အချိန်ခရီးသွားခြင်းနောက်ကွယ်က ရူပဗေဒ


အချိန်ခရီးသွားတဲ့အပေါ် ရူပဗေဒရဲ့ သတ်မှတ်ပုံနဲ့ သာမန်လူတွေရဲ့ သတ်မှတ်ပုံနဲ့ မတူညီကြပါဘူး။ သာမန်လူတွေရဲ့သတ်မှတ်ပုံဟာ အတိတ်နဲ့ အနာဂတ်ဆီ ရောက်ရှိတာမျိုးကို အချိန်ခရီးသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက သာမန်လူတွေရဲ့သတ်မှတ်ပုံကို အကျယ်တဝင့်ရှင်းပြလိုပါတယ်။ ယခုဆောင်းပါးထဲမှာတော့ စိတ်ကူးယဉ်ဖြစ်ရပ်တွေလုံးဝမပါဘဲ ရူပ‌ဗေဒရှုထောင့်သက်သက်ကနေသာ ရှင်းပြပေးသွားမှာပါ။

အနာဂတ်

---------------

အနာဂတ်ကို အချိန်ခရီးသွားတာဟာ နှိုင်းရသီအိုရီနည်းအရ ဖြစ်နိုင်ချေရှိပြီး စမ်းသပ်ချက်ပေါင်းများစွာနဲ့ အတည်ပြုထားပါတယ်။ သီအိုရီနည်းအရ အရာဝတ္ထုတစ်ခုက အလင်းအလျင်နီးပါးနဲ့ခရီးနှင်တဲ့အခါ သူ့ရဲ့အချိန်စီးကြောင်းက အခြားအရာဝတ္ထု‌တွေထက်နှေးနေမယ်။ အဲ့ဒီအချိန်မှာ ရပ်နေတဲ့တစ်ခြားအရာဝတ္ထုနဲ့ နှိုင်းယှဉ်လိုက်ရင် အဲ့ဒီအချိန်ခြားနားမှုကို ထင်ထင်ရှားရှားသိနိုင်ပါပြီ။

သီအိုရီနည်းအရ အသက် ၂၅ နှစ်အရွယ်လူတစ်ယောက်ဟာ အလင်းအလျင်နီးပါးနဲ့ ခရီးနှင်တဲ့ ဒုံးပျံတစ်စင်းအပေါ်မှာ လိုက်ပါစီးနင်းမယ်။ ကမ္ဘာပေါ်မှာလည်း သူနဲ့အသက်အရွယ်တူလူတစ်ယောက်က ကျန်ရစ်နေခဲ့မယ်ဆိုပါစို့။ နောက်ထပ် ၅ နှစ်ကြာတဲ့အခါ ဒုံးပျံပေါ်ကလူဟာ ကမ္ဘာဆီကိုပြန်ရောက်မယ်။ တွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်ကလူဟာ အသက် ၃၀ ဖြစ်နေပါမယ်။ ဒါပေမဲ့ ဒုံးပျံပေါ်ကလူကတော့ အသက် ၃၀ မပြည့်နိုင်သေးပါဘူး။ ဒါဟာ နှိုင်းရသီအိုရီရဲ့အချိန်သွေဖယ်ခြင်းပဲဖြစ်ပါတယ်။ ဒုံးပျံပေါ်ကလူဟာ ၅ နှစ်ကြာအချိန်ကို နှေးနှေးကွေးကွေး ဖြတ်သန်းနေတဲ့အတွက် သူ့အတွက် ၅နှစ်မကြာတော့ဘဲ လျော့ပြီးကြာသွားပါတယ်။ (၂ နှစ်တို့၊ ၃ နှစ်တို့ ဘာညာဖြစ်နိုင်ပေမဲ့ မတွက်ပြတော့ပါဘူး။) ကမ္ဘာပေါ်မှာရှိတဲ့လူကတော့ အချိန်စီးကြောင်းပုံမှန်ဖြစ်နေတဲ့အတွက် ၅ နှစ်ကြာအချိန်ကို ပုံမှန်အတိုင်း ၅ နှစ်ကြာဖြတ်သန်းနေပါတယ်။ အဲ့ဒီတော့ တွေးကြည့်မယ်ဆိုရင် ဒုံးပျံပေါ်ကလူသာ အလင်းအလျင်နီးပါးနဲ့ခရီးသွားတယ်ဆိုရင် သူ့ရဲ့အသက် ၃၀ မှရောက်မယ့် အချိန်ကာလကို အဲ့ထက်ငယ်ငယ်နဲ့ ရောက်ရှိသွားပါလိမ့်မယ်။ ဒါဟာ အနာဂါတ်ကိုအချိန်ခရီးသွားခြင်းတစ်မျိုးပဲမဟုတ်လား။ ဒီလိုဖြစ်ရပ်ကိုတော့ အာကာသရောင်ခြည်ထဲက မြူယွန်အမှုန်တွေမှာတွေ့ရသလို အမှုန်အရှိန်မြှင့်စက်တွေမှာလည်း စမ်းသပ်ချက်များစွာနဲ့ အကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီ။ (မြူယွန်ပြဿနာကို နောက်ကျရေးပေးပါဦးမယ်။)

