ပုံမှားရိုက်ခြင်းခံနေရတဲ့ လျှပ်စစ်ဖခင်ကြီး နှစ်ဦးကြားက ပဋိပက္ခ

 


လျှပ်စစ်ရဲ့ ဖခင်ကြီးနှစ်ပါးလို့ တင်စားခံရတဲ့ သောမတ်စ်အယ်ဗာအက်ဒီဆင်နဲ့ နီကိုလာတက်စ်လာတို့ နှစ်ယောက်ရဲ့ ကြားထဲက ပြဿနာက လူသိများထင်ရှားပါတယ်။ တော်တော်များများဖော်ပြကြတာအရ အယ်ဒီဆင်က တယ်စလာရဲ့ တီထွင်ဖန်တီးမှုတွေကို ခိုးယူတယ်၊ အလွဲသုံးစားလုပ်တယ် စသဖြင့် အထင်လွဲစေနိုင်တဲ့ ပုံမှားရိုက်တဲ့ ကိစ္စတွေ တစ်ဖက်စောင်းနင်းရေးသားတာမျိုး ရှိပါတယ်။ တချို့ဆောင်းပါးတွေမှာ တက်စ်လာဘက်ကို မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ အလေးသာထားတာမို့ သူတို့နှစ်ယောက်နဲ့ ပတ်သက်လို့ အထင်လွဲမှုတွေကို ဒီနေရာမှာ တတ်နိုင်သလောက်ဘက်လိုက်မှုမရှိအောင် ဖော်ပြပါ့မယ်။


ဖြစ်ရပ်မှား - (၁)

တက်စ်လာဟာ စိတ်ကူးယဉ်သမားဖြစ်ပြီး အက်ဒီဆင်ဟာလက်တွေ့သမားဖြစ်ပါတယ်။ တက်စ်လာဟာ နည်းပညာသစ်တွေကိုရှာဖွေဖို့ ပိုမိုအားသာသူဖြစ်ပြီး အက်ဒီဆင်ကတော့ ရှိရင်းစွဲနည်းပညာတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံလိုသူပါ။ ဒီလိုအတွေးအမြင်အယူအဆတွေမတူကြတဲ့အတွက် သူတို့ကြားမှာ အချက်အလက်ခိုးယူမှု‌တွေ မရှိနိုင်ပါဘူး။ အထူးသဖြင့် အက်ဒီဆင်ဟာ တက်စ်လာရဲ့ ပြန်လှန်လျှပ်စီးနည်းပညာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တာပါ။ ဒီအချက်ကိုထောက်ဆ ကြည့်မယ်ဆိုရင် အက်ဒီဆင်လို ဂုဏ်သိက္ခာရှိ တီထွင်သူတစ်ယောက်အနေနဲ့ ခိုးယူတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။


ဖြစ်ရပ်မှား - (၂)

တက်စ်လာနဲ့ အက်ဒီဆင်အကြား အကွဲအပြဲကို ဖြစ်စေခဲ့တဲ့ ဒေါ်လာ ၅ သောင်းတန် ဟာသဇာတ်လမ်းဟာ ပုံပြင်သပ်သပ်သာဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ တချို့ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဂုဏ်သိက္ခာကြီး သတင်းစာတွေအနေနဲ့ တက်စ်လာအကြောင်း‌ရေးသားဖော်ပြရာမှာ ဒီဇာတ်လမ်းကို ထည့်သွင်းထားတာမျိုးမရှိတဲ့အတွက် တကယ်မဖြစ်ပျက်ခဲ့ဖူးဘူးလို့ မှတ်ယူရပါတယ်။ ကိုယ်ပိုင်အမြင်အရ တချို့ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အားကောင်းသူတွေဟာ တက်စ်လာကို ဟီးရိုးအဖြစ်ပုံဖော်ရာမှာ အက်ဒီဆင်ကို ဗီလိန်အဖြစ်ဖော်ပြခြင်း သပ်သပ်ပဲလို့ ယူဆပါတယ်၊ တစ်နည်း တမင်ဇာတ်နာအောင်လုပ်ယူခြင်းပါ။


ဖြစ်ရပ်မှား - (၃)

