နေဆီကအလင်းရောင် တစ်နည်း ဖိုတွန်အမှုန်တွေဟာ နေရဲ့မျက်နှာပြင်ကနေ ကမ္ဘာကိုရောက်ရှိဖို့အတွက် အချိန် ၈ မိနစ်ခန့် ယူရတယ်။ ကျွန်တော်တို့မြင်တွေ့နေရတဲ့နေက အခုတည်ရှိနေတဲ့နေမဟုတ်၊ လွန်ခဲ့တဲ့ (၈) မိနစ်က နေသာဖြစ်တယ်။ ဒါကအလင်းအလျင်ဖြစ်တဲ့ တစ်စက္ကန့်ကို ကီလိုမီတာ၃သိန်းနှုန်းနဲ့ တွက်ချက်ထားတာ။ ဒါပေမယ့် အံ့ဩစရာတစ်ခုကောင်းတာကတော့ ဖိုတွန်တစ်လုံးဟာ နေရဲ့မျက်နှာပြင်ကနေ ကမ္ဘာဆီရောက်ဖို့ ၈မိနစ်ပဲ အချိန်ယူရပေမယ့် နေရဲ့ဝတ်ဆံကနေ မျက်နှာပြင်ဆီကိုရောက်ရှိဖို့တော့ နှစ်သိန်းချီကြာမြင့်တယ်။ ဘာကြောင့်လဲ။?
တော်တော်များများ သိသလိုပါပဲ၊ ဖိုတွန်တွေကို နေရဲ့ဝတ်ဆံထဲမှာ စတင်ထုတ်လုပ်တယ်။ ၁၅ သန်းဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့အပူချိန်နဲ့ ကမ္ဘာ့လေဖိအားထက် အဆဘီလီယံချီများတဲ့ဓါတ်ငွေ့ဖိအားက နေမှာရှိတဲ့ဟိုက်ဒြိုဂျင်တွေ ဟီလီယမ်တွေကို နယူကလိယပေါင်းစပ်တာပြုလုပ်ဖို့ အထောက်အကူပြုတယ်။
ဟိုက်ဒြိုဂျင်အက်တမ်တစ်လုံးဟာ တစ်ခြားဟိုက်ဒြိုဂျင်အက်တမ်တစ်လုံးနဲ့ ဝင်တိုက်ပေါင်းစပ်ပြီး ဒယူတာရီယမ် (ဟိုက်ဒြိုဂျင်အိုင်ဆိုတုပ်တစ်မျိုး) အက်တမ်တစ်လုံး၊ နယူထရီနိုတစ်လုံးနဲ့ ပိုစီထရွန်တစ်လုံးကို ဖြစ်စေတယ်။ အဲ့ဒီဒယူတာရီယမ်အက်တမ်က တစ်ခြားဟိုက်ဒြိုဂျင်အက်တမ်နဲ့ ထပ်တိုက်တဲ့အခါ ဟီလီယမ်-၃ နယူကလီးယပ်စ် (ဟီလီယမ်အိုင်ဆိုတုပ်တစ်မျိုး) နဲ့ ဂမ်မာရောင်ခြည်ကို ထုတ်ပေးတယ်။ ဟီလီယမ်-၃ နယူကလီးယပ်စ် (၂) ခု ဝင်တိုက်တဲ့အခါကျတော့ ဟီလီယမ်ဒြပ်စင်နဲ့ ပရိုတွန် (၂) လုံးကို ထုတ်ပေးတယ်။ ထွက်လာတဲ့ပရိုတွန်တွေက ခုနကပေါင်းစပ်ဓါတ်ပြုတာကို ဆင့်ကဲဖြစ်ပေါ်စေတယ်။
ပရိုတွန်-ပရိုတွန်ဆင့်ကဲပေါင်းစပ်ခြင်း (Proton-Proton Chain) ဆိုတဲ့ ဒီ
နယူကလိယဖြစ်စဉ်က နေရဲ့ စွမ်းအင်ထုတ်လုပ်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။ တစ်ခြား လေးလံတဲ့ အက်တမ်တွေရဲ့ နယူကလိယပေါင်းစပ်ခြင်းလဲ နေမှာဖြစ်နိုင်ပေမယ့် ပရိုတွန်ပေါင်းစပ်ဓါတ်ပြုတာလောက်တော့ အဓိကမဟုတ်ဘူး(နက္ခတ္တဗေဒမှာ ဟီလီယမ်ထက်ကြီးတဲ့ ဒြပ်စင်တိုင်းကို လေးလံတဲ့ဒြပ်စင်လို့ အဓိပ္ပာယ်သတ်မှတ်တယ်)။
ပရိုတွန်ဆင့်ကဲပေါင်းစပ်ခြင်းထဲက ထုတ်ပေးတဲ့ ဂမ်မာရောင်ခြည်ဆိုတာ စွမ်းအင်မြင့်ဖိုတွန်ကိုဆိုလိုတယ်။ ပိုစီထရွန်ကတော့ ကြာကြာမတည်မြဲဘဲ အီလက်ထရွန်နဲ့ မျိုးဖြုတ်ဓါတ်ပြုပြီး ဂမ်မာရောင်ခြည်ကိုပဲ ထပ်ထုတ်လုပ်ပေးတယ်။ နယူထရီနိုကတော့ နေရဲ့ဝတ်ဆံကနေ အာကာသထဲကို အဆီးအတားမရှိ ခရီးနှင်သွားတယ်။