နောက်တစ်ခုကတော့ ဒြပ်ဆွဲစက်ကွင်းရဲ့သက်ရောက်မှုပါ။ အားကောင်းဒြပ်ဆွဲစက်ကွင်းက အချိန်စီးကြောင်းကို သိသိသာသာနှေးစေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လေယာဉ်တွေပေါ်မှာ အနုမြူနာရီတွေသယ်ဆောင်စမ်းသပ်ဖူးကြပါတယ်။ စမ်းသပ်ချက်အရ မြေပြင်ပေါ်မှာ အနုမြူနာရီ တစ်လုံးထားမယ်။ လေယာဉ်ကို ပျံသန်းစေပြီး အနုမြူနာရီရဲ့အချိန်ကို တိုင်းတာကြည့်လိုက်တဲ့အခါ မြေပြင်က အနုမြူနာရီထက် ပိုပြီးမြန်နေတာ တွေ့ခဲ့ရပါတယ်။ သီအိုရီနည်းအရ လေယာဉ်ပျံသန်းရာ အမြင့်မှာရှိတဲ့ ဒြပ်ဆွဲစက်ကွင်းဟာ မြေပြင်က ဒြပ်ဆွဲစက်ကွင်းထက် အားနည်းပါတယ်။ (‌အမြင့်ကို တက်လေ အားနည်းလေပါပဲ။) နှိုင်းအကျိုးသက်ရောက်မှုအရ မြေပြင်ပေါ်က နာရီဟာ လေယာဉ်ပေါ်က နာရီထက် ပိုပြီးနှေးသွားပါတယ်။ ဒါကြောင့် မြေပြင်ပေါ်ကနာရီဟာ လေယာဉ်ပေါ်က နာရီထက် အနာဂတ်ကိုစောရောက်သွားပြီး အချိန်ခရီးသွားမှုကို ပြုလုပ်နိုင်သွားတာပါ။

Interstellar ဇာတ်ကားမှာ ဒီလိုပုံစံတူဖြစ်ရပ်ကို တွေ့နိုင်ပါလိမ့်မယ်။ နေထက် အဆသန်းချီကြီးမားတဲ့ တွင်းနက်တစ်ခုအနားက ဂြိုဟ်တစ်စင်းပေါ်ကို ဇာတ်ကောင်ကူးပါး ရောက်သွားတဲ့အခါ သူ့ရဲ့ အချိန်စီးကြောင်းနှေးသွားပါတယ်။ အဲ့တာကြောင့် ဂြိုဟ်ပေါ်မှာ နာရီပိုင်းပဲ အချိန်ဖြုန်းခဲ့တာတောင် အာကာသယာဉ်ပေါ် ပြန်ရောက်တဲ့အခါ နှစ်နဲ့ချီအချိန်ကုန်ဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် အနာဂါတ်ကိုအချိန်ခရီးသွားချင်တယ်ဆိုရင် တွင်းနက်လို အားကောင်း ဒြပ်ဆွဲစက်ကွင်းတစ်ခုအနားမှာ အချိန်ကုန်ဆုံးနေဖို့လိုအပ်ပါတယ်။

