ဧပြီ 20 ရှားပါးနေကြတ်ခြင်း

 



ဧပြီ ၂၀ ရက်နေ့တွင် ဆယ်စုနှစ်အကြာမှ တစ်ခါဖြစ်ပေါ်သည့် ရှားပါးနေကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်မည်။

ရောစပ်နေကြတ်ခြင်းဖြစ်စဉ် (Hybrid Solar Eclipse) လို့ခေါ်တဲ့ ရှားပါးနေကြတ်ခြင်းဖြစ်စဉ်တစ်ခုဟာ လာမယ့် ဧပြီလ ၂၀ ရက် ကြာသပတေးနေ့မှာ ဖြစ်ပေါ်ဖို့ရှိတယ်လို့ အာကာသဗေဒဆိုင်ရာကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေနဲ့ကမ္ဘာကြားကို လ ရောက်လာတာနဲ့အတူ အဆိုပါ ရောစပ်နေကြတ်ခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပေါ်မှာဖြစ်ပြီးတော့ အဲ့ဒီရှားပါးဖြစ်စဉ်ကို နောက်ထပ်ဆယ်နှစ်အကြာ ၂၀၃၁ ခုနှစ်မှသာ ပြန်လည် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။


နေကြတ်ချိန်မှာ လရဲ့ဝင်ရိုးပေါ်လည်ပတ်ချိန် ရောက်ရှိနေတဲ့နေရာနဲ့ ကမ္ဘာနဲ့ အကွာအဝေး၊ ကမ္ဘာကမြင်ရတဲ့ ရှု့ထောင့်တွေအပေါ်မူတည်ပြီး Total, partial, annular နဲ့ hybrid ဆိုပြီး နေကြတ်ခြင်းဖြစ်စဉ်တွေကို အမျိုးအစားခွဲနိုင်ပါတယ်။ ဟိုက်ဘရစ် (Hybrid) နေကြတ်ခြင်းဖြစ်စဉ်ခေါ် ရောစပ်နေကြတ်ခြင်းဖြစ်စဉ်ကို Annular-Total eclipse လို့လည်း လူသိများပါတယ်။ Annular eclipse ဆိုတာက နေကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်နေတဲ့အချိန် ကမ္ဘာရဲ့ရှု့ထောင့်ကနေမြင်ရတဲ့ လရဲ့အရွယ်အစားက နေရဲ့အရွယ်အစားထက်သေးနေတဲ့ အခါ လရဲ့အနားသတ်ပတ်လည်မှာ နေအလင်းရောင်ဟပ်နေတာကို မြင်ရတာဖြစ်ပြီး နေမီးကွင်းကြတ်ခြင်း၊ နေအရစ်ကြတ်ခြင်းလို့လည်း ခေါ်ဆိုကြပါတယ်။ Total eclipse ဆိုတာက ကမ္ဘာနဲ့နေကြားကို လရောက်ပြီး နေကြတ်ချိန်မှာ

ကမ္ဘာ့ရှု့ထောင့်ကမြင်ရတဲ့ လအရွယ်အစားက နေအရွယ်အစားနဲ့ တူညီနေတာဖြစ်ပြီး နေအပြည့်ကြတ်တယ်လို့ ခေါ်ကြပါတယ်။ ယခုတစ်ခေါက် ရောစပ်နေကြတ်ခြင်းဖြစ်စဉ်မှာတော့ နေကြတ်ချိန်ရဲ့ အစောပိုင်းကာလမှာ နေအကွင်းကြတ်ခြင်း (Annular) ဖြစ်ပေါ်နေပြီး နေအပြည့်ကြတ်ခြင်း (total) ကိုကူးပြောင်းသွားတာဖြစ်ပါတယ်။ ရောစပ်နေကြတ်တဲ့ဖြစ်စဉ်ဟာ ကြည့်ရှုနေတဲ့ နေရာအပေါ်မူတည်ပြီး ဖြစ်စဉ်အပြည့်အဝ/အစအဆုံးကို မြင်တွေ့ရလေ့မရှိဘဲ စတင်တဲ့အချိန်ကိုမြင်ရတဲ့ နေရာနဲ့ ဖြစ်စဉ်ပြီးဆုံးတဲ့အချိန်မြင်ရတဲ့နေရာ မတူညီပါဘူး။ ကမ္ဘာပေါ်မှာ ရောစပ်နေကြတ်တဲ့ဖြစ်စဉ်ရဲ့ နေအကွင်းကြတ်ခြင်းကနေ နေအပြည့်ကြတ်ခြင်း ကူးပြောင်းသွားတာကို မြင်တွေ့နိုင်တဲ့ တည်နေရာက နှစ်နေရာတည်းရှိပေမယ့်

