လွတ်မြောက်အလျင် အမေးအဖြေ

 


Q: လွတ်မြောက်အလျင်ဆိုတာ ဘာကိုပြောတာလဲဗျ?

A: လွတ်မြောက်အလျင်ဆိုတာက ဂြိုလ်တစ်စင်းရဲ့ ဒြပ်ဆွဲအားကိုအန်တုပြီး အနန္တထိခရီးနှင်နိုင်တဲ့ အရွေ့စွမ်းအင်လုံလောက်မှုပဲ၊ ဒြပ်ဆွဲအားဆိုတာ သိတဲ့အတိုင်း အနန္တအကွာအဝေးအထိသက်ရောက်တယ်၊ ဒါပေမယ့် အဲ့လိုတာဝေးအားတစ်ခုဖြစ်နေတာတောင် ဝတ္ထုကိုသူ့ဆီပြန်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဒြပ်ဆွဲအားကို လွတ်မြောက်လို့ လွတ်မြောက်အလျင်လို့ခေါ်ကြတာ..


Q: နာမည်ကျ အလျင်လို့ခေါ်ပြီး ဘာလို့ စွမ်းအင်လုံလောက်မှုလို့ ပြောထားတာလဲဗျ?

A: ဒါကကျတော့ နားလည်လွယ်အောင်ရှင်းပြလိုက်တာ၊ မြင်ယောင်ကြည့်မယ်ကွာ၊ ဒြပ်ဆွဲအားက ဝတ္ထုကိုဆွဲပြီး သူ့ဆီကိုရွေ့စေမယ်၊ ဒါကို ကိုးတန်းသိပ္ပံအရ အလုပ်ပြီးမြောက်မှုလို့ ငါတို့သတ်မှတ်လို့ရတယ်၊ ဒါပေမယ့် အဲ့ဒီအလုပ်ပြီးမြောက်တယ်ဆိုတာက အနုတ်လက္ခဏာပဲ ထွက်နေလိမ့်မယ်၊ ဘာလို့ဆိုရင် ဒြပ်ဆွဲအားကဘယ်လိုဆွဲဆွဲ သူကဝေးရာကိုပဲသွားတာကိုး၊ ဘယ်လိုပဲအလုပ်ပြီးမြောက်ပါစေ အရွေ့စွမ်းအင်ကိုမယှဥ်နိုင်တော့ အဲ့အလုပ်ကအနုတ်ဖြစ်သွားတာ၊ ပြီးတော့ ဒီသဘောတရားက ဝတ္ထုရွေ့နေတဲ့အမှတ်တိုင်းမှာ ဖြစ်နေတယ်။

စွမ်းအင်လုံလောက်မှုလို့ သုံးနှုန်းရတာ နောက်တစ်ချက်ရှိသေးတယ်၊ ဘာလဲဆိုရင် ဒုံးပျံတွေလွှတ်တင်တဲ့နေရာမှာ နားလည်လွယ်သွားအောင်လို့၊ ကမ္ဘာရဲ့လွတ်မြောက်အလျင်က မြေပြင်ကနေတွက်ချက်ကြည့်ရင် တစ်စက္ကန့်ကို မီတာ ၁ သောင်းကျော်နှုန်းရှိတယ်၊ အဲ့ဒါက တစ်နာရီကို မိုင်၂၅၀၀၀ ရှိပြီး အီကွေတာကို တစ်နာရီခွဲကျော်လောက်နဲ့ တစ်ပတ်ပတ်ပြလို့ရတယ်၊ အဲ့တော့ အသံထက် ၃၃ ဆမြန်တဲ့ အလျင်ကြီးနဲ့ ဘယ် ဒုံးပျံမှ အဲ့လောက်အပေါ်မတက်နိုင်ဘူး၊ ဒါကြောင့်မို့ ဒုံးပျံ ပျံနေစဥ်အတွင်းမှာ ဓါတ်ငွေ့တွေ လောင်ကျွမ်းထုတ်လွှတ်ပြီး အရွေ့စွမ်းအင်တိုးလာအောင်လုပ်ရတယ်၊ ဒုံးပျံလွှတ်တင်တဲ့အချိန်မှာ အလျင်က လွတ်မြောက်ဖို့ မလုံလောက်ပေမဲ့ ပေါင်းထည့်လိုက်တဲ့ အရွေ့စွမ်းအင်ကြောင့်မို့ ကမ္ဘာပတ်လမ်းကိုကျော်ပြီး တစ်ခြားဂြိုလ်တွေထိ ငါတို့လေ့လာနိုင်နေကြတာ၊ အဲ့တော့ အရွေ့စွမ်းအင်လုံလောက်မှုလို့ ဘာလို့သုံးရတာလဲ နားလည်ပြီမလား။