အတိတ်

-------------

အတိတ်ကို ခရီးသွားတာကတော့ ဝိရောဓိတွေအများကြီးရှိပြီး လက်ရှိရူပဗေဒက ခွင့်ပြုထားခြင်းလုံးဝမရှိပါဘူး။ အဲ့ဒီထဲက နာမည်ကြီးဝိရောဓိကတော့ အချိန်စီးကြောင်းနှောင့်ယှက်မှုနဲ့ ပတ်သက်တဲ့ အဘိုးဝိရောဓိပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အတိတ်ကို အချိန်ခရီးသွားနိုင်ပြီး သူ့အဘိုးကိုမမွေးအောင် လုပ်ဆောင်ခဲ့မယ်ဆိုပါစို့။ သူ့အဘိုးမွေးမလာတဲ့အတွက် သူ့အဖေက မွေးမလာနိုင်တော့ဘူး။ သူ့အဖေမွေးမလာတဲ့အတွက် သူလည်း မွေးဖွားမလာနိုင်တော့ဘူး။ သူမွေးဖွားမလာတဲ့အတွက် အချိန်ခရီးသွားစက်ကို မတီထွင်နိုင်တော့ဘူး။ အချိန်ခရီးသွားစက်မထွင်နိုင်တဲ့အတွက် အတိတ်ကိုပြန်ပြီး သူ့အဘိုးမွေးမလာအောင်မလုပ်နိုင်တော့ပါဘူး။ ဒါဆိုရင် သူ့အဘိုးက မွေးလာပြီ၊ သူ့အဘိုးမွေးလာတဲ့အတွက်......စသဖြင့် မပြီးဆုံးနိုင်တဲ့ ဖြစ်ရပ်တွေ ထိပ်တိုက်တွေ့ဆုံကြရပါတယ်။ ဒါကတော့ အချိန်စီးကြောင်းနှောင့်ယှက်မှုနဲ့ ပတ်သက်တဲ့နာမည်ကျော်ဝိရောဓိပါပဲ။

အတိတ်ကို အချိန်ခရီးသွားနိုင်တဲ့အခါ ဒီလို‌ဖြစ်ရပ်‌တွေမလွဲမသေကြုံတွေ့နိုင်တာမလို့ ဒီဝိရောဓိကို ဖြေရှင်းပြနိုင်ဖို့ လိုအပ်ပါတယ်။ (လုပ်ရပ်သေးသေးလေးကတောင် အချိန်စီးကြောင်းကို သက်ရောက်မှုကြီးမားတာမလို့ပါ။) လက်ရှိရူပဗေဒက ဒီဝိရောဓိကို မဖြေရှင်းနိုင်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး အချိန်ခရီးသွားသူရဲ့ လုပ်ရပ်ကြောင့် အချိန်စီးကြောင်း မပြောင်းလဲနိုင်ဘူးဆိုတဲ့ စာတမ်းတစ်စောင်ကို မြင်ဖူး‌ခဲ့ပါသေးတယ်။ အတိတ်ကိုသွားပြီး ဟစ်တလာကိုသတ်နိုင်တယ်ဆိုရင်တောင် ဟစ်တလာမွှေးခဲ့တဲ့ ဒုတိယကမ္ဘာစစ်မီးကို မငြိမ်းသက်နိုင်ဘူးဆိုတာမျိုးပေါ့။ ဒါပေမဲ့ ဒါဟာ အဆိုကြမ်းအဆင့်ပဲရှိသေးပြီး သိပ္ပံနည်းကျသက်သေပြနိုင်တာမျိုးမရှိသေးပါဘူး။

သာမိုဒိုင်းနမစ်ဒုတိယနိယာမအရ လောကထဲကအရာဝတ္ထုတိုင်းဟာ အစီအစဉ်ကျမှုကနေ အစီအစဉ်မကျမှုဆီကို အမြဲဦးတည်နေပါတယ်။ အစီအစဉ်မကျမှုကနေ အစီအစဉ်ကျမှုဆီကိုတော့ ဘယ်တော့မှဦးမတည်နိုင်ပါဘူး။ ကြက်ဥဟာ အချိန်တစ်ခုကြာလာတဲ့အခါ ကွဲသွားမယ်။ သံ‌ချောင်းတွေဟာ အချိန်တစ်ခုကြာတဲ့အခါ ဆွေးမြေ့ပျက်စီးလာမယ်။ ဒါပေမဲ့ ကွဲသွားတဲ့ကြက်ဥဟာ အချိန်တစ်ခုကြာရင်လည်း အကောင်းပကတိပြန်မဖြစ်နိုင်သလို သံချေးတက်၊ ဆွေးမြေ့နေတဲ့သံချောင်းတွေကလည်း အချိန်တစ်ခုကြာရင်တောင် မူရင်းပုံစံအတိုင်းပြန်မရနိုင်ပါဘူး။ ဒီအချက်အရ အချိန်ဟာ အနာဂတ်တစ်ဖက်တည်းကိုပဲ ဦးတည်စီးဆင်းရပြီး အတိတ်ကိုပြန်သွားခွင့် လုံးဝမရှိပါဘူး။