ကံမကောင်းစွာနဲ့ပဲ အဆိုပါနှစ်နေရာလုံးက သမုဒ္ဒရာတွင်းဒေသတွေဖြစ်နေတာပါ။


အဆိုပါနေကြတ်ခြင်းဖြစ်စဉ်ကို တောင်ပစိဖိတ်ဒေသအများစုမှာ မြင်ရမှာဖြစ်ပြီးတော့ ဩစတေးလျအနောက်ဘက်၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်ပါတယ်။ အဲ့ဒီနိုင်ငံတွေအနေနဲ့ အရှေ့မိုးသောက်စံတော်ချိန် (EDT) ဧပြီ ၁၉ ရက် ည ၉:၃၆၊ ကမ္ဘာ့စံတော်ချိန် (UTC) ဧပြီ ၂၀ ရက် နေ့လယ် ၀၁:၃၄ နဲ့ မြန်မာစံတော်ချိန် ဧပြီ ၂၀ ရက် မနက် ၀၈:၀၄ အချိန်ကစပြီး နေတစ်ပိုင်းကြတ်ခြင်းဖြစ်စဉ်ကို စတင်မြင်တွေ့ရမှာဖြစ်ပါတယ်။ နေအပြည့်ကြတ်ခြင်း ဖြစ်စဉ်ကိုတော့ မြန်မာစံတော်ချိန် မနက် ၁၀:၄၅ အချိန်မှာ စတင်ဖြစ်ပေါ်မှာဖြစ်ပြီး နေ့လယ် ၀၁:၃၀ ပတ်ဝန်းကျင်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အသေးစိတ်အချိန်ဇယားကိုတော့ ကောမန့်မှာ ကြည့်ရှုနိုင်ပါတယ်။ ဒီရှားပါးနေကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်ရမှာတော့မဟုတ်ပါဘူး။


နေကြတ်တဲ့ဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသပေးနေမယ့် YouTube link တွေကို အောက်မှာထည့်သွင်းပေးထားပါတယ်။


https://www.youtube.com/watch?v=ifILl7GeZpE

https://www.youtube.com/watch?v=IWEv1DWel3Y


ရောစပ်နေကြတ်တဲ့ဖြစ်စဉ်ကို တည်နေရာအလိုက် ဘယ်လိုမြင်တွေ့ရမလဲဆိုတာကို ပြသပေးမယ့် မြေပုံ

(နေကြတ်မယ့်လမ်းကြောင်းပြမြေပုံကို ကောမန့်မှာထည့်ပေးထားပါတယ်)


https://theskylive.com/solar-eclipse?id=2023-04-20&cc=MM


Hybrid Eclipse သရုပ်ဖော်ဗီဒီယိုတစ်ခုကိုလည်း ကောမန့်မှာ ကြည့်ရှုနိုင်ပါတယ်။


လကြတ်တဲ့ဖြစ်စဉ်မတိုင်ခင် နှစ်ပတ် ဒါမှမဟုတ် လကြတ်ပြီး နှစ်ပတ်အကြာတိုင်း နေကြတ်တဲ့ဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိပါတယ်။ လကြတ်ခြင်းဟာ လပြည့်ညမှာပဲ ဖြစ်လေ့ရှိသလို နေကြတ်တဲ့ဖြစ်စဉ်တိုင်းဟာလည်း လကွယ်နေ့တွေမှာပဲ ဖြစ်လေ့ရှိတတ်ပါတယ်။ ယခုတစ်ခေါက် ရှားပါးနေကြတ်ဖြစ်စဉ်အပြီး နောက်ထပ် Hybrid Eclipse ဖြစ်စဉ်ဟာ ဆယ်နှစ်အကြာ 2031 ခုနှစ်မှာ တစ်ခါဖြစ်ပွားမှာဖြစ်ပြီး အဆိုပါအကြိမ်ပြီးရင်တော့ နောက်နှစ်ပေါင်း ၁၃၃ နှစ်ကြာ 2164 ခုနှစ်မှသာ ထပ်မံဖြစ်ပွားမှာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။


Written by - Zwe Thukha Min

Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Post a Comment

Previous Post Next Post

Contact Form