစ်တည်မှုကိုရှာဖွေခြင်း (1)


 “သက်ရှိ”ဆိုတာကို သိပ္ပံဘာသာရပ်မှာ အချက် (၄) ချက်နဲ့ အဓိကထားပြီး သတ်မှတ်ပါတယ်(ထပ်မံဖြည့်စွက်ထားတာတွေလည်း ရှိချင်ရှိမှာပါ)။

- သက်ရှိတိုင်းဟာ ရွေ့လျားလှုပ်ရှားနိုင်ရမယ်။

- သက်ရောက်မှုတွေကို တုံ့ပြန်နိုင်ရမယ်။

- မျိုးပွားနိုင်ရမယ်။

- မိမိတို့ရှင်သန်ရာပတ်ဝန်းကျင်နဲ့ အပြန်အလှန် အမှီသဟဲပြုမှုရှိရမယ်။

အထက်ပါအချက် (၄) ချက်အရ အဆင့်အမြင့်ဆုံး၊ ဒီအင်န်‌အေ(DNA) တည်ဆောက်ပုံအရှုပ်ထွေးဆုံး လူသားမျိုးစိတ်ကနေစပြီး စိမ်းပြာရေညှိလို့ခေါ်တဲ့ ရိုးရှင်းတဲ့ ဆဲလ်တစ်လုံးရှိသတ္တဝါ (Cyanobacteria) ဆိုင်ယာနိုဘက်တီးရီးယားတွေအထိ သက်ရှိဖြစ်ပါတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်နိုင်ပါတယ်။ ကျယ်ပြောတဲ့စကြဝဠာကြီးထဲမှာ သက်ရှိဖြစ်တည်မှုရှာဖွေတယ်ဆိုတာဟာ အပေါ်မှာရှင်းပြခဲ့တဲ့ အချက် (၄) ချက်နဲ့ကိုက်ညီမယ့်အရာကို ဦးတည်ရှာဖွေရတာပါပဲ။ အဲ့ဒီအခါမှာ ဂြိုဟ်သား‌ဆိုတာရှိနိုင်လား၊မရှိနိုင်ဘူးလားဆိုတာထက် သက်ရှိတွေ  ရှိနိုင်သေးလားမရှိတော့ဘူးလား ဆိုတာကသာ သိပ္ပံနည်းလမ်းပိုကျပါတယ်။


နေအဖွဲ့အစည်းအတွင်း လေ့လာမှုတွေ

ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိဖြစ်တည်မှုကို လေ့လာမယ်ဆိုရင်တော့ နေအဖွဲ့အစည်းဟာ လက်ရှိနည်းပညာအရ ကျွန်တော်တို့အတွက် အနီးစပ်ဆုံးနဲ့ ဖြစ်နိုင်ချေအရှိဆုံးပါပဲ။ တယ်လီစကုပ်တွေရဲ့‌ အကန့်အသတ်ရှိ ထောက်လှမ်းနိုင်တဲ့စွမ်းအားတွေ ၊ နေအဖွဲ့အစည်းအပေါ် ကျွန်တော်တို့ရဲ့ ကျယ်ကျယ်ပြန့်ပြန့်နားလည်မှုတွေ ၊ သက်ရှိ‌တွေသာ ဖြစ်တည်နေမယ်ဆိုရင် လူသားမျိုးစိတ်နဲ့ လွယ်ကူစွာဆက်သွယ်နိုင်တာ.. အစရှိတဲ့ အားသာချက်တွေရှိနေတဲ့အတွက် နေအဖွဲ့အစည်းအတွင်းက အာကာသဒြပ်ထည်တွေဟာ ကျွန်တော်တို့အတွက် လေ့လာချင်စရာ ရတနာသိုက်တစ်ခုလို ဖြစ်နေပါတယ်။

ဒီလိုမျိုး သက်ရှိဖြစ်ထွန်းနိုင်ချေရှိတဲ့ အရာတွေထဲမှာ မားစ်လို ကျောက်သားဂြိုဟ်တွေ၊ တိုက်တန်လို ဓါတ်ငွေ့ဘီလူးကြီးတွေရဲ့ ဂြိုဟ်ရံလတွေ၊ ဂြိုဟ်ပဲ့ခါးပတ်ကွင်းထဲက ဂြိုဟ်သိမ်တွေ ဥက္ကာခဲတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေကြပါတယ်။