ဒါဆိုရင် နှိုင်းရသီအိုရီအရရော အတိတ်ကိုအချိန်ခရီးသွားနိုင်မလားဆိုတာ မေးစရာရှိလာပါမယ်။ နှိုင်းရသီအိုရီညီမျှခြင်းအရ အလင်းအလျင်ထက်ကျော်လွန်ခရီးသွားတဲ့အခါ အချိန်ဟာ အနုတ်ဆောင်လာပါမယ်။ ဒါဟာ အတိတ်ကာလကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် အလင်းအလျင်ထက် ကျော်လွန်နိုင်မယ်ဆိုရင် အတိတ်ကိုအချိန်ခရီးသွားနိုင်တယ်လို့ ဆိုနိုင်‌ပေမဲ့ သတိပြုစရာက နှိုင်းရသီအိုရီကိုယ်တိုင်မှာ အလင်းအလျင်ထက်ဘယ်အရာမှ မကျော်လွန်နိုင်ဘူးလို့ အတိအကျကန့်သတ်ထားပါတယ်။ ဒီလိုဝိရောဓိဖြစ်စေနိုင်တာမလို့ နှိုင်းရသီအိုရီအရ အချိန်ခရီးသွားဖို့ဆိုတာလည်း မဖြစ်နိုင်‌ပြန်ပါဘူး။ (ရူပဗေဒအသစ်ပေါ်လာမယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။)

စကားမစပ် အတိတ်ကို အချိန်ခရီးသွားတာနဲ့ပတ်သက်ပြီး ဟော့ကင်းက စိတ်ဝင်စားဖွယ်ရာစမ်းသပ်ချက်တစ်ခု လုပ်ခဲ့ဖူးပါသေးတယ်။ သူ့အနေနဲ့ အိမ်နောက်ဘက်ဥယျာဉ်ထဲမှာ ပါတီပွဲတစ်ခုကို လူအနည်းငယ်နဲ့ ကျင်းပလိုက်တယ်။ ကျင်းပပြီး နောက်ရက်အနည်းငယ်ကြာချိန်မှ လူတွေကို ပါတီပွဲတက်ဖို့ ဖိတ်စာပို့တယ်။ သူ့ရဲ့အဆိုအရ အတိတ်ကိုအချိန်ခရီးသွားနိုင်တဲ့လူရှိခဲ့မယ်ဆိုရင် ဖိတ်စာရတဲ့ အနာဂတ်ကလူတစ်‌ယောက်ဟာ လက်ရှိအချိန်သူ့ရဲ့ပါတီပွဲကို တက်ရောက်နိုင်လိမ့်မယ်တဲ့။ (ရက်အနည်းငယ်ကြာဆိုတဲ့အချိန်ဟာ အနာဂတ်ကိုဆိုလိုပါတယ်။ ပါတီပွဲကျင်းပတာကတော့ လက်ရှိအချိန်ဖြစ်ပါတယ်။ ဖိတ်စာကိုရပြီး ပါတီပွဲကိုတက်နိုင်ခဲ့ရင်တော့ အဲ့ဒီအနာဂတ်ကလူဟာ အတိတ်ကို အချိန်ခရီးသွားနိုင်လို့ပါပဲ။)

ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ပါတီပွဲကို ဘယ်သူမှ မတက်ရောက်ခဲ့ကြတဲ့အတွက် အတိတ်ကိုခရီးသွားနိုင်တဲ့လူ ဘယ်သူမှမရှိဘူးလို့သာ ကောက်ချက်ချရပါလိမ့်မယ်။

Written by - Julian Htet Aung 

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form