Q: ဟုတ်ပြီဗျ၊ လွတ်မြောက်အလျင်က ဦးတည်ရာမလိုဘူးလို့ ကြားဖူးတယ်၊ အဲ့ဒါရောဟုတ်လားဗျ?

A: ဟုတ်တယ်၊ လွတ်မြောက်အလျင်က ဦးတည်ရာကို ထည့်တွက်စရာလုံးဝမလိုဘူး၊ ဒါကြောင့်လည်း Escape Velocity လို့ခေါ်သလို Escape Speed လို့လည်းခေါ်ကြတာ၊ မင်းအနေနဲ့ ဒုံးပျံကိုဒေါင်လိုက်ကြီး ၉၀ ဒီဂရီလွှတ်နေနေ ရေပြင် ညီသုညဒီဂရီလွှတ်နေနေ အဲ့ဒီအလျင်သာလုံလောက်ရင် အရွေ့စွမ်းအင်လုံလောက်ရင် ဒြပ်ဆွဲအားကိုကျော်လွန်မှာပဲ၊ ဒါပေမဲ့ တစ်ခုသိရမှာက သုညဒီဂရီအောက်ကို လွှတ်လို့မရဘူး၊ ဒါကျတော့ ညီမျှခြင်းနဲ့ရှင်းပြရမှာမို့ ထည့်မပြောတော့ဘူး။

ဒီလိုဦးတည်ရာမလိုတဲ့ အချက်ကြောင့် အာကာသလွှတ်တင်စခန်းအများစုကို အီကွေတာနားမှာ တည်ဆောက်ကြတယ်၊ ကမ္ဘာရဲ့လည်ပတ်အလျင်က အနောက်ကနေ အရှေ့ကို တစ်နာရီမိုင် ၁၆၀၀ ကျော်တယ်လေ၊ အဲ့တော့အနောက်ကနေ အရှေ့အတိုင်း ဒုံးပျံလွှတ်ရင် ကမ္ဘာလည်ပတ်အလျင်ကြောင့် နည်းနည်းလေး အကျိုးရှိတာပေါ့၊ လူသိများတဲ့ ပြင်သစ်ဂူအီယာနာအာကာသစခန်းက အီကွေတာမြောက်ပိုင်း ၅ ဒီဂရီလတ္တီတွဒ်မှာ ရှိတယ်ဆိုတာ အဲ့တာကြောင့်ပဲ။


Q: ဒါဆိုရင်ဝတ္ထုက ဒြပ်ဆွဲအားကနေလွတ်မြောက်ပြီး စကြဝဠာထဲ အနန္တခရီးထိခရီးနှင်ပြီဆိုပါစို့၊ သူ့ရဲ့အလျင်ကရော ဘယ်လောက်ကျန်နေမလဲ?