မာကျူရီဂြိုဟ်နဲ့ ဗီးနပ်စ်ဂြိုဟ်တို့ဟာ နေနဲ့အနီးဆုံးဖြစ်နေတဲ့အတွက် အရမ်းမြင့်တဲ့ အပူချိန်ကိုခံစားရပါတယ်။ အားနည်းတဲ့သံလိုက်စက်ကွင်းကိုပဲ ပိုင်ဆိုင်ထားတဲ့အတွက် နေကလာတဲ့ရေဒီယိုသတ္တိကြွရောင်ခြည်တွေကို ကာကွယ်မပေးနိုင်ပါဘူး (ရေဒီယိုသတ္တိကြွရောင်ခြည်တွေဟာ ဒီအင်န်အေ‌မော်လီကျူးတွေကို ဖြိုခွဲပစ်တဲ့အတွက်ကြောင့် သက်ရှိဖြစ်တည်ဖို့အဆင်မပြေနိုင်ပါဘူး)။

ဗီးနပ်စ်ရဲ့လေထုက ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖျူရစ်အက်ဆစ်တို့နဲ့ အဓိကဖွဲ့စည်းထားပြီးတော့ အရမ်းထူထဲတယ်။ ဒါကြောင့်မလို့ လေထုဖိအားအရမ်းများပြီး ဖန်လုံအိမ်အာနိသင်ကို ကြီးကြီးမားမားထောက်ပံ့‌ပေးနိုင်ပါတယ်။ မာကျူရီဂြိုဟ်ရဲ့လေထုအလွှာပုံစံကျပြန်တော့ အရမ်းပါးလွန်းပြီး လေထုဟာ တဖြည်းဖြည်းဆုံးရှုံးနေတာကိုတောင် တွေ့ရှိရပါတယ်။ နှစ်ခုလုံးမှာ သက်ရှိဖြစ်တည်မှုကို ထောက်ပံ့မယ့် ‌အောက်ဆီဂျင်နဲ့ ရေမော်လီကျူးကို လုံးဝမတွေ့ရပါဘူး။ (သက်ရှိဖြစ်တည်ပြီဆိုတာနဲ့ ရှင်သန်ကြီးထွားဖို့အတွက် စွမ်းအင်ရင်းအမြစ်တစ်ခုခုရှိရပါမယ်၊ အဲ့ဒီစွမ်းအင်အရင်းအမြစ်ဟာ အောက်ဆီဂျင်နဲ့ဆက်စပ်တဲ့ ဓါတုဒြပ်‌ပေါင်းတွေ ဒါမှမဟုတ် တစ်ခြားဓါတုဒြပ်‌ပေါင်းတွေဖြစ်ချင်ဖြစ်မှာပါ)။

ဒီနေရာမှာ အောက်ဆီဂျင်မလိုပဲ အသက်ရှူနိုင်တဲ့ Anaerobic Bacteria လိုသက်ရှိမျိုးစိတ်တွေရော ဖြစ်တည်နိုင်မလားဆိုပြီး နည်းနည်းမေးစရာရှိပါမယ်။ ဒီအတွက် ဥပမာပြရမယ်ဆိုရင် ဖော့စဖင်းမော်လီကျူး (PH3) ကိုထုတ်လုပ်တဲ့ အဏုဇီဝရုပ်‌တွေရှိပါတယ် ။ တချို့သက်ရှိတွေဟာ အောက်ဆီဂျင်မရှိတဲ့ ဒါမှမဟုတ် အောက်ဆီဂျင်အရမ်းနည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ဖော့စဖောရပ်စ်ပါတဲ့ ဒြပ်ပေါင်းတွေကို ‌ဖြိုခွဲပြီး ဖော့စဖင်းအဖြစ် ပြန်ပြီးထုတ်ပေးတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါတွေကို သီးခြားဓာတုဗေဒ ဖြစ်စဉ်တွေကနေတဆင့် ထုတ်လုပ်နိုင်တယ်ဆိုပေမယ့် အောက်ဆီဂျင် မလိုအပ်တဲ့သက်ရှိတွေရဲ့ ဖြစ်တည်မှုလမ်းစ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေနဲ့ကမ္ဘာဟာ အတူတကွ ဖြစ်တည်လာတာမလို့ ကမ္ဘာပေါ်မှာ ဖော့စဖင်းထုတ်လုပ်တဲ့သက်ရှိတွေ တွေ့ရတယ်ဆိုရင်တော့ အဲ့ဒီဂြိုဟ်တွေမှာလည်း တွေ့နိုင်ချေရှိရမှာပါ။  ဒါပေမယ့် ဗီးနပ်စ်ဂြိုဟ်ရော မာကျူရီဂြိုဟ်ရောမှာ ဖော့စဖင်းဒြပ်ပေါင်းကို မတွေ့ရှိရသေးပါဘူး (2020 တုန်းက သုတေသနအဖွဲ့တစ်ခုက ဗီးနပ်စ်လေထုထဲမှာ ဖော့စဖင်းကို‌ တွေ့ရှိရတယ်လို့ ကြေညာဖူးပါတယ်၊၊ ဒါပေမယ့် တခြားဘယ် အာကာသအဖွဲ့အစည်းကမှ ထပ်ပြီး ထောက်လှမ်းမိတာမျိုး မရှိတဲ့အတွက် အတည်ပြုလို့မရ‌သေးပါဘူး)။ ဒါကြောင့်အောက်ဆီဂျင်မလိုတဲ့ အဏုဇီဝရုပ်တွေဟာ အဲ့ဒီဂြိုဟ်မှာ လုံးဝမတွေ့နိုင်တော့ပါဘူး။

