မြန်မာစာ ဘာကြောင့်သင်


ကျွန်မတို့အားလုံး မူကြိုအရွယ်ကစလို့ အထက်တန်းပြီးတဲ့အထိ၊ အချို့လည်း တက္ကသိုလ်ပြီးတဲ့အထိ မြန်မာစာကို သင်ရိုးမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ကြဖူးမှာပါ။ ဒါဖြင့် ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီဘာသာစကားနဲ့ရင်းနှီးနေသူတွေအဖို့ ဒီဘာသာစကားကြီးကို ဘာကြောင့်အရေးတယူလုပ်သင်နေရသလဲဆိုပြီး မကျေမနပ်ခံစားချက်မျိုး၊ မလိုအပ်ဘူးလို့ထင်ရတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်ကောင်းဖြစ်ခဲ့ကြဖူးပါလိမ့်မယ်။ ယနေ့ခေတ်ချာတိတ်များစကားအရဆိုရင် မြန်မာစာသင်တာဟာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရင် တော်ရောပေါ့ ဆိုတာမျိုး။ ဒါဆိုရင် သာမန် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်တယ်ဆိုတဲ့အခြေအနေတစ်ခုမှာပဲ လေ့လာမှု၊ သင်ယူမှု၊ တန်ဖိုးထားမှု၊ အလေးထားမှုတွေကို ရပ်တန့်ပစ်တော့မှာလား။ ဒီ့ထက်ပိုပြီး ခြေလှမ်း တစ်ဆင့်တက်ဖို့၊ နှစ်ဆင့်တက်ဖို့၊ သုံးလေးငါးဆင့်တက်ဖို့ အစီအစဉ်ရော မရှိတော့ဘူးလား။

ဒါဖြင့်ရင် ချာတိတ်လေးတွေစကားအရ သာမန် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရုံနဲ့ တကယ်ပဲလုံလောက်ပြီလားဆိုတာကို အခုဆက်လက်ဖော်ပြပေးသွားပါမယ်။