ဝတ်ဆံက ထုတ်လုပ်ပေးတဲ့ အဲ့ဒီဖိုတွန်က ဝတ်ဆံကိုကျော်လွန်ပြီး ဖြာထွက်စွမ်းအင်ကူးပြောင်းအလွှာကို ရောက်ရှိတယ် (နေရဲ့ဝတ်ဆံကစွမ်းအင်ကို တစ်ခြားအလွှာတွေဆီ ဖြာထွက်ရောင်ခြည်နဲ့ကူးပြောင်းပေးလို့ Radiative Zoneလို့ခေါ်ကြတာ)။ ဒီအလွှာကို အလွန်သိပ်သည်းတဲ့ ဓါတ်ငွေ့ပလာစမာပင်လယ်နဲ့ ဖွဲ့စည်းထားတယ်။ ပလာစမာပင်လယ်ဆိုတာ အီလပ်ထရွန်တွေနဲ့ အီလက်ထရွန်ဘက်ပဲ့နေတဲ့ အက်တမ်နယူးကလီးယပ်စ်တွေ တစ်နည်း လျှပ်စစ်ဆောင်အမှုန်တွေကို ဆိုလိုတာ။ ဒီအလွှာကိုရောက်လာတဲ့ ဖိုတွန်လေးက ပလာစမာပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ်ခရီးမသွားနိုင်တော့ဘူး။ အဲ့ဒီအစား လျှပ်စစ်ဆောင်အမှုန်တွေနဲ့ တုံ့ပြန်ပြီး လမ်းကြောင်းကို သွေဖယ်စေတယ်။ ဒါကို ရူပဗေဒနည်းအရ လမ်းကြောင်းဖြန့်ကျက်တယ် တစ်နည်း Scattered လုပ်တယ်လို့ ဆိုကြတယ်။
ဖိုတွန်တွေ လမ်းကြောင်းဖြန့်ကျက်တယ်ဆိုတာ တကယ်တော့ တစ်ခြားလျှပ်စစ်ဆောင်အမှုန်တွေနဲ့ ဝင်တိုက်တာပါပဲ။ ဖိုတွန်တစ်လုံးက ပရိုတွန်တစ်လုံးနဲ့ ဝင်တိုက်တဲ့အခါ သူ့မှာပါဝင်တဲ့ စွမ်းအင်နဲ့အဟုန်ကို ကူးပြောင်းပေးတယ်။
ဒါကြောင့် ဝင်တိုက်ပြီး ပြန်ကန်ထွက်လာတဲ့ ဖိုတွန်က အရင်ကထက် စွမ်းအင်လျော့သွားပြီး ဝင်တိုက်ခံရတဲ့ပရိုတွန်ကတော့ အဲ့ဒီလျော့သွားတဲ့စွမ်းအင်ကိုရရှိတယ် (ကူးပြောင်းတဲ့စွမ်းအင်ပမာဏကတော့ မူရင်းလမ်းကြောင်းကနေ သွေဖယ်တဲ့ထောင့်ပမာဏအပေါ် မူတည်တာပေါ့)။ အဲ့လိုဝင်တိုက်ပြီးတဲ့အခါ ပြောင်းသွားတဲ့လမ်းကြောင်းက ဘေး (၂) ဘက်ကိုဖြစ်ချင်ဖြစ်မယ်
ဒါမှမဟုတ် နေရဲ့ဝတ်ဆံကို ဦးလှည့်သွားတာဖြစ်ချင်ဖြစ်မယ်၊ သေချာတာကတော့ အရင်လိုအဖြောင့်အတိုင်း မဟုတ်နိုင်တော့ဘူး။ ဖိုတွန်လေးက အဲ့ဒီလိုပရိုတွန် အီလက်ထရွန်အမှုန်လေးတွေနဲ့ အချိန်တိုင်းနီးပါး တုံ့ပြန်နေတဲ့အတွက် နေရဲ့မျက်နှာပြင်ဆီခရီးနှင်လာတဲ့ သူ့ရဲ့အလျင်က တစ်စက္ကန့်ကို ၁ စင်တီမီတာလောက်ပဲရှိတော့တာ။
ဒီနေရာမှာ နည်းနည်းမေးစရာရှိတာက ဖိုတွန်ရဲ့ အလျင်က တစ်စက္ကန့်ကို ကီလိုမီတာ (၃) သိန်းမဟုတ်ဘူးလားဆိုတာပဲ။ အဲ့အတွက် အဖြေကတော့ ဖိုတွန်ရဲ့အလျင်က မူရင်းတစ်စက္ကန့်ကို ကီလိုမီတာ (၃) သိန်းပါပဲ။ ဒါပေမယ့် လျှပ်စစ်ဆောင်အမှုန်တွေနဲ့ အချိန်တိုင်း ဝင်တိုက်တုံ့ပြန်နေရတာဖြစ်လို့ ရှေ့ကိုအများကြီးမရွေ့နိုင်တော့ဘဲ တစ်စက္ကန့်ကို တစ်စင်တီမီတာလောက်ပဲ ရွေ့တော့တာ။