အပေါ်မှာ ဖော်ပြထားတဲ့အချက်တွေအရ ဗီးနပ်စ်နဲ့ မာကျူရီတို့ဟာ သက်ရှိဖြစ်တည်ဖို့အတွက် လိုအပ်တဲ့ပတ်ဝန်းကျင်ကို ထောက်ပံ့‌မပေးနိုင်တဲ့အပြင် ဖြစ်တည်နေကြောင်း အထောက်အထားကိုလည်းအခုချိန်အထိ မမြင်‌တွေ့ရတဲ့အတွက် ဒီဂြိုဟ်၂စင်းကို ထည့်စဉ်းစားစရာမလိုအပ်တော့ပါဘူး။

ဓါတ်ငွေ့ဘီလူးတွေဖြစ်တဲ့ ဂျူပီတာနဲ့ စေတန်ဂြိုဟ်မှာတော့ ကျောက်သားမျက်နှာပြင်ဆိုတာမရှိပဲ ဓါတ်ငွေ့သပ်သပ်ချည်းဖွဲ့စည်းထားကြပါတယ်။ ခြေချစရာနေရာတစ်‌နေရာမှ မရှိတဲ့အတွက် ဘယ်လိုသက်ရှိမှ ရှင်သန်နိုင်ဖွယ်မရှိပါဘူး။ နောက်ပြီးတော့ မြင့်မားတဲ့အပူချိန်နဲ့ ပြင်းထန်တဲ့ဖိအားကလည်း နေထိုင်ဖို့သင့်တော်တဲ့အ‌ခြေအနေတစ်ခု မဟုတ်နိုင်ပြန်ပါဘူး။

နောက်ထပ်‌ရေခဲဘီလူးဂြိုဟ်(၂) စင်းဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ်နဲ့ နတ်ပ်ကျွန်းဂြိုဟ်မှာတော့ အပူချိန်အရမ်းနည်းလွန်းပါတယ်။ သုညအောက် အနုတ်၂၂၀ဒီဂရီအထိ အေးခဲနေတဲ့အပူချိန်နဲ့ အရမ်းမြင့်တဲ့ ဓါတ်ငွေ့ဖိအားအောက်မှာ  ကျွန်တော်တို့သိရှိထားသမျှ ဘယ်လိုသက်ရှိမှ မဖြစ်တည်နိုင်ပါဘူး။ နောက်ပြီး နေနဲ့ အရမ်းဝေးကွာလွန်းတဲ့အတွက် နေရောင်ခြည်ရရှိမှုနည်းပါးပြီး ရှင်သန်ဖို့လိုအပ်တဲ့စွမ်းအင်ကို လုံလုံလောက်လောက်မရနိုင်ကြပြန်ပါဘူး။ ဒါကြောင့် ဒီရေခဲဘီလူးဂြိုဟ်၂စင်းကိုလည်း ကျွန်တော်တို့ရဲ့ ထပ်မံလေ့လာမယ့်စာရင်းထဲကနေ ဖယ်ရှားထားလို့ရပါတယ်။

ဒီဆောင်းပါးက အခန်းဆက်ဆောင်းပါးဖြစ်တာကြောင့် ဆောင်းပါးမှာပါဝင်တဲ့ အကြောင်းအရာအချက်အလက်တွေနဲ့ ကိုးကားရင်းမြစ်တွေကို ဆောင်းပါးနောက်ဆုံးအပိုင်းမှာ တစ်စုတစ်စည်းတည်း ထည့်သွင်းဖော်ပြပေးသွားပါမယ်။  Click To Read Part 2


Written by - Julian Htet Aung

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form