တက်စ်လာဟာ ပြန်လှန်လျှပ်စီး နည်းပညာ (AC Current) ကို

မတီထွင်ခဲ့သလို ပြန်လှန်လျှပ်စီးထုတ်ပေးနိုင်တဲ့ ဂျင်‌နရေတာစက်ရဲ့ ပထမဆုံးတီထွင်သူလည်းမဟုတ်ပါဘူး။ ပြန်လှန်လျှပ်စီး နည်းပညာဟာ မိုက်ကယ်ဖာရာဒေးရဲ့ လျှပ်စစ်သံလိုက်ညှို့ယူခြင်းရှာဖွေတွေ့ရှိမှုအောက်မှာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အေစီလျပ်စီးထုတ်စက်ကိုလည်း Hippolyte Pixii ဆိုသူက ၁၈၃၂ တည်းက တီထွင်ခဲ့တာပါ။ တက်စ်လာဟာ‌ အေစီဂျင်‌နရေတာရဲ့ပထမဆုံးတီထွင်သူမဟုတ်ပေမဲ့ သုံးစွဲရလွယ်ကူအောင်၊ စွမ်းဆောင်ရည်မြင့်လာအောင်၊ လူထုထဲကျယ်ပြန့်လာအောင် လုပ်ဆောင်ခဲ့တာပါ။


ဖြစ်ရပ်မှား - (၄)

တက်စ်လာဟာ လျှပ်စစ်သံလိုက်ညှို့ယူတဲ့ သဘောတရားကို အခြေခံတဲ့ Induction Coilကို တီထွင်ခဲ့တာမဟုတ်ပါဘူး။ Tesla Coil နဲ့ အလုပ်လုပ်ပုံဆင်တူတဲ့ ဒီလိုI nduction Coilကို တက်စ်လာမမွေးဖွားခင် နှစ် ၂၀ ခန့်အလို ၁၈၃၆ မှာ Nicholas Callen ဆိုသူက တီထွင်ခဲ့တာပါ။


ဖြစ်ရပ်မှား - (၅)

အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူမဟုတ်ဘဲ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်သူပါ။ အက်ဒီဆင်မတိုင်ခင်မီးသီးတွေဟာ လင်းအားနည်းတာ၊ သတ်တမ်းတိုတာ၊ ဈေးနှုန်းကြီးမြင့်တာမျိုး‌တွေကြောင့် လူထုထဲမှာ မကျယ်ပြန့်သေးပါဘူး။ အက်ဒီဆင်ဟာ ဒီလိုအားနည်းချက်တွေကို ဖာထေးပြုပြင်ပြီး လျှပ်စစ်ခေတ်သစ်ကိုထူထောင်ပေးခဲ့တာသပ်သပ်ပါပဲ။


လျှပ်စစ်ဖခင် ၂ ယောက်လုံးဟာ သမိုင်းမှာ ကြီးမြတ်သူတွေဖြစ်ကြပြီး ဘယ်သူက ဟီးရိုး၊ ဘယ်သူက လူဆိုးရယ်လို့မရှိပါဘူး။ ၂ ဦးစလုံးဟာ သူ့နည်းသူ့ဟန်နဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုခဲ့ကြတာဖြစ်ပြီး ဘယ်သူကပိုစွမ်းဆောင်နိုင်တယ်လို့ပြောလို့မရပါဘူး။ ကျွန်တော်တို့အနေနဲ့ အေစီလျှပ်စီးတီထွင်မှုကအရေးကြီးတယ်လို့ဆိုလိုက်ရင် လက်ရှိကိုင်နေတဲ့စမတ်ဖုန်းတွေကိုပစ်ချရမှာပါ။ အဲ့လိုပဲ ဒီစီလျပ်စီးတီထွင်မှုက ပိုအရေးကြီးတယ်လို့ဆိုရင် ကမ္ဘာကြီးဟာအမှောင်ကျနေဆဲဖြစ်မှာပါ၊ တစ်နည်း တက်စ်လာဟာ Electric ရဲ့ဖခင်ဖြစ်ရင် အက်ဒီဆင်ဟာ Electronic ရဲ့ဖခင်ဖြစ်မှာပါ။ တစ်ဖက်စောင်းနင်းဖော်ပြတာမျိုးတွေကို ရပ်တန့်သင့်တယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူတွေရဲ့ အမြင်ကိုလည်း ကောမန့်မှာ ဆွေးနွေးပေးကြပါဦးခင်ဗျာ။


ရင်းမြစ်သိချင်ရင် Britannica မှာ သွားဖတ်နိုင်ပါတယ်။ လွတ်လပ်တဲ့ အချက်အလက်စစ်ဆေးသူ အယ်ဒီတာတွေ ပါဝင်တဲ့အတွက် အဲ့ဒီက တင်ထားတဲ့အကြောင်းအရာတွေက အချက်အလက်စစ်ဆေးထားပြီးသားဖြစ်လို့ အပြည့်အဝယုံကြည်ရနိုင်ပါတယ်။ အောက်ပါလင့်ခ်ကတဆင့် ဖတ်ရှုနိုင်ပါတယ်။ https://www.britannica.com/biography/Nikola-Tesla


Written by - Julian Htet Aung

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form