A: ကျန်တဲ့အလျင်က လုံးဝကို Zero နီးပါးပဲ၊ ဒါဘာကြောင့်လဲဆိုရင် ဝတ္ထုမှာရှိခဲ့တဲ့အရွေ့စွမ်းအင်က ဟိုဒြပ်ဆွဲအားရဲ့အနုတ်အလုပ်ပြီးမြောက်မှုကြောင့် လျော့ကုန်ပြီး မရှိသလောက်နည်းသွားလို့၊ လုံးဝမရှိဘူးမပြောဘူးနော် မရှိသလောက်လို့ပဲပြောတာ၊ အရွေ့စွမ်းအင်သုညနားကပ်တော့ အလျင်လည်းသုညနားကပ်သွားရော၊ ဒါပေမဲ့အပေါ်မှာပြောခဲ့သလို အလျင်နည်းလည်း ဂြိုလ်ဆီဘယ်တော့မှပြန်မလာဘူး၊ အနန္တအကွာအဝေးကိုရောက်တဲ့အခါ ဒြပ်ဆွဲအားလဲ အရမ်းအားနည်းပြီး သုညနားကပ်နေပြီလေ၊ ကျေကျေပေါ့ကွာ.. ပြောချင်တာကကွာ ကမ္ဘာကို စွန့်ခွာလာတဲ့ဝတ္ထုက တစ်နာရီမိုင်၂၅၀၀၀ နဲ့စထွက်လာရင် အနန္တအကွာအဝေးမှာ အလျင်သုညနီးပါးလောက်ဖြစ်နေလိမ့်မယ်၊ ၀.၀၀၀၀၀၁ ဘာညာဖြစ်နေမှာ၊ တစ်နာရီမိုင် ၂၅၀၀၀ ထက်များခဲ့ရင်တော့ ကျန်မဲ့အလျင်က သုညမနီးတော့ဘူးပေါ့။


Q: ဝတ္ထုတစ်ခု အဲ့လိုဒြပ်ဆွဲအားကနေလွတ်မြောက်ဖို့ သူ့ရဲ့ဒြပ်ထုကရော အရေးကြီးလား၊ ကျွန်တော်ပြောချင်တာကဗျာ ဒုံးပျံကြီးလေထဲလွှတ်တင်ရတာက အုတ်ခဲလေးအပေါ်လွှတ်တင်ရတာထက် ပိုခက်နေမလားပဲ?

A: မေးခွန်းက ယုတ္တိကျပါတယ်၊ လွတ်မြောက်အလျင်မှာ ဒြပ်ထုကို ထည့်တွက်စရာမလိုဘူး၊ သူ့ဘာသူဖုန်မှုန့်ဖြစ်နေနေ ငှက်မွှေးဖြစ်နေနေ ဒုံးပျံကြီးဖြစ်နေနေ အဲ့အလျင်ပမာဏရှိရင် ကမ္ဘာဆီကဝေးသွားမှာပဲ၊ ဒီအချက်ကတော့ ဝတ္ထုတိုင်း g ကြောင့် တူညီစွာ ကျဆင်းရတယ်ဆိုတဲ့ သဘောတရားနဲ့ နည်းနည်းဆင်တယ်၊ ငှက်မွှေးရော အုတ်ခဲရော မြေပြင်ကိုပြိုင်တူထိသလို ဒုံးပျံရော ဖုန်မှုန့်ရော အပေါ်ကိုတူတူတက်ကြတာပေါ့ကွာ၊ အောက်ကပုံ (ကောမန့်) က ညီမျှခြင်းပဲကြည့်လေ၊ ဝတ္ထုရဲ့ ဒြပ်ထုကိုထည့်တွက်ထားတာ မပါဘူး။


သာမန်လူတွေနားလည်လွယ်အောင် ရှင်းပြတာသပ်သပ်ပါ။

ဆက်ပြီးတော့ နယူတန်အမြှောက်ကို တစ်ချက်သွားရအောင်၊ အမြှောက်ဆံကို ရေပြင်ညီအတိုင်း အလျင်တစ်ခုနဲ့ပစ်မယ်၊ အဝေးတစ်နေရာရာမှာ အဲ့အမြှောက်ဆံက ကျသွားလိမ့်မယ်၊ အလျင်နည်းနည်းတိုးပြီးထပ်ပစ်မယ်၊ အဲ့ထက်ပိုဝေးတဲ့နေရာကို ပြန်ကျသွားလိမ့်မယ်၊ မကျေနပ်သေးဘူး အလျင်ကိုထပ်တိုးပြီးထပ်ပစ်အုံးမယ်၊ အရင်၂ ကြိမ်ပစ်ခဲ့တဲ့ အကွာအဝေးထက် ပိုဝေးဝေးရောက်မယ်၊ အဲ့တော့အလျင်ကိုတိုးတိုးပြီး ဆက်တိုက်ပစ်မယ်ဆိုရင်ရော ဘယ်လိုဖြစ်လာမလဲ?