၁။ စာဖတ်တတ်တဲ့ စွမ်းရည်

အရိုးရှင်းဆုံးနည်းကနေ စတွေးကြည့်ကြမယ်ဆိုရင် အမေ့ဗိုက်ထဲကနေထွက်လို့ လေးဘက်ထောက်အရွယ်၊ မတ်တပ်အရွယ်၊ လမ်းလျှောက်တတ်စအရွယ်၊ စကားပြောတတ်စအရွယ်၊ ထမင်းကိုယ့်ဘာသာ ခူးစားတတ်တဲ့အရွယ်...ဒီလိုမျိုးတစ်ဆင့်ပြီးတစ်ဆင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးကြီးထွားလာတာနဲ့အမျှ အသိဉာဏ်ပိုင်းအရမှာ တွေးခေါ်ပုံ၊ ယူဆပုံနဲ့ စိတ်အာရုံခံစားပုံတွေဟာလည်း တဖြည်းဖြည်း သိသိသာသာရော၊ မသိမသာရော တိုးတက်ပြောင်းလဲလာကြပါတယ်။ မွေးကင်းစအရွယ်ကစလို့ သေဆုံးချိန်တိုင်သည်အထိ နေ့စဉ်လူနေမှုဘဝမှာ စာဖတ်ခြင်းတို့၊ စာလုံးတန်း‌တွေတို့နဲ့ မကင်းနိုင်ပါဘူး။ တိုးတက်ပြောင်းလဲလာတဲ့အသိဉာဏ်နဲ့အမျှ ဟိုးကလေးဘဝကနေ အခုအချိန်ထိ ဖတ်လာတဲ့စာအမျိုးအစားတွေလည်း မတူကြတော့သလို စာဖတ်ရတဲ့အကြောင်းအရင်းတွေလည်း ကွဲပြားလာတာကို သတိထားမိကြမှာပါ။ ဥပမာ - ငယ်စဉ်က ကာတွန်းကားတစ်ကားကြည့်ရင် စာတန်းထိုးတဲ့မြန်မာစာသားတွေကို မီအောင်လိုက်ဖတ်ရင်း မမီဘဲ ဝစ်ဝက်တစ်ပျက်နဲ့ကျော်သွားတာကြောင့်မလို့ မကျေမနပ်ဖြစ်ခဲ့ရတဲ့အခြေအနေတစ်ခု၊ အရွယ်တစ်ခုကနေ ရုပ်သံကိုရော၊ မြန်မာစာတန်းထိုးကိုပါ တွဲပြီး လျှောလျှောလျှူလျှူကြည့်လာနိုင်တဲ့အပြင် ဇာတ်ကောင်တွေရဲ့ သက်ဝင်လှုပ်ရှားမှုတွေအလိုက် ကိုယ့်ရဲ့ခံစားချက်တွေကိုပါ အသက်ဝင်လာတတ်တဲ့အခြေအနေတစ်ခု၊ အရွယ်တစ်ခုအထိရောက်လာနိုင်တာမျိုး။ ပြီးတော့ ကာတွန်းစာအုပ်တွေချည်းပဲ ဟာသ၊ အပျင်းပြေသဘောနဲ့ဖတ်ခဲ့ရာကနေ သုတ၊ ရသစုံစုံလင်လင်ကို ခံစားချက်တွေနှစ်မြှုပ်၊ စဉ်းစားချင့်ချိန် ဝေဖန်ပိုင်းဖြတ်ပြီး အဆီအနှစ်တွေကိုပဲ ယူဖတ်တတ်တဲ့အချိန်ကာလတစ်ခုအထိ တိုးတက်ပြောင်းလဲလာတာမျိုး။ ကလေးဘဝက လမ်းသွားရင်း ဆိုင်းဘုတ်တစ်ခုပေါ်က မြန်မာစာလုံးပေါင်းတွေကို စိတ်ထဲကခပ်မြန်မြန်ပေါင်းပြီး အမီလိုက်ဖတ်ခဲ့ရာကနေ အမှတ်မထင်ဖြတ်သွားဖြတ်လာ ပိုစတာတစ်ခုပေါ်က စာတန်းကို လျှပ်တစ်ပြက်အတွင်း အဓိပ္ပာယ်ပေါက်လာနိုင်တဲ့အထိ ပိုင်နိုင်လာတာမျိုး။ ဒါတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ကျွန်မတို့နဲ့မကင်းနိုင်တဲ့ စာဖတ်ခြင်းတွေကနေ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတာတွေပါပဲ။ တစ်နည်းအားဖြင့် မိမိတို့အသုံးပြုနေကြတဲ့ မြန်မာဘာသာစကားရဲ့ စာဖတ်စွမ်းရည်မြင့်တက်လာရခြင်းအကြောင်းရင်းမျိုးပါပဲ။ စာလုံးတွေနဲ့ မကင်းနိုင်ကြသူတွေဖြစ်တာကြောင့် နေ့စဉ်စာဖတ်ခြင်း အသေးစားလုပ်စဉ်တွေကို လုပ်ကြရပါတယ်။ အဲ့ဒီကတစ်ဆင့် စာဖတ်နိုင်မှု ပိုများလာလေလေ၊ စာတန်းတွေကို စာလုံးပေါင်းပြီး ဖတ်တတ်လာမှု ပိုအချိန်ကြာလာလေလေ ပတ်ဝန်းကျင်နဲ့ အချိတ်အဆက် ပိုလုပ်လာနိုင်ကြပြီး ဆိုလိုတဲ့အဓိပ္ပာယ်တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ ပြီးမြောက်အောင် နားလည်သဘောပေါက်လွယ်နိုင်ခြင်းဆိုတဲ့ စွမ်းရည်တစ်ခု မြင့်တက်လာခြင်းပဲဖြစ်ပါတယ်။ အဲ့တာကြောင့် သာမန်ကာလျှံကာ ဖတ်တတ်ရုံမျိုးနဲ့ စနစ်ကျနမှုမရှိရင်‌တော့ ဒီစွမ်းရည်မြင့်တက်လာဖို့အတွက် အထောက်အကူမဖြစ်နိုင်ပါဘူး။