ဒီလိုအရွေ့ကို ဖိုတွန်ကျပန်းအရွေ့-Photon Random Walk လို့ ပညာရပ်အသုံးအရခေါ်ပြီး တွက်ချက်မှုတွေအရ ဒီအလွှာကိုအပြီးတိုင်ဖြတ်သန်းဖို့ နှစ်ပေါင်း ၁၇၀၀၀၀ ကြာစေတယ်။
ဒီလိုတရွေ့ရွေ့ခရီးနှင်နေရင်းနဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာ နေရဲ့အပူစီးကူးအလွှာကို ရောက်လာတယ်။ ဒီအလွှာထဲမှာ ပလာစမာပင်လယ်က ဖြာထွက်စွမ်းအင်ကူးပြောင်းအလွှာလို မသိပ်သည်းတော့တဲ့အတွက် လျှပ်စစ်ဆောင်အမှုန်တွေနဲ့ အရင်လို တုံ့ပြန်တာမျိုး ကြီးကြီးမားမားမရှိနိုင်ဝောာ့ဘူး။ ဒါပေမဲ့ တုံ့ပြန်မှုနည်းနည်းပါးပါးရှိနေဆဲဖြစ်ပြီး အလွှာကို အပြီးတိုင်ဖြတ်သန်းဖို့ နှစ်ပေါင်းအနည်းငယ်ကြာမြင့်စေတယ်။
အပူစီးကူးအလွှာကို ကျော်လွန်သွားတဲ့နောက်မှာတော့ မျက်နှာပြင်ကိုရောက်ရှိပြီး ဖိုတွန်အတွက် လွတ်လွတ်လပ်လပ်ခရီးနှင်လို့ရလာတယ်။ အဲ့ဒီအချိန် သူ့မှာအရင်လို မြင့်မားတဲ့စွမ်းအင် မရှိနိုင်တော့ဘူး။ ခရီးနှင်ခဲ့ရတဲ့လမ်းကြောင်းမှာ လျပ်စစ်ဆောင်အမှုန်တွေနဲ့တုံ့ပြန်ပြီး စွမ်းအင်ကိုကူးပြောင်းပေးခဲ့ရတာဖြစ်လို့ အရင်လိုဂမ်မာရောင်ခြည်မဟုတ်တော့ဘူး။ အဲ့အစား စွမ်းအင်နည်း သာမန်မြင်နိုင်တဲ့အလင်းရောင်တစ်ခုဖြစ်လာခဲ့တယ်။
နေရဲ့မျက်နှာပြင်ကနေ ၈မိနစ် ၂၆ စက္ကန့်ကြာခရီးပြီးတဲ့နောက်မှာ အဲ့ဒီဖိုတွန်က ကျွန်တော်တို့လူသားတွေရဲ့ မျက်လုံးမြင်လွှာအပေါ်ကိုရောက်လာတယ်။
ဒီဖိုတွန်ကိုလက်ခံရရှိတဲ့အခါ လျှပ်စစ်အချက်ပြအဖြစ်ပြန်ပြောင်းပြီး ဦးနှောက်ဆီပေးပို့ကာ မြင်တယ်လို့ အာရုံခံစားမှုကိုရစေတယ်။
ဒါကြောင့် ဖိုတွန်တစ်လုံးအတွက် နှစ်သိန်းချီခရီးမှာ သူ့ရဲ့အလျင်က လုံးဝမပြောင်းလဲခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ခရီးလမ်းထဲမှာ လျှပ်စစ်ဆောင်အမှုန်တွေနဲ့ အမြဲတမ်းနီးပါး တုံ့ပြန်နေခဲ့ရတဲ့အတွက် သူ့ရဲ့အချိန်အများစုကို အဲ့ဒီနည်းနဲ့ ကုန်ဆုံးခဲ့ရတာပါ။
Source - Futurism, Astronomy Megazine, NASA, Standford University
Image - Astronomy Megazine
Written by - Julian Htet Aung
Edited by - Fact Hub Editor Team
𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