Q: သီအိုရီနည်းအရ လုံလောက်တဲ့အလျင်သာရှိပါစေ၊ အမြှောက်ဆံက ကမ္ဘာတစ်ပတ်ပတ်ပြီး မူလပစ်ခဲ့တဲ့ အမြှောက်နေရာကို ပြန်မှန်လိမ့်မယ် (ကိုယ့်ရှူးကိုယ်ပတ်ပေါ့)၊ အမြှောက်ဆံက အမြှောက်ကိုပြန်ထိတဲ့အတွက် စက်ဝိုင်းလမ်းကြောင်းအတိုင်း ရွေ့လျားသွားတယ်ဆိုတာ ကျွန်တော်မပြောလည်းသိကြမှာပါ၊ အဲ့ထက်ပိုများတဲ့အလျင်နဲ့ပစ်မယ်ဆိုရင်ရော?

A: ဒါဆိုရင်တော့ အမြှောက်ဆံက ရေပြင်ညီကနေကျော်လွန်ပြီး ကမ္ဘာပတ်လမ်းထဲထိရောက်သွားလိမ့်မယ်၊ ဒါပေမယ့်ကမ္ဘာ့ ဆွဲအားကို မလွန်ဆန်နိုင်လို့ မူရင်းအမှတ်နေရာ အမြှောက်ဆီပဲ ပြန်ရောက်လာဉီးမယ်၊ လမ်းကြောင်းကို စိတ်နဲ့မှန်းကြည့်ရင် ဘဲဥပုံ ရှည်မျောမျောကြီးဖြစ်နေမယ်၊ အလျင်များလာလေလေ ကမ္ဘာပတ်လမ်း အာကာသထဲ ပိုရောက်လေလေဖြစ်ပြီး သူ့ရဲ့လမ်းကြောင်းက ဘဲဥပုံပိုရှည်လာလေပဲ..


Q: အဲ့တော့ အမြှောက်ဆံလေးက ကမ္ဘာကြီးကို အပြီးတိုင်စွန့်ခွာချင်တယ်ကွာ၊ မူလအမြှောက်ဆီပြန်မမှန်ချင်တော့ဘူး၊ အဲ့ဒါဆို ဘယ်လောက်အလျင်နဲ့ပစ်ရမလဲ?

A: ဒီအလျင်ကိုတော့ လွတ်မြောက်အလျင် (Escape Velocity) လို့ ကျွန်တော်တို့ ခေါ်ကြတယ်၊ တကယ်က အလျင်ထက် အမြန်နှုန်း (Escape Speed) လို့ခေါ်ရမှာ၊ တွက်ချက်မှုတွေအရ ကမ္ဘာရဲ့လွတ်မြောက်အလျင်က တစ်စက္ကန့်ကိုမီတာ ၁၁၂၀၀ ရှိတယ်၊ ဒီတန်ဖိုးက အသံအလျင်ထက် ၃၃ ဆကြီးတောင်များတယ် ဟိုက်ပါဆိုးနစ်ဒုံးကျည်ဆိုတာ နေခဲ့တော့ပဲ၊ ဆိုတော့ အဲ့ဒီတစ်စက္ကန့်ကို မီတာသောင်းချီတဲ့ အလျင်နဲ့ပစ်ရင် ဝတ္ထုဟာကမ္ဘာကိုအပြီးတိုင်စွန့်ခွာမှာပဲ၊ Never Come Back ပေါ့၊ အဲ့ဒီအမြှောက်ဆံရဲ့လမ်းကြောင်းကတော့ ပါရာဘိုလာ မျဥ်းကွေးအတိုင်းဖြစ်နေလိမ့်မယ်။ အဲ့ဒီမီတာ ၁ သောင်း ကျော်အလျင်ထက် အရမ်းများတဲ့ အလျင်နဲ့ ပစ်မယ်ဆိုရင်တော့ ဝတ္ထုဟာ ဟိုက်ပါဘိုလာလမ်းကြောင်းအတိုင်း ရွေ့လိမ့်မယ်။


ရိုးရှင်း‌သောနယူတန်မက္ကင်းနစ်ဖြင့် တွင်းနက်များအပေါ်နားလည်ခြင်း

https://www.facthub-mm.org/2023/04/blog-post_25.html


Image - Freepik


Written by - Julian Htet Aung

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form