၂။ စာရေးတတ်တဲ့ စွမ်းရည်

ဆိုတော့ မြန်မာဘာသာစကားနဲ့ ရေးသားထားတဲ့ စာလုံးတွေ၊ စာတန်းတွေကို ဆိုလိုချင်တဲ့အဓိပ္ပာယ်တစ်ခုထိ ပေါက်ရောက်အောင် ဖတ်နိုင်ဖို့ဆိုတာ စာဖတ်သူတစ်ဦးတည်းအပေါ်မှာပဲ မူတည်မနေပါဘူး။ အဓိပ္ပာယ်ကို ရေးသားထားတဲ့ စာရေးသူနဲ့လည်း သက်ဆိုင်ပါသေးတယ်။ စာရေးသူဟာ တစ်ဖက်က စာဖတ်သူအပေါ် သူပြောချင်တဲ့ အဓိပ္ပာယ်ကို မြင်သာစေနိုင်မယ့် အရေးအသားမျိုးရှိရပါမယ်။ ဒါမှသာ တစ်ဦးနဲ့တစ်ဦးကြား တစ်‌ယောက်က အဓိပ္ပာယ်ကို ထုတ်ဖော်နိုင်ပြီး နောက်တစ်ယောက်က အဲ့ဒီအဓိပ္ပာယ်ကို သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုတစ်ဖက်က သဘောပေါက်နိုင်အောင် ထိမိတဲ့၊ မြင်သာတဲ့အဓိပ္ပာယ်မျိုးအထိ ရောက်သွားမှသာလျှင် Communication (ပေါင်းသင်းဆက်ဆံရေး) ရည်ရွယ်ချက်တစ်ခု ပြီးမြောက်နိုင်မှာပါ။ ကိုယ့်ဘက်က ဆိုလိုချင်တဲ့အဓိပ္ပာယ်တစ်ခုကို သာမန်ပြီးစလွယ်ရေးပြီး ဖော်ဆောင်မယ်ဆိုရင်တော့ ထိမိတဲ့၊ မြင်သာတဲ့၊ နားလည်သဘောပေါက်တဲ့ တုံ့ပြန်မှုမျိုးကို မရနိုင်ဘဲ နားလည်မှုလွဲတာတွေ၊ အဓိပ္ပာယ်မရှင်းတာတွေ၊ နောက်ဆက်တွဲဆက်ရှင်းရမယ့်ကိစ္စတွေအများကြီးပေါ်လာမှာပါပဲ။ အဲ့ဒီလိုတွေဖြစ်လာရင် အကျိုးဆက်အနေနဲ့ အချိန်ကြန့်ကြာမှုတွေပိုဖြစ်လာနိုင်သလို၊ တစ်ဖက်နဲ့တစ်ဖက်ပေါင်းသင်းဆက်ဆံရာမှာလည်း အဖုအထစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို တစ်ဖက်က နားလည်မှုလွဲသွားတဲ့အခါမှာ ကိုယ့်ရဲ့ရည်ရွယ်ချက်တစ်ခုပျက်စီးသွားတယ်လို့တောင် ပြောလို့ရပါ‌သေးတယ်။ အဲ့တာကြောင့် သာမန်ကာလျှံကာ၊ စနစ်တကျမရှိဘဲ ပေါ့ပျက်ပျက်ရေးသားမှုမျိုးတွေဟာ ပေါင်းသင်းဆက်ဆံရေးရည်ရွယ်ချက်တစ်ခုကို မပြီးမြောက်သွားစေပါဘူး။ ကျွန်မတို့လို မြန်မာဘာသာစကားကို အသုံးပြုနေသူတွေအနေနဲ့ဆိုရင် မြန်မာဘာသာစကားနဲ့ ကိုယ်လိုချင်တဲ့အဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်ရာမှာ စနစ်တကျ၊ အလေးအနက်ထားပြီး သဒ္ဒါမှန်မှန်၊ စာလုံးပေါင်းသတ်ပုံမှန်မှန်နဲ့ ဂရုပြုရေးသားကြဖို့ အင်မတန်လိုအပ်ပါတယ်။ စာကြောင်းတည်ဆောက်ပုံ၊ အထားအသိုတစ်လုံးလွဲသွားခြင်းဟာ အဓိပ္ပာယ်ဘယ်လောက်ထိကွဲသွားနိုင်လဲဆိုတာကို နောက်ကျရင် ဥပမာအချို့နဲ့တကွ ဆက်ဖော်ပြပေးသွားပါဦးမယ်။ အလားတူပဲ စာလုံးပေါင်းသတ်ပုံလွဲခြင်း၊ မှားခြင်း၊ အမှုမဲ့အမှတ်မဲ့ ဂရုမပြုခြင်းတွေက အဓိပ္ပာယ်တစ်ခုကိုဖော်ဆောင်တဲ့အခါမှာ ဘယ်လောက်သက်ရောက်မှုရှိကြောင်းကိုလည်း နောင်ကျရင် ဆက်ရေးပေးသွားဖို့ရှိပါမယ်။ ဒါမှသာ စာရေးသူနဲ့စာဖတ်သူကြားထဲက အပွန်းအပဲ့တွေကို ကြိုကာပြီးရာကျသလို အလေးမထားမှု၊ ပေါ့ပျက်မှုတွေရဲ့နောက်ဆက်တွဲဖြစ်တဲ့ နားလည်မှုလွဲခြင်းတွေ၊ အဓိပ္ပာယ်မပေါက်မြောက်ခြင်းတွေကို လျှော့ချဆေးကြောပေးသွားနိုင်မှာပါ။

၃။ မြန်မာဘာသာနဲ့ စကားပြောဆက်သွယ်တတ်တဲ့ စွမ်းရည်။

စနစ်တကျစာရေးခြင်းအမှုပြုပြီးရင် ထိမိဂွိတဲ့ စာဖတ်ခြင်းမျိုးနဲ့ နားလည်သဘောပေါက်လိုက်တဲ့အခါမှာ မြန်မာဘာသာစကားနဲ့ပြောဆိုဆက်သွယ်တဲ့စွမ်းရည်က သိပ်တော့မခဲယဉ်းတော့ဘူးလို့ ယူဆပါတယ်။ ကိုယ့်ဘက်ကသာ စနစ်တကျစာရေးခြင်း၊ အဓိပ္ပာယ်ထိထိမိမိရှိလှတဲ့ စာကြောင်းတည်ဆောက်ခြင်းတွေနဲ့ နေသားတကျဖြစ်လာတဲ့အခါကျရင် ကိုယ့်နှုတ်ကလည်း အလားတူစာသားတွေ၊ စာကြောင်းတွေအတိုင်းပဲ မသိမသာတိုးတက်ပြောင်းလဲလာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုတိုးတက်ပြောင်းလဲလာမှုစွမ်းရည်တစ်ခုကို ရေရှည်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အရေးပါတဲ့၊ အချက်အချာကျတဲ့ ကဏ္ဍတွေမှာလည်း အကျိုးမယုတ်နိုင်သလို လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ပြေပြစ်တဲ့အခြေအနေတစ်ခုအထိ ရောက်လာနိုင်မှာပါ။ ဒါ့အပြင် မိမိရဲ့အသိဉာဏ်သွေးတဲ့အခါမှာလည်း အထောက်အပံ့ကောင်းတွေဖော်ဆောင်လာနိုင်ရုံတင်မကဘဲ တစ်ဖက်သူအပေါ် ကိုယ်တကယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်တစ်ခုကို လေးလေးနက်နက်နဲ့ပို့ချလိုက်နိုင်မှာဖြစ်တာကြောင့် နားထောင်သူအတွက်လည်း နားလည်နိုင်မှုစွမ်းရည်တစ်ခုဆီကိုရောက်အောင် ပိုပြီးတွန်းပို့ပေးနိုင်တဲ့သက်ရောက်အားတစ်ခုဖြစ်ပါတယ်။

မြန်မာဘာသာစကားကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူနေရတဲ့ အခြားအဓိကကျတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိနေပါသေးတယ်။ နောက်ကျရင်တော့ ဆက်ပြီးဖော်ပြပေးသွားဖို့ရှိပါတယ်။ ဘာသာစကားတစ်ခုကို သာမန်ကာလျှံကာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရုံလောက်သာဆိုရင် ဆိုလိုချင်တဲ့အဓိပ္ပာယ်နဲ့ ကိုယ်ထုတ်ဖော်ပြလိုတဲ့ ခံစားချက်လေသံအတိုင်း တစ်ထေရာတည်းမဟုတ်တောင် နီးနီးစပ်စပ်မျိုး ထိထိမိမိ ဘယ်လိုမှဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီလိုဆိုရင်တော့ ကိုယ်စာရေးလိုက်ရတဲ့၊ စာဖတ်လိုက်ရတဲ့၊ စကားပြောလိုက်ရတဲ့ရည်ရွယ်ချက်တစ်ခုဟာလည်း အလဟဿတန်ဖိုးကျရာရောက်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ကိုယ်စီကိုယ်စီလူမှုအဖွဲ့အစည်းတွေမှာ ကိုယ်အသုံးပြုနေတဲ့ဘာသာစကားတစ်ခုကို ပေါင်းကူးတံတားအဖြစ်တည်ဆောက်ရင်း စနစ်ကျတဲ့၊ လေးနက်တဲ့၊ ထိမိတဲ့အဓိပ္ပာယ်တွေကို ဖော်ဆောင်ပြီး ပိုမိုအကျိုးပြုနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Written by - Aww Myat Khin Khin 

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form